တပ်ကုန်း MRTV စက်မှု၊စိုက်ပျိုး၊မွေးမြူရေး တွဲဖက်အထက်တန်းကျောင်း အား ကြည့်ရှုအားပေး
  • Mon, 5 August 2024

တပ်ကုန်း MRTV စက်မှု၊စိုက်ပျိုး၊မွေးမြူရေး တွဲဖက်အထက်တန်းကျောင်း အား ကြည့်ရှုအားပေး


၂၀၂၄-၂၀၂၅ပညာသင်နှစ်တွင် တိုးချဲ့ဖွင့်လှစ်သည့် စက်မှု ၊ စိုက်ပျိုး ၊ မွေးမြူရေး တွဲဖက် အထက်တန်းကျောင်း (၃၅)ကျောင်းတွင် ပါဝင်သည့် တပ်ကုန်း MRTV အထက်တန်းကျောင်း တွင် ပညာသင်ယူလျက်ရှိကြသည့် ကျောင်းသား ကျောင်းသူများ အား စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် တာဝန်ရှိသူများ သွားရောက်တွေ့ဆုံ အားပေးကြကြောင်းသိရသည်။

အဆိုပါကျောင်းတွင် KG+10 စက်မှု ကျောင်းသား ကျောင်းသူ (၇၄)ဦး၊ စိုက်ပျိုးရေး ကျောင်းသား ကျောင်းသူ(၃၀)ဦး နှင့် မွေးမြူရေး ကျောင်းသား ကျောင်းသူ(၁၃)ဦး ပညာ ဆည်းပူးလျက်ရှိသည်။

ညွှန်ကြားရေးမှူးချုပ် က ဤဒေသတွင် မရှိသေးသည့် သီးနှံပင်များ ၊ မျိုးများကို ကျောင်းသား ကျောင်းသူများ သိရှိစေရန် နမူနာ သင်ထောက်ကူအဖြစ် စိုက်ပျိုးပြသခြင်း၊ ပျိုးပင်များ မျိုးစေ့များ လက်တွေ့ပြသသင်ကြားပေးခြင်း နှင့် စိုက်ကွင်းများသို့ လက်တွေ့ကွင်းဆင်း လေ့လာနိုင်ရေး အတွက် နီးစပ်ရာ စိုက်ပျိုးပညာပေးရေးစခန်း Knowledge Center များ နှင့် ချိတ်ဆက်ပေးခြင်းတို့ ဆောင်ရွက်ရန်လိုအပ်ချက်များ၊ ဒီပလိုမာ နှင့် ဘွဲ့ကြို ဘွဲ့လွန် စသည့် အဆင့်မြင့် ပညာရပ်များ ဆက်လက်ဆည်းပူးရာတွင် လည်းကောင်း ၊ ကိုယ်တိုင် အသက်မွေးဝမ်းကျောင်းပညာအဖြစ် အသုံးချရာတွင် လည်းကောင်း ကျွမ်းကျင်မှုရှိစေမည့် ပညာဝမ်းစာဖူလုံစေရေး စနစ်တကျ လေ့ကျင့် ပျိုးထောင်ပေးရန် တာဝန်ရှိသူများအား ဆွေးနွေး မှာကြားသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ် သည် ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုမီလှိုင် နှင့်အတူ လက်တွေ့စိုက်ပျိုးမည့် ကျောင်းစိုက်ခင်းဥယျာဉ် ဆောင်ရွက်ရန် မြေပြုပြင် ထားမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ကျောင်းသားကျောင်းသူများအား ကျောင်းသုံး စာအုပ်နှင့်ကျောင်းသုံးပစ္စည်းများ ပေးအပ်ထောက်ပံ့ခဲ့သည်။

တပ်ကုန်း MRTV စက်မှု ၊ စိုက်ပျိုး ၊ မွေးမြူရေး တွဲဖက် အထက်တန်း ကျောင်း တွင် စက်မှုဘာသာရပ်ဆရာ ဆရာမ (၄)ဦး၊ စိုက်ပျိုးရေး ဘာသာရပ် ဆရာ ဆရာမ(၈)ဦးနှင့် မွေးမြူရေး ဘာသာရပ်ဆရာ ဆရာမ(၂)ဦး တို့က တာဝန်ယူ ပို့ချလျက်ရှိကြကြောင်း သတင်းရရှိသည်။