ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နေပြည်တော်ကောင်စီနယ်မြေပတ်ဝန်းကျင်ရှိ ဆည်တမံများ ကြံ့ခိုင်ရေးနှင့် ရေကြီးရေလျှံသည့်နေရာများမှ ရေထုတ်နုတ် မှုမြန်ဆန် စေရေး ကွင်းဆင်းဆောင်ရွက်
  • Sun, 15 September 2024

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နေပြည်တော်ကောင်စီနယ်မြေပတ်ဝန်းကျင်ရှိ ဆည်တမံများ ကြံ့ခိုင်ရေးနှင့် ရေကြီးရေလျှံသည့်နေရာများမှ ရေထုတ်နုတ် မှုမြန်ဆန် စေရေး ကွင်းဆင်းဆောင်ရွက်


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် မိုးသီးနှံများ ထိခိုက်ပျက်စီးခဲ့သည့် ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာ သီရိမြို့နယ်တို့မှ တောင်သူများနှင့်တွေ့ဆုံပြီး စိုက်ပျိုးထွန်ယက်ခြင်းနှင့် သီးနှံအစားထိုး စိုက်ပျိုးခြင်းဆိုင်ရာ နည်းပညာများကို ရှင်းလင်းဆွေးနွေးသည်။ 

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မတ်ပဲသီးနှံစိုက်ပျိုးမည့် တောင်သူများအနေဖြင့် ဆီထွက်နေကြာသီးနှံကို လျာထားဧကအတိုင်း တွဲဖက်စိုက်ပျိုးရန် လိုအပ်ပြီး နေကြာသီးနှံ အစေ့အဆန်အောင်မြင်စေရန် ဝတ်မှုန်ကူးပျား မွေးမြူခြင်းအတွက် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနက စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မတ်ပဲနှင့် နေကြာသီးနှံ တွဲဖက် စိုက်ပျိုးရာတွင် အဓိကကြုံတွေ့ရသည့် မတ်ပဲစိုက်ခင်းကို ပိုးသတ်ဆေးသုံးစွဲခြင်းနှင့် နေကြာ ပန်းပွင့်ချိန် ဝတ်မှုန် ကူးကာလတွင် ပိုးသတ်ဆေးအသုံးမပြုရန်ကိစ္စအပါအဝင် စိုက်ပျိုးရေး နည်းပညာရပ်များကို စိုက်ပျိုးရေးဦးစီးဌာန ပညာရှင်များက ကွင်းဆင်းဆွေးနွေး ကူညီပေးသွားမည်ဖြစ်၍ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ရသည့်အခြေအနေနှင့် နွေသီးနှံ အတွက် နွေစပါးတိုးချဲ့စိုက်ပျိုးရန် လျာထားဆောင်ရွက်နေမှုကိုလည်းကောင်း၊ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် ဒေါက်တာရဲထွန်းဝင်းတို့က ရာသီချိန်မီ စိုက်ပျိုးနိုင် ရေးနှင့် သီးနှံများဖြစ်ထွန်းအောင်မြင်ရေး ပျားမွေးမြူရေးကိစ္စရပ်များအပါအဝင် ကူညီ ဆောင်ရွက်ပေးသွားမည့်လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

နေပြည်တော်ကောင်စီနယ်မြေ စုစုပေါင်းမိုးသီးနှံ ဧက ၃၄၅၀၀၀ စိုက်ပျိုးခဲ့ပြီး ဧက ၄၇၀၀၀ ကျော် ရေကြီးနစ်မြုပ်ခဲ့ကာ ယနေ့အထိ ဧက ၂၈၀၀၀ ပြန်ပေါ်ခဲ့ပြီး ထိခိုက် မှု ဧက ၁၇၀၀၀ ကျော်တွင် ဧက ၃၉၀၀ ကျော် သီးနှံပျက်စီးခဲ့ကြောင်း၊ ပျက်စီးခဲ့သည့် စိုက်ပျိုးမြေများတွင် ရာသီအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် ထိခိုက်ခဲ့သည့် သီးနှံစိုက်ခင်းများကို အထွက်နှုန်းနှင့် သီးနှံအရည်အသွေးထိခိုက်မှုသက်သာစေရေး၊ ရေကြီးရေလွှမ်းပြီးနောက် သီးနှံစိုက်ခင်းများတွင် ကျရောက်တတ်သည့် သီးနှံပိုးမွှားရောဂါများ ကာကွယ် နှိမ်နင်းရေးအတွက် နည်းပညာနှင့် အကူအညီများ ပံ့ပိုးပေးနိုင်ရန် စီမံဆောင် ရွက်လျက်ရှိသည်။