၂၀၂၃-၂၀၂၄ ပညာသင်နှစ်စိုက်ပျိုးရေး ဒီပလိုမာ တတိယနှစ် အငယ်တန်း၊ မွေးမြူရေး ဒီပလိုမာ တတိယနှစ် သင်တန်းများ၏ စာမေးပွဲ အောင်၊ရှုံးဆုံးဖြတ် အတည်ပြုခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ် သင်တန်းသားများ ရွေးချယ်ခြင်းအစည်းအဝေး ကျင်းပ
  • Tue, 22 October 2024

၂၀၂၃-၂၀၂၄ ပညာသင်နှစ်စိုက်ပျိုးရေး ဒီပလိုမာ တတိယနှစ် အငယ်တန်း၊ မွေးမြူရေး ဒီပလိုမာ တတိယနှစ် သင်တန်းများ၏ စာမေးပွဲ အောင်၊ရှုံးဆုံးဖြတ် အတည်ပြုခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ် သင်တန်းသားများ ရွေးချယ်ခြင်းအစည်းအဝေး ကျင်းပ


စိုက်ပျိုးရေးဦးစီးဌာနရုံးချုပ် အစည်းအဝေးခန်းမတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး သိပ္ပံကျောင်းများ ၏  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်စိုက်ပျိုးရေး ဒီပလိုမာ တတိယနှစ် အငယ်တန်း၊ မွေးမြူရေးဒီပလိုမာ တတိယနှစ် သင်တန်းများ၏ စာမေးပွဲ အောင်၊ရှုံး ဆုံးဖြတ်အတည်ပြုခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စိုက်ပျိုးရေးနှင့်မွေးမြူရေးဒီပလိုမာပထမနှစ် သင်တန်းသားများ ရွေးချယ်ခြင်း အစည်းအဝေးကို အောက်တိုဘာ၂၂ရက်နေ့ မနက်(၁၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက စိုက်ပျိုးရေးနှင့် မွေးမြူရေး သိပ္ပံကျောင်းများသည် တည်ရှိရာဒေသ၌ စိုက်ပျိုးရေးကဏ္ဍအတွက် စံနမူနာပြ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးပညာရှင်များ မွေးထုတ်ပေးရာ သိပ္ပံကျောင်းများဖြစ်၍  ကျောင်း၏ စိုက်ကွင်းများသည် မျိုးကောင်းမျိုးသန့်များကိုသာ ရွေးချယ်စိုက်ပျိုး၍ နည်းပညာများကို လက်တွေ့အသုံးချရန် လိုအပ်ကြောင်း၊ ကျောင်း၏ စိုက်ကွင်းများသည် ရာသီအချိန်နှင့်အညီ ဝါစိမ်းညို သင်္ကေတဖြင့် ရင့်မှည့်ချိန်တွင် အဝါရောင်၊ စိုက်ပျိုးပြုစုဆဲ ကာလတွင် အစိမ်းရောင်၊ သီးနှံစိုက်ပျိုးထားခြင်း မရှိသောကာလတွင် မြေပြုပြင်ထားသော  အညိုရောင် ဖြစ်နေရမည် ဖြစ်ကြောင်း၊ ကျောင်းများ၏ စိုက်ကွင်းများသည် သီးထပ်စွမ်းအား မြှင့်တင်ရေး ၊တစ်နှစ် သုံးသီး စိုက်ပျိုးနိုင်ရေး တို့ကို ပညာရှင်များဖြစ်၍ အလေးထား ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ် စိုက်ပျိုးရေးနှင့်မွေးမြူရေး ပထမနှစ် ဒီပလိုမာသင်တန်းများကို နိုဝင်ဘာလ (၂၃)ရက်တွင် နိုင်ငံတစ်ဝန်းရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေး သိပ္ပံကျောင်းများတွင် တပြိုင်နက် ဖွင့်လှစ်သွားမည်ဖြစ်သည်။ 

အဆိုပါ အစည်းအဝေးသို့ စိုက်ပျိုးရေးဦးစီးဌာန ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း (၁၄) ကျောင်း မှ  ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြသည်။