၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
  • Mon, 30 September 2024

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်



(မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်း)

တင်ပြသူ - ဒေါ်စန္ဒာဝေ

   - မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

မင်္ဂလာပါရှင်။

အခုတစ်ပတ်တင်ပြမှာကတော့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွက် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်းချက်များ ဖြစ်ပါတယ်။ 

အနောက်တောင်မုတ်သုံလေဟာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှ ၈ ရက်နေ့ အတွင်း မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများမှလည်းကောင်း၊ အောက်တိုဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှလည်းကောင်း ဆုတ်ခွာသွားဖွယ်ရာရှိ ပါတယ်။ 

ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းမှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်  ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ပါတယ်။

မိုးရွာသွန်းမှုအခြေအနေမှာ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တိုမှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ပါတယ်။

မိုးရွာရက်များအနေနဲ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် တို့မှာ ၁၄ ရက်မှ ၂၀ ရက်ခန့်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ် နဲ့ကယားပြည်နယ်တို့မှာ ၈ ရက်မှ ၁၃ ရက်ခန့်  မိုးထစ်ချုန်းရွာနိုင်ပါတယ်။

မြစ်ရေအခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ (၁)ကြိမ်ခန့်စီနဲ့ ပဲခူးမြစ်ရေဟာ ပဲခူးမြို့ မှာ (၁)ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါတယ်။

အချုပ်အားဖြင့် တင်ပြလိုတာကတော့ လာမယ့် အောက်တိုဘာလဟာ မိုးလွန်ကာလ ဖြစ်သည့်အလျောက် ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နိုင်သေးတဲ့ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းများကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာတဲ့ အရှေ့လေပွေလှိုင်းများ မြန်မာ နိုင်ငံတောင်ပိုင်းဒေသများသို့ တိုးဝင်တဲ့အခါမှာလည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျားလာတဲ့ အနောက်လေပွေလှိုင်းများ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများသို့ တိုးဝင်တဲ့အခါမှာလည်းကောင်း၊ မွန်းလွဲ/ညနေပိုင်းမှာ ဖြစ်ပေါ်တက်တဲ့ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့် လည်းကောင်း၊ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်တက်တဲ့ တိုင်ဖုန်းမုန်တိုင်းရဲ့ တိမ်တိုက် အကြွင်းအကျန်များ မြန်မာနိုင်ငံဘက်ဆီသို့ ရွေ့လျားလာတဲ့အခါမှာလည်းကောင်း၊ မြန်မာနိုင်ငံ အရပ်ရပ်မှာ အခါလွန်မိုးများ၊ မုန်တိုင်းမိုးများ ထစ်ချုန်းရွာသွန်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ် ခြင်း စတဲ့မိုးလေဝသ ဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသေးတယ်။ အထူးသဖြင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ ပြည်တွင်းရေကြောင်းသွားလာ ရေး၊ ကမ်းရိုးတန်းသွားသင်္ဘောများ၊ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များအနေဖြင့် ဘင်္ဂလား ပင်လယ်အော်မှာ ဖြစ်ပေါ်နိုင်တဲ့ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းသတင်းများကို နားထောင်ပြီး အထူးဂရုပြု သွားလာစေလိုပါတယ်။

အဲဒီလို ထူးခြားတဲ့ မိုးလေဝသအခြေအနေ၊ မြစ်ရေအခြေအနေများနဲ့ ပတ်သက်၍ ကြိုတင် သတိပေးချက်၊ ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ၊ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အချိန်နဲ့ တပြေးညီထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ 

မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ Website ဖြစ်တဲ့ www.moezela.gov.mm သို့လည်းကောင်း၊ မိုးလေဝသ နဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ Facebook သို့လည်းကောင်း၊ မိုးလေဝသ နဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ Youtube Channel သို့လည်းကောင်း၊ နေပြည်တော်ရှိ အလိုအလျောက် ဖြေကြားစက်ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့လည်းကောင်း၊ Call Center 1876 (ext no 5) သို့လည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ်သတင်း စာများ၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ်အသီးသီးတို့မှ နေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ FM ရေဒီယို များမှလည်း မိုးလေဝသနဲ့ ဇလဗေဒသတင်း၊ သတိပေးချက်များကို ကြည့်ရှုနားဆင်နိုင်ပါတယ် ဆိုတဲ့အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။


ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါစေရှင်