ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသ ၏ လယ်ယာကုန်ထုတ်စွမ်းအားတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်
  • Sat, 6 July 2024

ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသ ၏ လယ်ယာကုန်ထုတ်စွမ်းအားတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ဇူလိုင် ၅ ရက်က ညောင်ဦးမြို့နယ် ဆီထွက်အထူးဇုန်တွင် ညောင်ဦးမြို့နယ်က တီထွင် ထုတ်လုပ်သည့် ထွန်စက်ဆွဲမျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးထားသော ပင်ပြန့်မြေပဲ စိုက်ခင်းကို ကွင်းဆင်းကြည့်ရှုလေ့လာပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် တစ်ဧကတွင်ရှိရမည့် အပင်ဦးရေပြည့်မီရေးနှင့် တောင်သူဗဟိုပြု စိုက်ပျိုးရေး စနစ် ဖော်ဆောင်နိုင်ရေး၊ အပူပိုင်းဒေသအထွက်နှုန်းတိုးတက်ရေးအတွက် ကွက်လပ်မရှိ စိုက်ပျိုးရန်နှင့် စိုက်သည့်အကွက်တိုင်း ကောင်းမွန်အောင် စိုက်ပျိုးကြရန် ဆွေးနွေးပြော ကြားကာ တောင်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။ 

ဆက်လက်၍ ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်ခြံအား ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုး ရေးဦးစီးဌာန ခြံတာဝန်ခံက သရက်၊ စပျစ်၊ မာလကာမျိုးများ စိုက်ပျိုးထားရှိမှုနှင့် ဒေသရေ မြေရာသီဥတုနှင့်ကိုက်ညီမည့် သီးနှံအမယ်သစ်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက် နေမှုများကို ရှင်းလင်း တင်ပြခဲ့ပါသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက သရက်မျိုးများ စုဆောင်းထိန်းသိမ်းခြင်းနှင့် အကြမ်းခံသရက်မျိုးများကို အောက်ခံပင်အဖြစ် အသုံးပြုခြင်းဖြင့် စားသုံးမှုအပေါ် သက် ရောက်ခြင်း၊ တစ်နှစ်အတွင်း သရက်မျိုးအလိုက်အသီးဆွတ်ခူးချိန်နှင့် ဈေးကွက်ဆိုင်ရာ ပြက္ခဒိန်ထားရှိ ဆောင်ရွက်ရန်၊ စပျစ်မျိုးများ စုဆောင်းထိန်းသိမ်းထားခြင်းနှင့် ကွဲပြားသည့် စပျစ်မျိုးသစ်များရရှိနိုင်ရေး၊ အပူပိုင်းဒေသထွက် ဈေးကွက်ဝင်သီးနှံနှင့် ဈေးကွက်မဝင် သေးသည့် သီးနှံမျိုးကွဲများကို စုဆောင်းထိန်းသိမ်းရန် ဆွေးနွေးမှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကျောက်ပန်းတောင်း မြို့နယ်ကိုင်းကျေးရွာ တောင်သူ ဦးသာဩ၏ စိုက်ကွင်းတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် နေကြာမျိုးစေ့ထုတ် စိုက်ခင်း အား ကြည့်ရှုစစ်ဆေးပြီး မျိုးသန့်စင်ရေးနည်းလမ်းများနှင့် အထူးဂရုပြုဆောင်ရွက်ရမည့် ပန်းတိုင်အထွက် နှုန်း ရရှိရေးဆိုင်ရာ ဗဟုသုတများကို ဆွေးနွေးပြောကြားခဲ့ပါသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့နယ် မြောက်လယ်အုပ်စု အိုးအိုင်ကုန်း ကျေးရွာရှိ ၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်အထူးဇုန်တွင် စိုက်ပျိုးထားရှိသည့် နှမ်းသီးနှံနှင့် ပဲစင်းငုံသီးညှပ်စိုက်ခင်းအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးနိုင်သည့် မြေဧရိယာပြည့်ကွက်လပ်မရှိ စိုက်ပျိုးလုပ်ကိုင်နိုင်ရေး၊ သတ်မှတ်ထားသည့် အပင်ဦးရေပြည့်မီစွာ အပင်စေ့ကျင်းစေ့စိုက်ပျိုးရန် လိုအပ်ချက်များ၊ နှမ်းသိမ်းပြီးချိန်တွင် ပဲစင်းငုံစိုက်တန်းများအကြား မြေဖုံးသီးနှံအဖြစ် ပဲပိစပ်သီးနှံစိုက်ပျိုးခြင်းဖြင့် မြေအစိုဓာတ် ထိန်းသိမ်းနိုင်မှုတို့ကို အသိပညာပေးဆွေးနွေးပြောကြားပြီး တောင်သူများ၏ လိုအပ်ချက် များ ကူညီပံ့ပိုးပေးနိုင်ရေးညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။