(ပုသိမ်ကြီး၊ လုံပီး၊ ရွှေဘို) စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ ကျောင်းများ၏ အဋ္ဌမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာ အပ်နှင်းပွဲကျင်းပ
  • Fri, 21 June 2024

(ပုသိမ်ကြီး၊ လုံပီး၊ ရွှေဘို) စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ ကျောင်းများ၏ အဋ္ဌမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာ အပ်နှင်းပွဲကျင်းပ


၂၀၂၃-၂၀၂၄ ပညာသင်နှစ် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း (ပုသိမ်ကြီး၊ လုံပီး၊ ရွှေဘို)တို့၏ အဋ္ဌမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ပုသိမ်ကြီး)၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ဒီပလိုမာရရှိသည့် ကျောင်းဆင်းမောင်မယ်များနှင့် မိဘဆွေမျိုးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ 

အခမ်းအနားတွင် ဒုတိယဝန်ကြီးက စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် လိုအပ်လျက်ရှိသည့် လက်တွေ့ကျွမ်းကျင်သော အလယ်အလတ်အဆင့် ပညာရှင်များကို သင်ကြားလေ့ကျင့် မွေးထုတ်ပေးလျက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပုသိမ်ကြီး) အနေဖြင့် ယနေ့အထိ စိုက်ပျိုးရေး ဒီပလိုမာ ၂၇၃၁ ဦးနှင့် မွေးမြူရေးဒီပလိုမာ ၆၇ ဦး စုစုပေါင်း ၂၇၉၈ ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံးရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ ကျောင်းများ အနေဖြင့် ယနေ့အထိ စိုက်ပျိုးရေးဒီပလိုမာ လက်မှတ်ရ ၂၅၀၀၀ ကျော်နှင့် မွေးမြူရေး ဒီပလိုမာလက်မှတ်ရ ၄၀၀ ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ စိုက်ပျိုးရေး နိုင်ငံအတွက် စိုက်ပျိုးမွေးမြူရေး အခြေခံအသက်မွေးဝမ်းကျောင်း ပညာတတ်မြောက်သူများ ပိုမိုမွေးထုတ်ပေးရန် ဆက်လက်ကြိုးပမ်းသွား ကြရန်လိုကြောင်း၊ အရည်အချင်း ပြည့်မီသူများအနေဖြင့် စိုက်ပျိုးရေး သိပ္ပံဘွဲ့၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့များ ဆက်လက်ကြိုးစား အားထုတ်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ ပထမနှစ်မှတတိယနှစ်အထိ တန်းစဉ်ပေါင်း ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။