ပြည်တွင်းချည်ထည်လုပ်ငန်းကုန်ကြမ်းလိုအပ်ချက် ဖူလုံစွာဖြည့်ဆည်းပေးနိုင်ရေးကြိုးပမ်း
  • Thu, 19 December 2024

ပြည်တွင်းချည်ထည်လုပ်ငန်းကုန်ကြမ်းလိုအပ်ချက် ဖူလုံစွာဖြည့်ဆည်းပေးနိုင်ရေးကြိုးပမ်း


ပြည်တွင်းချည်ထည်လုပ်ငန်း အတွက် ကုန်ကြမ်းလိုအပ်ချက် ဖူလုံစွာဖြည့်ဆည်း ပေးနိုင်ရေး၊ ချည်မျှင်ရှည်ဝါစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေး ခန်းမ ၌ ကျင်းပပြုလုပ်သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု နှင့် သဘာဝဘေးအပါအဝင် ချည်မျှင်ရှည်ဝါစိုက်ပျိုး ထုတ်လုပ်မှုကို ထိခိုက်စေနိုင်သည့် ဖြစ်စဉ်များကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ဒေသအလိုက် လိုအပ်သော အစီအမံများ ဆောင်ရွက်နိုင်ရေး ၊ လက်ရှိစိုက်ပျိုးဖြစ်ထွန်းလျက် ရှိသည့် ဝါသီးနှံ စိုက်ခင်းများ ပန်းတိုင်အထွက်ရရှိရေးနှင့် ဝါဂွမ်းမွေးအရည်အသွေး ကောင်းမွန်ရေး တို့ အတွက် လိုအပ်သော နည်းပညာပေးလုပ်ငန်းများအပါအဝင် ကွင်းဆင်း ကြပ်မတ် ဆောင်ရွက်ရန်လိုအပ်ချက်များ ၊ စိုက်ဧက နှင့် အထွက်နှုန်း စာရင်း ဇယားကိန်းဂဏန်းများ မှန်ကန်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

အစည်းအဝေးတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၊ ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ ညွှန်ကြားရေးမှူး နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ် ၊ ခရိုင် နှင့် မြို့နယ်ဦးစီးမှူးများ ၊ ခြံတာဝန်ခံများ က အွန်လိုင်းစနစ်ဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ယခုနှစ်တွင် တစ်နိုင်ငံလုံး၌ ဝါစိုက်ဧကငါးသိန်းလေးသောင်းကျော် ရှိကြောင်း ၊ ခရိုင်နှင့် မြို့နယ်အသီးသီးမှ စိုက်ပျိုးရေး ဦးစီးဌာနတာဝန်ရှိသူများအနေဖြင့် လက်ရှိစိုက်ပျိုးထား သည့် ဝါစိုက်ဧရိယာများ၏ အထွက်နှုန်းတိုးတက်ရေး ဝါဂွမ်းအရည် အသွေးကောင်းမွန်ရေး အတွက် နည်းပညာအပါအဝင် လိုအပ်ချက်များကို ရာသီချိန်အမီ ကူညီဆောင်ရွက် ပေးနိုင်ရေး ၊ သဘာဝဘေးကြောင့် ဝါသီးနှံစိုက်ခင်းများထိခိုက်ခဲ့မှု နှင့် ပျက်စီးခဲ့မှု အခြေအနေများ၊ အစားထိုးစိုက်ပျိုးခြင်း ကုစားခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့မှု ၊ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်မှု ၊ ဝါသီးနှံစိုက်ဧက နှင့် အထွက်နှုန်းဆိုင်ရာ အခြေခံစာရင်း ဇယား ကိန်းဂဏန်းများ မှန်ကန်ရေး အတွက် ယနေ့လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။