သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေး နှစ်ပတ်လည်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
  • Wed, 15 May 2024

သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေး နှစ်ပတ်လည်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေး နှစ်ပတ်လည်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို မေလ(၁၄)ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန် နှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန မှ ပညာရှင်သု တေသီများ၊ တိုင်းဒေသကြီး ပြည်နယ် စိုက်ပျိုးရေးဦးစီးမှူးများ ၊အထူးဖိတ်ကြားထားသော အသင်းအဖွဲ့များမှ တာဝန်ရှိသူများတက်ရောက်ကြသည်။




လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ လယ်ယာထုတ်ကုန်များအပြည့်အဝ ထုတ်လုပ်နိုင်စေရန်၊ထုတ်လုပ်သည့် သီးနှံများ အရည်အသွေးပြည့်ဝကောင်းမွန်စေရန် ၊စိုက်ပျိုးသူတောင်သူလယ်သမားများ ဝင်ငွေတိုးတက်စေရန် မိမိတို့စိုက်ပျိုးရေးပညာရှင်များတွင် အဓိကတာဝန်ရှိနေကြောင်း ၊ဖော်ထုတ် တွေ့ရှိထားကြသည့် သုတေသနနှင့် နည်းပညာများကို တောင်သူများလက်တွေ့ အကျိုးရှိစွာ အသုံးချနိုင်ရေးကို ထိထိမိမိ လုပ်ဆောင်ပေးနိုင်မှသာအချိန်နှင့် ငွေကြေးများစွာ ရင်းနှီးမြုပ်နှံ ပြီး စိုက်ပျိုးရေးပညာရှင်များ သုတေသီများကြိုးကြိုးစားစား အားထုတ်ရကျိုး နပ်မည်ဖြစ်၍ နည်းပညာပြန့်ပွားရေးလုပ်ငန်းဆောင်ရွက်သည့် စိုက်ပျိုးရေးဦးစီးဌာန နှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာန တို့ဆက်နွယ်ပေါင်းစပ်ပြီး ပိုမိုတိုးတက်အောင် လုပ်ဆောင်ကြ စေလိုကြောင်း၊စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် ကာလတို၊ ကာလလတ်၊ကာလရှည် စီမံကိန်းများရေးဆွဲပြီးတောင်သူလယ်သမားများအတွက်သီးနှံမျိုးသစ်များမွေးမြူထုတ်လုပ်ပေးခြင်း၊မျိုးကောင်းမျိုးသန့်များထုတ်လုပ်ပွားများပေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာနည်းပညာ များ ဖော်ထုတ်ပေးခြင်း၊ စိုက်ပျိုးသူ တောင်သူ လယ်သမားများရင်ဆိုင်ကြုံတွေ့ နေရသည့် စိုက်ပျိုးရေး ဆိုင်ရာ အခက်အခဲ၊ ပြဿနာများဖြေရှင်းပေးခြင်း အစရှိသည့် သုတေသန လုပ်ငန်းတာဝန်များကို တိုးမြှင့်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊အလားတူ သီးနှံနှင့် စိုက်ပျိုးမြေကိုက်ညီမှုရှိစေရေး၊ စိုက်ပျိုးမြေများတွင်ပါဝင်နေသည့် မြေဆီဩဇာ နှင့် ထည့်သွင်းပေးရမည့် မြေဆီအာဟာရမှန်ကန်စေရေး ၊ သွင်းအားစုစရိတ်လျှော့ချ နိုင်ရေးနှင့် မြေဆီလွှာကျန်းမာရေးအတွက် သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာမျှတစွာ အသုံးပြုနိုင် ရေး၊ သီးနှံအလိုက် မြေပြင်ထွန်ယက်ခြင်း နှင့် စိုက်ပျိုးရေစီမံခန့်ခွဲမှုနည်းပညာ စသည့် သီးနှံများစိုက်ပျိုးဖြစ်ထွန်းအောင်မြင်ရေး နှင့်ပန်းတိုင်အထွက် ရရှိရေး အတွက် မျိုး၊ မြေ၊ ရေ၊ နည်းပညာအဓိကအချက်(၄)ချက် သက်ဆိုင်ရာဌာနများ နှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ပြည်တွင်းစိုက်ပျိုး ထုတ်လုပ်မှုဖြင့်ပြည်တွင်းစားသုံးဆီဖူလုံရေး ကြိုးပမ်း လျက်ရှိရာ တွင် တောင်သူများနှင့် ထိတွေ့ ဆက်ဆံနေရသည့်စိုက်ပျိုးပညာပေးရေး ဝန်ထမ်း များ အနေဖြင့် တောင်သူ လယ်သမားများ၏အခက်အခဲနှင့်စိန်ခေါ်မှုများ၊ အခွင့်အလမ်းများ၊ အခြေခံလိုအပ်ချက်များကိုပိုမိုသိရှိနားလည်နိုင်အောင် ဆောင်ရွက်ရန် နှင့် ၎င်းတို့အတွက် ဖြည့်ဆည်းပေးရမည့် လုပ်ငန်းများကို စိုက်ပျိုးရေးပညာရှင်များ သုတေသီများထံရောက်ရှိ အောင် ပို့ဆောင်အဖြေရှာနိုင်ရေး တပါတည်းဆောင်ရွက် ရန်လိုအပ်ကြောင်း ဆွေးနွေး ပြောကြားသည်။ 

ဆက်လက်၍ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များက သုတေသနဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ နှင့်ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ် များကို တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးမှာ ကြားခဲ့ကြကြောင်းသိရသည်။ စိုက်ပျိုးရေးသုတေသနဦးစီးဌာန အနေဖြင့် သုတေသန ဌာနခွဲ(၉)ခု၊တိုင်းဒေသကြီး ပြည်နယ်အသီးသီးတွင် ဒေသသုတေသနဗဟိုဌာန(၆)ခု၊ သီးနှံသုတေသန ဗဟိုဌာန(၄)ခု ၊ သုတေသနဌာနစု(၃၃)ခု၊ သုတေသခြံ(၁၈)ခု နှင့်သုတေသန စခန်း(၃)ခုတို့ဖြင့် ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင်သုတေသနစီမံကိန်း(၈၀၂)ခုဆောင်ရွက်ခဲ့ပြီး ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် သုတေသနစီမံကိန်း (၇၀၇)ခု လျာထားဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။