ဒေသအလိုက် နှစ်စဉ်စိုက်ပျိုးထုတ်လုပ်နိုင်စွမ်း လျှော့ကျမသွားစေရေးကြိုးပမ်း
  • Wed, 2 October 2024

ဒေသအလိုက် နှစ်စဉ်စိုက်ပျိုးထုတ်လုပ်နိုင်စွမ်း လျှော့ကျမသွားစေရေးကြိုးပမ်း


စက်တင်ဘာလ ဒုတိယပတ်တွင်ဖြစ်ပေါ်ခဲ့သော မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှု များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးသီးနှံများ ရာသီအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး၊ သဲနုန်းများဖုံး လွှမ်းခဲ့သော စိုက်ပျိုးမြေများအား ဖယ်ရှားရှင်းလင်းခြင်း နှင့် မြေပြင်ခြင်း လုပ်ငန်းများကို တောင်သူများ ဆောင်းသီးနှံစိုက်ပျိုးချိန်အမီ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနအဖွဲ့ အစည်းများနှင့် ချိတ်ဆက်ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို အောက်တိုဘာလ (၂)ရက်နေ့ နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်သည်။




အဆိုပါလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးသီးနှံများ ရာသီ အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးရမည့်လုပ်ငန်းစဉ်များ၊ လယ်ယာကဏ္ဍ ဆိုင်ရာ လိုအပ်ချက်များအပေါ် နိုင်ငံတော်က စီမံဆောင်ရွက်ရာတွင် အထောက်အပံ့ ကောင်းဖြစ် စေရန် ထိခိုက်ခဲ့မှု၊ ပျက်စီးခဲ့မှု၊ ပြန်လည်စိုက်ပျိုးပြီးစီးမှု၊ မိုးစပါးပြန်လည် စိုက်ပျိုးရန် အခက်အခဲရှိ သည့်ဒေသများတွင် ဝင်ငွေရသီးနှံများ အစားထိုးစိုက်ပျိုးထားရှိသည့် သီးနှံအမျိုးအစား နှင့် စိုက်ဧက ၊ ဆောင်းသီးနှံ နှင့် နွေစပါးသီးနှံများ အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် စီမံဆောင်ရွက် ထားရှိမှုနှင့် လိုအပ်ချက်များအား ကြိုတင် တွက်ချက် တင်ပြမှု စသည်တို့နှင့် ပတ်သက်သော စာရင်း ဇယားများ တိကျမှန်ကန်စွာ ရေးဆွဲတင်ပြရန် ကိစ္စရပ်များ၊ ဒေသအလိုက် နှစ်စဉ် စိုက်ပျိုးထုတ်လုပ်နိုင်စွမ်း လျှော့ကျမသွားစေရေးအတွက် သက်ဆိုင်ရာဌာအဖွဲ့ အစည်းများ၊ တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။

ထို့နောက် စိုက်ပျိုးပညာပေးရေးဌာနခွဲ နှင့် စပါးသီးနှံဌာနခွဲ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးများက ဆောင်ရွက်ပြီး ၊ ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်ရန် လျာထားချက်များ၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ကိုတင်ပြကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသူရစိုး နှင့် ဦးမျိုးဇော် တို့က ဖြည့်စွက် ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။