About us
စိုက်ပျိုးရေးဦးစီးဌာန
မြန်မာ့လယ်ယာကဏ္ဍတွင် စိုက်ပျိုးရေး၊ သားငါးမွေးမြူရေးနှင့် သစ်တောကဏ္ဍများပါဝင်ပြီး စိုက်ပျိုးရေးကဏ္ဍသည် အမျိုးသားပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဘိုး၌ (၁၅)% ထည့်ဝင်လျက်ရှိပါသည်။ ထို့ကြောင့် လယ်ယာကဏ္ဍသည် မြန်မာနိုင်ငံ၏ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် လယ်ယာကဏ္ဍ အခွင့်အလမ်းကောင်းများကို ဖော်ထုတ်ပေးနိုင်ရန်အတွက် မူဝါဒနှင့်လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် အရည်အသွေးမီ လယ်ယာနှင့်သားငါးထွက်ကုန်များကို ပြည်တွင်း၌သာမက ပြည်ပဈေးကွက်အထိ တင်ပို့နိုင်ပြီး နိုင်ငံ၏ဝင်ငွေကို တိုးတက်စေနိုင်မည် ဖြစ်ပါသည်။
စိုက်ပျိုးရေးဦးစီးဌာနသည် ဝန်ကြီးဌာန၏ လယ်ယာကဏ္ဍမူဝါဒများ၊ မျှော်မှန်းချက်များ ပြည့်မီရန် ရည်ရွယ်ပြီး မျှော်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်၊ မူဝါဒများ၊ လုပ်ငန်းများ၊ လုပ်ငန်းစဉ်များချမှတ်ကာ ဌာနခွဲ (၁၅)ခု၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)နှင့် တိုင်းဒေသကြီး/ပြည်နယ်(၁၄)ခုတို့ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ 
စိုက်ပျိုးရေးဦးစီးဌာန ဖွဲ့စည်းပုံသည် အရာထမ်း(၁၉၅၄)နေရာနှင့်  အမှုထမ်း(၂၂၄၃၃)နေရာ၊စုစုပပေါင်း(၂၄၃၈၇)နေရာတို့ဖြစ်ပါသည်။



မျှော်မှန်းချက် (Vision)
ဘေးအန္တရာယ်ကင်းရှင်းပြီး အဟာရပြည့်ဝ၍ အရည်အသွေးကောင်းမွန်သော ပြည်တွင်း/ ပြည်ပဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိမည့် သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ခြင်းအားဖြင့် စားနပ်ရိက္ခာ ဖူလုံ၍ တောင်သူများဝင်ငွေတိုးတက်ပြီး ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်ရန်

အဓိကလုပ်ငန်းတာဝန်များ (Mission)
စိုက်ပျိုးရေးဦးစီးဌာန၏ မျှော်မှန်းချက်ကို အပြည့်အဝရရှိရန် ဆောင်ရွက်ရမည့် အဓိက လုပ်ငန်းတာဝန်များမှာ-
(က) သီးနှံမျိုးကောင်းမျိုးသန့်များ၊ မျိုးစေ့/ ပျိုးပင်ထုတ်လုပ်ဆောင်ရွက်ရန်
(ခ) စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ပိုမိုလက်ခံကျင့်သုံးလာရေး ဆောင်ရွက်ရန်
(ဂ) စိုက်ပျိုးပညာပေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်သွားရန်
(ဃ) ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိသော သီးနှံများပိုမိုစိုက်ပျိုးလာစေရန်နှင့် ထုတ်လုပ်မှုစွမ်း အား တိုးတက်မြင့်မားလာစေရန်
(င) ရာသီဥတု ပြောင်းလဲလာမှုနှင့်ကိုက်ညီသော စိုက်ပျိုးရေးနည်းစနစ်များဖော်ထုတ်၍ တောင်သူများလိုက်နာကျင့်သုံးလာစေရေး စည်းရုံးဆောင်ရွက်ရန်
(စ) ဘေးအန္တရာယ်ကင်းရှင်းပြီး အဟာရပြည့်ဝသော လယ်ယာထုတ်ကုန်များ စိုက်ပျိုး ထုတ်လုပ်ရန်၊ ဓာတ်မြေဩဇာနှင့် ဓာတုပိုးသတ်ဆေးလျှော့ချ၍ သဘာဝ မြေဩဇာ ပိုမိုသုံးစွဲရေး ဆောင်ရွက်ရန်
(ဆ) သီးနှံအလိုက်ဈေးကွက် သတင်းအချက်အလက်များနှင့် ကုန်သွယ်မှုအခြေအနေများ ကို အချိန်နှင့်တစ်ပြေးညီသိရှိအောင် ဆောင်ရွက်ရန်

ရည်ရွယ်ချက်(Objective)
အရည်အသွေးကောင်းမျိုးစေ့များ၊ သွင်းအားစုများနှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများကိုအသုံးပြုခြင်း၊ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိသော သီးနှံများ တိုးတက်စိုက်ပျိုးခြင်း၊ လယ်ယာကုန်ထုတ်စက်ရုံများကို အားပေးခြင်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းအား တိုးတက်လာစေခြင်းတို့မှ တဆင့် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်တွင် ပါဝင်သူများအားလုံး၏ ထုတ်လုပ်မှုစွမ်းအားနှင့် အကျိုးအမြတ်တိုးတက်လာစေရန်

မူဝါဒများ (Policies)
စိုက်ပျိုးရေးဦးစီးဌာန၏ မျှော်မှန်းချက်ရောက်ရှိရန် ရည်ရွယ်ချက်အတိုင်း လုပ်ငန်းတာဝန် များကို ဆောင်ရွက်ရာတွင် အောက်ပါမူဝါဒများကို ချမှတ်ထားပါသည်-
(က) သီးနှံအလိုက် မျိုးကောင်း၊ မျိုသန့်၊ မျိုးစေ့များ ပြည်တွင်း၌ ပိုမိုထုတ်လုပ်ဖြန့်ဖြူးရေး အတွက် ဌာနမှသာမက မျိုးစေ့ထုတ် တောင်သူအစုအဖွဲ့များ (Seed Grower Groups, SGG) ဖွဲ့စည်းဆောင်ရွက်လာရေး စည်းရုံးဆောင်ရွက်ရန်၊ ပုဂ္ဂလိကကဏ္ဍမှ ပိုမိုရင်းနှီး မြှုပ်နှံလာစေရေး လှုံ့ဆော်စည်းရုံးဆောင်ရွက်ရန်၊ မျိုးစေ့ စံချိန်စံညွှန်း ဉပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စစ်ဆေးခြင်း၊ ကြပ်မတ်ခြင်း၊ စီမံဆောင်ရွက်ခြင်းနှင့် လိုအပ် သည်များ ကူညီချိတ်ဆက် ဆောင်ရွက်ရန်
(ခ) စားနပ်ရိက္ခာဖူလုံရေး (စား၊ ဝတ်၊ နေရေး) အတွက် သီးနှံအလိုက် စိုက်ပျိုးရေး ဆိုင်ရာ အလေ့ အကျင့်ကောင်းများ (Good Agricultural Practices) ကို တောင်သူများ လိုက်နာကျင့်သုံး လာအောင် စည်းရုံးပညာပေးဆောင်ရွက်ရန်
(ဂ) ပြည်ပမှတင်သွင်းနေရသည့် စိုက်ပျိုးရေးထွက်ကုန်များ (စားအုန်းဆီ၊ ကော်ဖီ၊ ချည်မျှင် စသည်ဖြင့်) တင်သွင်းမှုပမာဏလျှော့ချနိုင်ရေး၊ သွင်းကုန်အစားထိုးနိုင်ရေးနှင့် ပိုလျှံ သော အရည်အသွေးကောင်း ထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်ရေး တို့အတွက် သီးနှံများ (တန်ဖိုးမြင့်၊ အမယ်သစ်၊ အရေးကြီးစသည်ဖြင့်) ၏ ထုတ်လုပ်မှု စွမ်းအား (စိုက်ဧက၊ သီးနှံအရည်အသွေး၊ အထွက်နှုန်း)(Productivity-area, Quality & Yield) မြှင့်တင်ရန် သီးနှံဆိုင်ရာ အစီအမံကောင်းများ (Good Agricultural Practices-GAP, Good Manufacturing Practices-GMP) ဖြင့် နည်းပညာပံ့ပိုးကူညီပေးခြင်းနှင့် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် (Supply Chain) တွင် ပါဝင်သူများအား လှုံ့ဆော် စည်းရုံးဆောင်ရွက်ရန်
(ဃ) ပြည်တွင်းဖူလုံမှုအပြင် ပြည်ပမှတင်သွင်းနေသော ချည်ထည်များကို အစားထိုးရန် နှင့် ပိုလျှံသော အရည်အသွေးကောင်းထုတ်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်ရေး အတွက် ဝါထုတ်လုပ်မှုစွမ်းအား (စိုက်ဧက၊ သီးနှံအရည်အသွေး၊ အထွက်နှုန်း)(Productivity-area, Quality & Yield)ကို မြှင့်တင်ရန် ဝါနှင့်ချည်မျှင်ထုတ်လုပ်မှုဆိုင်ရာ အစီအမံ ကောင်းများ (Good Manufacturing Practices) ဖြင့် နည်းပညာပံ့ပိုး ကူညီပေးခြင်း နှင့် တန်ဘိုးကွင်းဆက်တစ်လျှောက်ပါဝင်သူများအား လှုံဆော်စည်းရုံးဆောင်ရွက်ရန်
(င) ပြည်တွင်းဆီနှင့် ဆီထွက်ပစ္စည်းများ ဖူလုံမှုအပြင် ပြည်ပမှ တင်သွင်းနေသော ဆီနှင့် ဆီထွက်ပစ္စည်းများ အစားထိုးရန်နှင့် ပိုလျှံသော အရည်အသွေးကောင်း ထုတ်ကုန် များကို ပြည်ပသို့တင်ပို့နိုင်ရေးအတွက် ဆီထွက်သီးနှံများ၏ ထုတ်လုပ်မှုစွမ်းအား (စိုက်ဧက၊ သီးနှံအရည်အသွေး၊ အထွက်နှုန်း) (Productivity-area, Quality & Yield) ကို ပံ့ပိုးကူညီဆောင်ရွက်ရန်
(စ) တောင်သူလယ်သမားများ သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် သုံးစွဲသည့် မျိုး၊ ဓာတ် မြေဩဇာ၊ ပိုးသတ်ဆေး စသည့်သွင်းအားစုများ စံချိန်စံညွှန်းနှင့်အညီ ရောင်းဝယ် ဖောက်ကားသုံးစွဲနိုင်ရေးအတွက် ပြဋ္ဌာန်းထားသောဉပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်ရန်
(ဆ) စိုက်ပျိုးရေးသွင်းအားစုများဖြစ်သည့် မျိုး၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးများအား တင်သွင်း၊ တင်ပို့၊ ထုတ်လုပ်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများ ပွင့်လင်းမြင်သာ လွယ်ကူ လျင်မြန်လာစေရေးအတွက် Online စနစ် တည်ထောင်ဆောင်ရွက်ရန်
(ဇ) တောင်သူလယ်သမားများ စိုက်ပျိုးရေးနည်းပညာများနှင့် ဈေးကွက်သတင်းအချက် အလက်များအား အလွယ်တကူလေ့လာသိရှိနိုင်ရန် သတင်းအချက်အလက်နှင့် ဆက် သွယ်ရေးနည်းပညာ-ICT(တောင်သူလယ်သမားကဏ္ဍရုပ်သံလိုင်း -Farmer's Channel အပါအဝင် Website, Mobile Application, Call Center, Facebook, Viber, ပုဂ္ဂလိကမီဒီယာများ)ဖြင့်ဖြန့်ဝေရန်၊ ဈေးကွက်သတင်းလွှာများနှင့် ဈေးကွက်၊ဈေးနှုန်း ဆိုင်ရာ သတင်းဆောင်းပါးများ၊ စာအုပ်၊ စာစောင်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ရန်
(ဈ) တောင်သူလယ်သမားများအတွက် အကျိုးအမြတ်ရှိနိုင်စေမည့် မျိုး၊ စိုက်စနစ်၊ သီးနှံပုံစံ စသည့် သီးနှံစံပြကွက်များကို တောင်သူကိုယ်တိုင် ပူးပေါင်းပါဝင်သော (Farmer Participatory Approach) ပုံစံဖြင့် ဆောင်ရွက်ပြီး နည်းပညာပြန့်ပွားစေရေး ဆောင် ရွက်ရန်
(ည) စိုက်ပျိုးရေး ထုတ်လုပ်မှု တိုးတက်ရေးအတွက် တောင်သူလယ်သမား အစုအဖွဲ့များ ဖွဲ့စည်း၍ ပြုပြင်ထုတ်လုပ်သည့်ကုမ္ပဏီများနှင့်ချိတ်ဆက်ပြီး ကန်ထရိုက်လယ်ယာစနစ် (Contract Farming) နှင့် ဘက်စုံစိုက်ပျိုးမွေးမြူရေးစနစ် (Community Integrated Farming System) ပေါ်ထွန်းလာစေရေးဆောင်ရွက်ရန်
(ဋ) သီးနှံအလိုက် (အရေးကြီးသီးနှံ၊ တန်ဖိုးမြင့်၊ အမယ်သစ်၊ အမျိုးသားပို့ကုန် စသည်ဖြင့်) တန်ဖိုးကွင်းဆက် တစ်လျှောက် အစိုးရ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ထုတ်လုပ်သူများ အားလုံး ပူးပေါင်း ဆောင်ရွက်မှုပုံစံ (Public Private Partnership-PPP) ဖြင့် အကျိုးအမြတ် မျှတစွာ ခွဲဝေရရှိရေး အားပေး ကူညီပံ့ပိုး ဆောင်ရွက်ရန်၊
(ဌ) စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ပါဝင်သူများအားလုံး၏ အကျိုးခံစား ခွင့်မျှတစွာ ရရှိနိုင်ရေးအတွက် ထွက်ရှိလာသည့် ထုတ်ကုန်များ ဈေးနှုန်းတည်ငြိမ် ကောင်းမွန်ခိုင်မာသော ဈေးကွက်ဖြစ်ပေါ်လာစေရေး ကူညီဆောင်ရွက်ပေးရန်
(ဍ) ဝန်ထမ်းတစ်ဦးချင်း စွမ်းဆောင်ရည် တိုးတက်မြင့်မားရေး (Capacity Building) ဆောင်ရွက်ရန်



ညွှန်ကြားရေးမှူးချုပ်၊ စိုက်ပျိုးရေးဦးစီးဌာန



ယခင်တာဝန်ထမ်းဆောင်ခဲ့သော ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ညွှန်ကြားရေးမှူးချုပ်များ