မန္တလေးတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်သော သီးနှံစိုက်ဧရိယာများ၌ ရာသီအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးစီမံဆောင်ရွက်
  • Thu, 19 September 2024

မန္တလေးတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်သော သီးနှံစိုက်ဧရိယာများ၌ ရာသီအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးစီမံဆောင်ရွက်


ရာဂီမုန်တိုင်း အကြွင်းအကျန်လေပွေလှိုင်များနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြှပ်ဖြစ်ပေါ်နေသော မိတ္ထီလာခရိုင်၊ ရမည်းသင်း ခရိုင်၊ ကျောက်ဆည်ခရိုင်တို့ရှိ သီးနှံပျက်စီးခဲ့သည့်ဧရိယာများ၌ ရာသီအချိန်မီ ပြန်လည် စိုက်ပျိုးနိုင်ရေး ထိခိုက်ခံ့သည့်စိုက်ခင်းများ ပြန်လည်ကုစားနိုင်ရေးနှင့် ရေဘေးလွတ်ကင်း ခဲ့သည့် စိုက်ခင်းဧရိယာရှိသီးနှံများ ပန်းတိုင်အထွက်ရရှိရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် စိုက်ပျိုးရေးဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ စက်မှု လယ်ယာဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သီးနှံအလိုက်ညာရှင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်တောင်သူကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် မြို့နယ်တာဝန်ခံများက သီးနှံများအလိုက် ရေကြီးနစ်မြှပ် ထိခိုက်ပျက်စီး မှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တောင်သူများကလက်ရှိကြုံတွေ့ နေရသည့် အခက်အခဲများနှင့် ဒေသ၏စိုက်ပျိုးထုတ်လုပ်မှု ကျဆင်းမသွားစေရေးအတွက် စီမံဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးကြသည်။ 

ယင်းနောက် ဒုတိယဝန်ကြီးက သက်ဆိုင်ရာခရိုင်၊ မြို့နယ်တာဝန်ရှိသူများက ရေကျပြီးနောက် ပြန်လည်စိုက်ပျိုးမည့် သီးနှံအမျိုးအစားအလိုက်၊ ဧရိယာအလိုက်စာရင်းများအား အချိန်မီပြုစုပေးနိုင်ရေးနှင့် မျိုးစေ့များကို ကြိုတင်စုဆောင်းထားရှိရေး၊ တောင်သူများ ပြန်လည်စိုက်ပျိုးမည့် သီးနှံပုံစံကို ကြိုတင်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ ရေကြီး နစ်မြှပ်ထိခိုက်ခဲ့သည့် စပါးခင်းများရေကျပြီးနောက်ပြန်လည်ကုစားနိုင်မည့် အစီအမံများ မြေပြင်အခြေအနေမှန် သိရှိနိုင်ရေးအတွက်တောင်သူများနှင့်ချိတ်ဆက်မှု လျှင်မြန်ချော့မွေ့ စေရန် Viber Group ကို‌ ဒေသအလိုက် ဖွဲ့စည်းထာရှိရေး၊ နုန်းဖုံးလွှမ်းခဲ့သည့်စိုက်ဧရိယာများ ပြန်လည်စိုက်ပျိုးနိုင်မှုနှင့် ရေကြီးရေလွှမ်းပြီးနောက် တွေ့ရတက်သည့် သီးနှံပိုးမွှားကာကွယ် နှိမ်းနင်းရေးလုပ်ငန်းများစနစ်တကျစီမံဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး မှာကြားသည်။ 

ယခုကြုံတွေ့ခဲ့ရသည့် မိုးသည်းထန်းစွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုကြောင့် သီးနှံ စိုက်ခင်းများ ထိခိုက်ပျက်စီးခဲ့ရာ မိတ္ထီလာခရိုင်၌ ဧကသုံးသောင်းငါးထောင်ကျော် ရမည်းသင်းခရိုင်တွင် ဧကငါးသောင်းခြောက်ထောင်ကျော်၊ ကျောက်ဆည်ခရိုင်၌ ဧကတစ်သိန်း တစ်သောင်းကျော်ရေကြီးနစ်မြှပ်ခဲ့ကြောင်း သိရသည်။