မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ ၏ အကြိမ်(၃၀)မြောက် အစည်းအဝေးကျင်းပ
  • Fri, 21 March 2025

မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ ၏ အကြိမ်(၃၀)မြောက် အစည်းအဝေးကျင်းပ


မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ ၏ အကြိမ်(၃၀)မြောက် အစည်းအဝေး ကို မတ်လ (၁၉)ရက်နေ့ မွန်းလွဲပိုင်း က နေပြည်တော် ရုံးအမှတ်(၄၃) စိုက်ပျိုးရေးဦးစီးဌာန ရုံးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ ဥက္ကဌ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ပြည်တွင်းမှ ထုတ်လုပ်သော သီးနှံမျိုးများကို အဓိကထားသုံးစွဲနိုင်ရေး စီမံဆောင်ရွက်ခြင်းဖြင့် ပြည်ပမှ တင်သွင်းအသုံးပြုရသည့် မျိုးစေ့များ အပေါ်မှီခိုနေရမှုနှင့် နိုင်ငံခြားငွေသုံးစွဲရမှု လျှော့ချနိုင်ရေး  စီမံဆောင်ရွက်ကြရန် ၊ စိုက်ပျိုးရေးဦးစီးဌာန ၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန နှင့် စိုက်ပျိုးရေးတက္ကသိုလ် တို့အနေဖြင့် မျိုးစေ့ထုတ်လုပ်ခြင်းဆိုင်ရာ သုတေသနပြု လုပ်ငန်းများမြှင့်တင်ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း ၊ ပြည်ပမှတင်သွင်း သည့် စပ်မျိုးစပါးမျိုးစေ့များ သုံးစွဲရာတွင် စနစ်တကျ စိစစ်ဆောင်ရွက်ရန် ၊ ဆန်စပါးပြည်တွင်း စားသုံးမှု ဖူလုံပြီးဖြစ်သော မိမိတို့နိုင်ငံအနေဖြင့် ပြည်တွင်းရှိပြီး မျိုးများကိုသာ မျိုးကောင်း မျိုးသန့်များ ရွေးချယ် ပွားများ စိုက်ပျိုးကြရန် ဖြစ်ကြောင်း၊ မျိုးစပ်ခြင်း Hybrid Technology နည်းပညာ တိုးတက် နေသော်လည်း ပြည်ပမျိုးနှင့် ပြည်တွင်း မျိုးယှဉ်ပြိုင်နိုင်ရန် လိုအပ် နေသေးကြောင်း၊ ပြည်တွင်း အရည်အသွေးကောင်းမျိုးများ ထုတ်လုပ် နိုင်ရေး အားပေး မြှင့်တင် ပေးမှသာ နည်းပညာ ပိုမိုတိုးတက်လာပြီး ပြည်တွင်းပညာရှင်များလည်း မျိုးသစ်များ ထုတ်လုပ် နိုင်မည်ဖြစ်ကြောင်း၊ အစေ့ထုတ်ပြောင်းမျိုးများကို ပြည်တွင်း၌ မျိုးစပ်ထုတ်လုပ်ခြင်းကို အားပေးလျက် ရှိကြောင်း၊ ပြည်တွင်းထုတ် မျိုးစေ့ရရှိနိုင်မှုအပေါ်မူတည်ပြီး လိုအပ်မှသာ ပြည်ပမျိုးတင်သွင်း ခြင်းကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ ပေါ်ဆန်း စပါး စိုက်ပျိုးထုတ်လုပ်ခြင်းကို အားပေးမြှင့်တင်ပြီး ပြည်တွင်းစားသုံးမှု ဖူလုံရေး အပြင် ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေးအတွက် ပေါ်ဆန်းစပါး မျိုးစေ့ထုတ်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်လာစေရေး အားပေးဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မြန်မာ့ပေါ်ဆန်းစပါး ဟု သတ်မှတ် နိုင်ရန်အတွက် ပေါ်ဆန်းမျိုးများထဲမှ စစ်မှန်သောမျိုးကို ရွေးချယ်ပွားများထုတ်လုပ်ရန် ပညာရှင် များက ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

အစည်းအဝေးတွင် ပုဂ္ဂလိကကုမ္ပဏီများက မျိုးသစ်အသိအမှတ်ပြု လက်မှတ်ရရှိရေး  တင်ပြလာသည့် သီးနှံမျိုးများ နှင့် အထွေထွေကိစ္စရပ်များ ကို အစည်းအဝေးတက်ရောက် လာကြသည့် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီဝင်များ က အသေးစိတ် စိစစ် ဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သတင်း ရရှိသည်။