၂၀၂၄ ခုနှစ်၊ သြဂုတ်လ အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
  • Sat, 3 August 2024

၂၀၂၄ ခုနှစ်၊ သြဂုတ်လ အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်


တင်ပြသူ - ဒေါ်စန္ဒာဝေ

              - မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

…………………………………………………………………………….........................................

မင်္ဂလာပါရှင်။

အခုတစ်ပတ် တင်ပြမှာကတော့ ၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွက် မိုးလေဝသနဲ့ဇလ ဗေဒ ခန့်မှန်းချက်များ ဖြစ်ပါတယ်။

ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ ဘင်္ဂလားပင်လယ်အော်မှာလေဖိအားနည်း ရပ်ဝန်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်မှာပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။

    အနောက်တောင်မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင် လယ်အော်တို့မှာအားအသင့်အတင့်မှ အားကောင်းနိုင်ပါတယ်။မိုးရွာသွန်းမှုအ‌ခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန် ပြည်နယ်တို့မှာ ရွာသွန်းမြဲအောက်လျော့နည်းနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာရွာသွန်း မြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

    မိုးရွာရက်များ အနေနဲ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ရှမ်းပြည်နယ်(တောင်ပိုင်း)၊ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ၂၃ ရက်မှ ၂၉ ရက်ခန့်၊နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက် ပိုင်းနဲ့အရှေ့ပိုင်း)၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ၁၆ ရက်မှ ၂၂ ရက်ခန့်နှင့်စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးတို့မှာ ၈ ရက်မှ ၁၅ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

      မြစ်ရေအခြေအနေမှာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း ဧရာဝတီမြစ်ရေဟာပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာ မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ဒုဋ္ဌဝတီမြစ်ရေဟာ မြစ်ငယ်မြို့မှာ(၁)ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ (၁)ကြိမ်ခန့်၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ (၁)ကြိမ်ခန့်၊သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ (၁)ကြိမ်ခန့်၊ သောင်ရင်း မြစ်ရေဟာ မြဝတီမြို့မှာ(၁)ကြိမ်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ် မြို့တို့မှာ(၁)ကြိမ်ခန့်စီ၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၁)ကြိမ်ခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ (၁)ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ကျော်လွန်ရောက်ရှိနိုင် ပါတယ်။

      အချုပ်အားဖြင့် တင်ပြလိုတာကတော့ လာမယ့် သြဂုတ်လဟာရာသီကာလအပိုင်း အခြားအနေဖြင့် မိုးလယ်ကာလ ဒုတိယလဖြစ်ပြီး၊အနောက်တောင်မုတ်သုံလေ အားကောင်း တက်တဲ့ အချိန်လည်း ဖြစ်ပါတယ်။မိုးလယ်ကာလဖြစ်တဲ့ သြဂုတ်လအတွင်း ဘင်္ဂလား ပင်လယ်အော်မှာ ဖြစ်ပေါ်နိုင်တဲ့လေဖိအားနည်းရပ်ဝန်းများနဲ့ မုန်တိုင်းများကြောင့်လည်း ကောင်း၊ မုတ်သုံအင်အားအလွန်ကောင်းခြင်းကြောင့်လည်းကောင်း၊ တောင်တရုတ်ပင်လယ် ပြင်မှာဖြစ်ပေါ်နိုင်တဲ့ တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန်များကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံအရပ်ရပ်မှာ တစ်ခါတစ်ရံ လေပြင်းတိုက်ခတ်ခြင်းများနဲ့ နေရာအနှံ့အပြားမိုးထစ်ချုန်း ရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်တဲ့အတွက်ပြည်တွင်း လေကြောင်းပျံသန်းရေး၊ ပြည်တွင်းရေကြောင်းသွားလာရေးနဲ့ ကမ်းနီး၊ကမ်းဝေးငါးဖမ်း ရေယာဉ်များ အနေဖြင့် အထူးသတိပြု မောင်းနှင်ကြဖို့လိုအပ်ပါတယ်။ ဒါ့အပြင် လာမယ့် သြဂုတ်လအတွင်း မြန်မာနိုင်ငံရှိ မြစ်ကြီးများမှမြစ်ရေများဟာလည်း စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နိုင်သေးတဲ့ အတွက်မြစ်ရေကြီးခြင်း သတိပေးချက်၊ ထုတ်ပြန်ချက်များကို အထူးဂရုပြုစေလိုပါတယ်။

အဲဒီလို ထူးခြားတဲ့ မိုးလေဝသအခြေအနေ၊ မြစ်ရေအခြေအနေများနဲ့ပတ်သက်လို့ ကြိုတင်သတိပေးချက် ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ၊ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အချိန်နဲ့ တစ်ပြေးညီထုတ်ပြန် ပေးသွားမှာဖြစ်ပါတယ်။မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ Website ဖြစ်တဲ့ www.moezala.gov.mm သို့လည်းကောင်း၊ မိုးလေ ဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ Facebook သို့လည်းကောင်း၊ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ YouTube Channel သို့လည်းကောင်း၊ နေပြည်တော်မှာရှိတဲ့ အလိုအလျောက်ဖြေကြားစက်ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့လည်းကောင်း၊ Call Center 1876 (ext  no.5)သို့လည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊နေ့စဉ်ထုတ် သတင်းစာများ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးတို့မှာနေ့စဉ်ထုတ်လွှင့် လျက်ရှိတဲ့ FM ရေဒီယိုများမှလည်း မိုးလေဝသနဲ့ ဇလဗေဒသတင်း၊သတိပေးချက်များကို ကြည့်ရှုနားဆင်နိုင်ပါတယ်ဆိုတဲ့ အကြောင်း တင်ပြရင်းနိဂုံးချုပ်အပ်ပါတယ်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေရှင်။