မြေဩဇာဆိုင်ရာ နည်းပညာအဖွဲ့ ၏ (၄၃)ကြိမ်မြောက် အစည်းအဝေး တွင် အဖွဲ့ ဥက္ကဌ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း အမှာစကားပြောကြား
  • Tue, 30 July 2024

မြေဩဇာဆိုင်ရာ နည်းပညာအဖွဲ့ ၏ (၄၃)ကြိမ်မြောက် အစည်းအဝေး တွင် အဖွဲ့ ဥက္ကဌ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း အမှာစကားပြောကြား


စားရေရိက္ခာဖူလုံပိုလျှံစေရန် နှင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရန် လယ်ယာလုပ်ငန်းခွင်တွင် အရည်အသွေးကောင်းမွန်ပြည့်ဝသည့် စိုက်ပျိုးရေး သွင်းအားစုများ ကို တောင်သူများ စနစ်တကျအသုံးပြုနိုင်စေရေး အတွက် ဓါတ်မြေဩဇာ မှတ်ပုံတင်လျှောက်ထားခြင်း၊ တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ ပြုပြင်ထုပ်ပိုးခြင်း၊ သိုလှောင် ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်း များအပေါ် ဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့် အညီ ထိန်းကျောင်းကြပ်မတ်လျက်ရှိရာတွင် မြေဩဇာဆိုင်ရာ နည်းပညာအဖွဲ့ က လိုအပ်သော နည်းပညာဆိုင်ရာအချက် အလက်များ စိစစ်ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ မြေဩဇာများ၏ အရည်အသွေးပြည့်မီမှု ရှိ မရှိ OGA Approval ပေးခြင်း ကိစ္စရပ်များကိုလည်း အကောက်ခွန်ဦးစီးဌာန၏ MACCS System နှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


ယခုကာလသည် နိုင်ငံတစ်ဝှမ်း၌ ရေကြီး ရေလွှမ်းခြင်းဖြစ်စဉ်များ ရှိနေသဖြင့် သီးနှံ စိုက်ခင်းများ ထိခိုက်မှုရှိလာနိုင်ကြောင်း၊ အဆိုပါ ထိခိုက်မှုများအပေါ် သွင်းအားစု ဓါတ်မြေဩဇာများကို အသုံးပြု၍ ပြန်လည်ကုစားနိုင်ရေးကို မိမိတို့ ကျွမ်းကျင်သည့် နည်းပညာရပ်များအား အသုံးချဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြေအမျိုးအစား သီးနှံအမျိုးအစားပေါ်မူတည်၍ အကျိုးရှိ အထိရောက်ဆုံး သုံးစွဲနိုင်မည့် ဓါတ်မြေဩဇာ အမျိုးအစားနှင့် အချိုးအဆကို တောင်သူများ စနစ်တကျ အသုံးပြုနိုင်ရေး ဆောင်ရွက် ပေးရန် လိုအပ်လျက်ရှိကြောင်း၊ အလားတူ ဓါတ်မြေဩဇာ ဈေးနှုန်းတည်ငြိမ်ရေးနှင့် အရည်အသွေးပြည့်ဝရေးကို သက်ဆိုင်ရာ လုပ်ငန်းရှင်များနှင့် ညှိနှိုင်း ထိန်းကျောင်းပေးရန် လိုအပ်ကြောင်း ဇူလိုင်လ (၂၉)ရက်နေ့က စိုက်ပျိုးရေးဦးစီးဌာန ရုံးချုပ် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည့် မြေဩဇာဆိုင်ရာ နည်းပညာအဖွဲ့ ၏ (၄၃)ကြိမ်မြောက် အစည်းအဝေး တွင် အဖွဲ့ ဥက္ကဌ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ပြောသည်။




အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီး ပြည်နယ်(၆)ခုရှိ ကုမ္ပဏီ (၅၈)ခုတို့က ထုတ်လုပ်သော ဓါတ်မြေဩဇာ(၁၄၅)မျိုး နှင့် ပြည်ပမှ တင်သွင်းမည့် ဓါတ်မြေဩဇာ (၂၇၈)မျိုးတို့၏ အချက်အလက်များကို နည်းပညာရှုထောင့်မှ စိစစ်သုံးသပ်ဆွေးနွေးကြပြီး မြေဩဇာကော်မတီသို့ ဆက်လက်ပေးပို့တင်ပြနိုင်ရေး ဆောင်ရွက်ခဲ့ကြကြောင်း သတင်း ရရှိသည်။