ရေကြီးနစ်မြုပ်၍ ထိခိုက်ပျက်စီးဧရိယာများ၌ဝင်ငွေရ သီးနှံတစ်မျိုးမျိုးကို စိုက်ဖြစ်အောင် စိုက်ပျိုးကြစေလို
  • Thu, 19 September 2024

ရေကြီးနစ်မြုပ်၍ ထိခိုက်ပျက်စီးဧရိယာများ၌ဝင်ငွေရ သီးနှံတစ်မျိုးမျိုးကို စိုက်ဖြစ်အောင် စိုက်ပျိုးကြစေလို


အရှေ့ဘက်မှလာသော လေပွေလှိုင်းအရှိန်ဖြင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုတွင် ထိခိုက်ပျက်စီးခဲ့သော မိုးသီးနှံများ ရာသီအချိန်မီ ပြန်လည် စိုက်ပျိုးနိုင်ရေး အတွက် ခရိုင်နှင့် မြို့နယ်အသီးသီးတွင် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ(၁၉)ရက်နေ့တွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ တောင်သူများအား ကျေးရွာအရောက် သွားရောက်တွေ့ဆုံ၍ ရေကြီးရေလျှံမှုကြောင့် အမှန်တကယ်သီးနှံစိုက်ပျိုးဆုံးရှုံးခဲ့သည့် တောင်သူ များအနေဖြင့် ရာသီချိန်မီ ပြန်လည်စိုက်ပျိုး လုပ်ကိုင်ကြမည်ဆိုပါက ထိရောက်စွာကူညီ ဆောင်ရွက် ပေးသွားမည့် အခြေအနေများ၊ သီးနှံချေးငွေဆိုင်ရာအခက်အခဲများ ရင်ဆိုင်ဖြေရှင်း နိုင်မည့် နည်းလမ်းများနှင့် အခွင့်အလမ်းများ ၊ တောင်သူ၏ရင်းနှီးမြုပ်နှံနိုင်မှုအခြေအနေအရ မျိုးစေ့ အပါအဝင် သွင်းအားစုစရိတ်လျှော့ချပြီး သီးနှံအထွက်နှုန်းကောင်းမွန်စေရေး ဆောင်ရွက်ရန် လိုအပ် ချက်များ ၊ ကျေးရွာအလိုက် စိုက်ပျိုးမည့် သီးနှံနှင့် လိုအပ်ချက်များကို စနစ်တကျ ပြုစုတင်ပြနိုင်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

တောင်သူများနှင့်တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးပြောကြားရာ၌ တောင်သူများ အနေဖြင့် မိုးစပါးအချိန်မီစိုက်ပျိုးလိုပါက သက်တမ်းတို မျိုးစပါးအသုံးပြု စိုက်ပျိုးနိုင်ရေးအပါအဝင် လိုအပ်ချက်များကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ အကယ်၍ စပါးသီးနှံပြန်လည်စိုက်ပျိုးရန် အခက်အခဲရှိပါက အခြားဝင်ငွေရ သီးနှံတစ်မျိုးမျိုး ကို စိုက်ဖြစ်အောင် စိုက်ပျိုးသွားကြရန် တိုက်တွန်းလိုပါကြောင်း၊ သို့မှသာ ယခုရာသီအတွက် တောင်သူများ ဝင်ငွေမဆုံးရှုံးစေပဲ နောက်ရာသီတွင် စိုက်ပျိုးလုပ်ကိုင်ရန် အရင်းအနှီးအဖြစ် လည်ပတ်လုပ်ကိုင်နိုင်ကြမည်ဖြစ် ပါကြောင်း၊ မိမိတို့ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နည်းပညာပံ့ပိုးပေးခြင်းအပြင် တောင်သူ့လိုအပ် ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးလျက်ရှိသဖြင့် တောင်သူများက စုစည်းညီညွတ်စွာကြိုးပမ်းပေးကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။




အလားတူ စိုက်ပျိုးရေးဦးစီးဌာန စပါးသီးနှံဌာနခွဲ ညွှန်ကြားရေးမှူး နှင့် နေပြည်တော် စိုက်ပျိုးရေးဦး စီးဌာနမှူးတို့ ဦးဆောင်သော တိုင်း၊ခရိုင်၊မြေ၊မျိုး၊ပိုးတာဝန်ခံများ နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် ကျည်တောင်အုပ်စု မွန်းတည့်ခွင် ကျေးရွာ ကွင်းအမှတ် ၁၅၈၉ ကွင်းရှိ တောင်သူ ဦးညွှန့်တင်၏ မိုးစပါးရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးလျက်ရှိသော ၀.၅ ဧကအား ဝမ်းစာစပါး ရရှိရေးအတွက် စပါးလမိုင်း (ratoon)ထားရှိရေး ပညာပေးဆောင်ရွက်ခဲ့ကြသည်။ဆက်လက် ၍  ကွင်းအမှတ် ၁၅၈၉ ရှိ တောင်သူ ဦးမျိုးဝင်းထွန်း ၏ မိုးစပါးစိုက်ခင်း ၂ ဧက တွင် ဖြုတ်ပိုး ကြိုတင် ကာကွယ်နိုင်ရေးအတွက် စုပေါင်းဆေးဖြန်းခြင်း(Campaign)ကို နည်းပညာပေး ဆောင်ရွက် ပြသခဲ့ကြကြောင်း သတင်းရရှိသည်။