၂၀၂၅ မျိုးစေ့ပြပွဲတွင် စိုက်ပျိုးပညာပေးနည်းပညာဖြန့်ဝေမှုလုပ်ငန်းများ ဆောင်ရွက်သွားမည်
  • Wed, 15 January 2025

၂၀၂၅ မျိုးစေ့ပြပွဲတွင် စိုက်ပျိုးပညာပေးနည်းပညာဖြန့်ဝေမှုလုပ်ငန်းများ ဆောင်ရွက်သွားမည်


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပျဉ်းမနားမြို့ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၌ ၂၀၂၅ ခုနှစ် မျိုးစေ့ပြပွဲ ကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

အဆိုပါမျိုးစေ့ပြပွဲသို့ ဝါစိုက်တောင်သူများအပါအဝင် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေ သကြီး၊ ပြည်နယ်များမှ စိတ်ပါဝင်စားသူ တောင်သူများ၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် ဆက်စပ် လုပ်ငန်းဆောင်ရွက်သူ လုပ်ငန်းရှင်များအားလုံးကို ဖိတ်ကြားပြီး စိုက်ပျိုးပညာ ပေးလုပ်ငန်းများ၊ နည်းပညာဖြန့်ဝေမှုလုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်သည်။ 

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အစေ့ထုတ်ပြောင်းနှင့် နေကြာသီးနှံများကို နည်းစနစ်ကျ ပုံစံကျ စိုက်ပျိုးထားရှိမှု၊ နိုင်ငံခြားဝါမျိုးများဖြစ်သည့် RAKA 66၊ B31 နှင့် KTK မျိုးသုံးမျိုး၊ ပြည်တွင်းဝါမျိုးများဖြစ်သည့် ရွှေတောင် (၈)၊ ရွှေတောင် (၁၀) နှင့် ငွေချည် (၁၁) မျိုးသုံးမျိုး စုစုပေါင်း မျိုးခြောက်မျိုး ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထားရှိမှုတို့ကို အသေးစိတ်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

မွေးမြူရေးသိပ္ပံကျောင်း၌ ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထားသော ဝါမျိုးများသည် ရေရှိပါက ရာသီမရွေးစိုက်ပျိုးဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်သည့်အတွက် ဝါတစ်သီးသာ စိုက်ပျိုးသည့် အချို့ဒေသများတွင် ရေရရှိရေး ဆောင်ရွက်ပေးခြင်း ဖြင့် သီးထပ်စိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ စိုက်ပျိုးပြသခြင်းဖြစ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းသား ကျောင်းသူများ၏ မွေးမြူရေးဘာသာရပ်အတွက် သင်ကြားမှုအထောက်အကူပြု ဆိတ်၊ နွားနှင့် ဒေသကြက်မွေးမြူရေးခြံများ၊ လက်တွေ့လေ့ကျင့်စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက် စိုက်ခင်းများနှင့် သုတေသနပြုစမ်းသပ်စိုက်ခင်းများကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးထွက်ရှိသော ဟင်းသီးဟင်းရွက် အသီးအနှံများကို ကျောင်းသားကျောင်းသူများ၏ စားရိပ်သာနှင့် ဝန်ထမ်းများအတွက် သက်သာသော ဈေးနှုန်းဖြင့် ပိုမိုရောင်းချပေးနိုင်ရေးကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။