၂၀၂၄ ခုနှစ်၊ ဇွန်လအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
  • Thu, 6 June 2024

၂၀၂၄ ခုနှစ်၊ ဇွန်လအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်


တင်ပြသူ -  ဒေါ်စန္ဒာဝေ

   -  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

……………………………………………………………………………................................................

မင်္ဂလာပါရှင်-

အခုတစ်ပတ်တင်ပြမှာကတော့ ၂၀၂၄ ခုနှစ်၊ ဇွန်လ လပတ်အတွက် မိုးလေ၀သနှင့် ဇလဗေဒ ခန့်မှန်းချက်များကို တင်ပြပါ့မယ်ရှင်။

ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော် တို့မှာ လေဖိအားနည်းရပ်ဝန်း ၂ ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ၁ ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်း ငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ အနောက်တောင်မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာ အားအတင့်အသင့်မှ အားကောင်းနိုင်ပါတယ်။

မိုးရွာသွန်းမှုအခြေအနေမှာ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)နဲ့ ရခိုင် ပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။ 

မိုးရွာရက်များအနေနဲ့ကလည်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ၂၂ ရက်မှ ၂၈ ရက်ခန့်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ၁၅ ရက်မှ ၂၁ ရက်ခန့်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနဲ့ မကွေးတိုင်း ဒေသကြီးတို့မှာ ၈ ရက်မှ ၁၄ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။ 

မြစ်ရေအခြေအနေမှာ ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နဲ့ ညောင်ဦးမြို့တို့မှာ ၁၂ ပေမှ ၁၄ ပေခန့်၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ ၈ ပေမှ ၁၁ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက် လာနိုင်ပါတယ်။ 

ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်း မြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့မှာ ၁၄ ပေမှ ၁၈ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင် ပါတယ်။

မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ ၅ ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့မှာ ၃ ပေခန့်၊ ရွှေစာရံနဲ့ မြစ်ငယ်မြို့တို့မှာ ၄ ပေမှ ၇ ပေခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ ၃ ပေမှ ၄ ပေခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ၃ ပေခန့်၊ ပဲခူးမြစ်ရေဟာ ဇောင်းတူမြို့နဲ့ ပဲခူးမြို့တို့မှာ ၃ ပေမှ ၈ ပေခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ ၅ ပေခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ ၃ ပေခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့မှာ ၉ ပေခန့်၊ သာပေါင်းမြို့ နဲ့ ပုသိမ်မြို့တို့မှာ ၂ ပေမှ ၄ ပေခန့်၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ ၃ ပေခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ ၇ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါတယ်။

အချုပ်အားဖြင့် တင်ပြလိုတာကတော့ လာမည့်ဇွန်လဟာ ရာသီကာလအပိုင်းအခြားအနေနဲ့ မိုးဦးကာလသို့ရောက်ရှိလာပြီဖြစ်ပါတယ်။ မိုးဦးကာလသတ်မှတ်ပုံအနေနဲ့ကတော့ အနောက်တောင် မုတ်သုံလေ မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်သည့်အချိန်မှ ဇွန်လကုန်အထိဖြစ်ပါတယ်။ မုတ်သုံဝင်စ ကာလမျိုးမှာ ဖြစ်ပေါ်တတ်တဲ့ မိုးသက်လေပြင်း တိုက်ခတ်ခြင်း၊ မိုးသည်းထန်ခြင်း၊ မိုးထစ်ချုန်းခြင်း နှင့်အတူ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ပြည်တွင်းလေကြောင်း ပျံသန်း ရေး၊ ရေကြောင်းသွားလာရေး၊ ကမ်းနီးကမ်းဝေး ငါးဖမ်းရေ ယာဉ်များနဲ့ လယ်ယာလုပ်ငန်းခွင် လုပ် ကိုင်သူများအနေဖြင့် ကြိုတင်သတိပြုဖို့ လိုအပ်ပါတယ်။ မုတ်သုံလေ ဝင်ရောက်ပြီးနောက် အဆိုပါ ဖြစ်စဉ်များဟာ တစ်ဖြည်းဖြည်း လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ဇွန်လအတွင်း မြစ်ရေတိုးလာနိုင် သည့်အတွက် မြစ်ကြောင်းများအတွင်း သွားလာနေကြသည့် ရေယာဉ်၊ လှေ၊ သင်္ဘောများအနေဖြင့် ဂရုပြုသင့်ပါကြောင်းနဲ့ မြစ်ရေနည်းစဉ် သဲသောင်ခုံ များမှာ စိုက်ပျိုးနေထိုင်ကြသူများအနေဖြင့် လည်း ဂရုပြုနေထိုင်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။

အဲဒီလို ထူးခြားတဲ့ မိုးလေဝသအခြေအနေ၊ မြစ်ရေအခြေအနေများနဲ့ ပတ်သက်လို့ ကြိုတင် သတိပေးချက် ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ Website ဖြစ်တဲ့ www.moezala.gov.mm သို့လည်းကောင်း၊ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့Facebook သို့လည်းကောင်း၊ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနရဲ့ You Tube Channel သို့လည်းကောင်း၊ နေပြည်တော်မှာရှိတဲ့ အလိုအလျောက် ဖြေကြားစက် ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ သို့လည်းကောင်း၊ Call Center 1876 (ext no 5) သို့လည်းကောင်း၊ မြန်မာ့ အသံ နှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ်သတင်းစာများ၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ်အသီးသီးတို့မှ နေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ FM ရေဒီယိုများမှ တဆင့် မိုးလေဝသနဲ့ ဇလဗေဒ သတင်း၊ သတိပေးချက်များကို ကြည့်ရှုနားဆင်နိုင်ပါတယ်ဆိုတဲ့အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ် ပါတယ်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာကြပါစေရှင်။