မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ (၂၈)ကြိမ်မြောက် အစည်းအဝေးကျင်းပ မျိုးသစ်မျိုးဖျား ၇၆ မျိုးအပေါ် ဝိုင်းဝန်းသုံးသပ်ဆွေးနွေး
  • Thu, 4 July 2024

မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ (၂၈)ကြိမ်မြောက် အစည်းအဝေးကျင်းပ မျိုးသစ်မျိုးဖျား ၇၆ မျိုးအပေါ် ဝိုင်းဝန်းသုံးသပ်ဆွေးနွေး


မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ (၂၈)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊စိုက်ပျိုးရေးဦးစီးဌာန ရုံးအမှတ်(၄၃)၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးသို့ မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်နှင့် ကော်မတီဝင်များ၊ သီးနှံကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့ ခေါင်းဆောင် များနှင့် ပညာရှင်ဝန်ထမ်းများ တက်ရောက်ကြပြီး မျိုးသစ်မျိုးဖျား ၇၆ မျိုးတို့အပေါ် ဝိုင်းဝန်း သုံးသပ်ဆွေးနွေးခဲ့ကြပါသည်။


အစည်းအဝေးတွင် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက မျိုးစေ့ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးရေးတွင် ပုဂ္ဂလိက ပူးပေါင်းပါဝင် ဆောင်ရွက်မှုသည် အလွန်အရေးပါကြောင်း၊ မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းကိုမျိုးစေ့ဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်စေရန် ပုဂ္ဂလိကမျိုးစေ့ လုပ်ငန်း ရှင်များ အသိပညာပေးခြင်းကို အလေးထားဆောင်ရွက်ပေးရန်လိုကြောင်း၊ တောင်သူများ လိုအပ်ချိန်တွင် လိုအပ်သည့် မျိုးစေ့ပမာဏကို လွယ်ကူစွာဝယ်ယူရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက ကွန်ရက်တစ်ခု ဖန်တီးပေးရန်လိုအပ်ကြောင်း၊ တောင်သူလယ် သမားအကျိုးစီးပွားနှင့် စားသုံးသူဘေးကင်းလုံခြုံရေးအပြင် လယ်ယာကဏ္ဍ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုဆောင်ရွက်ကြရန်လိုကြောင်း၊ မျိုးသစ်အသိအမှတ် ပြုလက်မှတ် ရရှိရန် တင်ပြလာသော သီးနှံမျိုးသစ်များကို မျိုးစေ့ဥပဒေနှင့်အညီ စိစစ်ရာတွင် ဒေသရေ မြေရာသီဥတုနှင့် ကိုက်ညီမှု၊ အသိအမှတ်ပြု လက်မှတ်ရရှိပြီး မျိုးများထက် ထူးခြား သာလွန်မှု၊ ဇီဝမျိုးစုံမျိုးကွဲများကို ထိခိုက်နိုင်မှု ရှိ/ မရှိ စသည့်အချက်များ နှင့်အညီ နည်းပညာကော်မတီကစိစစ်ပြီး သဘောထားမှတ်ချက်များနှင့်အတူ တင်ပြလာခြင်းအပေါ် ဆွေးနွေးဆုံးဖြတ်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီအတွင်းရေးမှူးက အစည်းအဝေးတွင် မျိုးသစ် အသိအမှတ်ပြုလက်မှတ်ရရှိရန် အစိုးရဌာနနှင့် ကုမ္ပဏီများမှ တင်ပြလာသည့် သီးနှံများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌနှင့် အစည်းအဝေး တက်ရောက်လာကြသူများက ဝိုင်းဝန်းသုံးသပ်ဆွေးနွေးခဲ့ကြပါသည်။

မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီအနေဖြင့် (၂၇) ကြိမ်မြောက် အစည်းအဝေးအထိ လယ်ယာသီးနှံ ၆၇၁ မျိုး၊ ဥယျာဉ်ခြံသီးနှံ ၈၆၈ မျိုး၊ စက်မှုသီးနှံ ၁၂၈ မျိုးနှင့် မိဘမျိုးလိုင်း ၁၉၅ စုံ စုစုပေါင်း မျိုးသစ်မျိုးဖျား ၁၈၆၂ မျိုးကို အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် ယနေ့ကျင်းပသည့် (၂၈)ကြိမ်မြောက် အစည်းအဝေးတွင် သက်ဆိုင်ရာ သီးနှံကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့များနှင့် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီတို့က အဆင့်ဆင့်စိစစ်၍ တင်ပြလာသော စမ်းသပ်စိုက်ပျိုးအဖြေရရှိပြီးသည့် သီးနှံ ၁၂ မျိုး၏ မျိုးသစ်မျိုးဖျား ၄၃ မျိုး၊ အချက်အလက်မှတ်တမ်း အပြည့်အစုံဖြင့် တင်ပြမည့်သီးနှံ ၁၂ မျိုး၏ မျိုးသစ်မျိုးဖျား ၃၃ မျိုး စုစုပေါင်း မျိုးသစ်မျိုးဖျား ၇၆ မျိုးတို့အပေါ် သုံးသပ်ဆွေးနွေး ခဲ့ကြပြီး၊ အစည်းအဝေးတက်ရောက်လာကြသော အမျိုးသားကော်မတီဝင်များက မျိုးသစ် အသိအမှတ်ပြုလက်မှတ်ရရှိရန် လျှောက်ထားတင်ပြလာတဲ့ မျိုးသစ်များရဲ့ မျိုးစေ့များ၊ သီးနှံများနဲ့ စားသုံးမှုဆိုင်ရာအရည်အသွေးများအပေါ် မျက်မြင်လေ့လာ အကဲဖြတ် နိုင်ရေး အတွက် ခင်းကျင်းပြသထားတဲ့ မျိုးသစ်များကိုလှည့်လည်ကြည့်ရှု့ခဲ့ကြောင်း သတင်း ရရှိခဲ့ပါ သည်။