၂၀၂၅ ခုနှစ်၊ သြဂုတ်လ အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက် (မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်း)
  • Wed, 6 August 2025

၂၀၂၅ ခုနှစ်၊ သြဂုတ်လ အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်  (မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်း)


တင်ပြသူ - ဒေါ်စန္ဒာဝေ

- မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

…………………………………………………………………………….........................................

မင်္ဂလာပါရှင်။


အခုတစ်ပတ် တင်ပြမှာကတော့ ၂၀၂၅ ခုနှစ်၊ သြဂုတ်လအတွက် မိုးလေဝသနဲ့ ဇလ ဗေဒခန့်မှန်းချက်များ ဖြစ်ပါတယ်။ 

ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ် အော်တို့မှာ လေဖိအားနည်းရပ်ဝန်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ အနောက်တောင်မုတ်သုံလေဟာ ကပ္ပလီပင်လယ် ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ အားအသင့်အတင့်မှ အားကောင်းနိုင်ပါတယ်။

မိုးရွာသွန်းမှုအ‌ခြေအနေမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့အရှေ့ပိုင်း)တို့မှာ ရွာသွန်းမြဲခန့် မိုး ထစ်ချုန်းရွာနိုင်ပါတယ်။

မိုးရွာရက်များအနေနဲ့ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှာ ၂၅ ရက်မှ ၃၀ ရက်ခန့်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့ အရှေ့ပိုင်း)တို့မှာ ၁၉ ရက်မှ ၂၄ ရက်ခန့်နဲ့ မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့မှာ ၁၄ ရက်မှ ၁၈ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

မြစ်ရေအခြေအနေမှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်း ဧရာဝတီမြစ်ရေဟာ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့ တို့မှာ (၁)ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝ မြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ဒုဋ္ဌဝတီမြစ်ရေဟာ မြစ်ငယ်မြို့မှာ (၁)ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ရွှေကျင် မြစ်ရေဟာ ရွှေကျင်မြို့မှာ (၁)ကြိမ်ခန့်၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ (၁)ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ (၁)ကြိမ်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၁)ကြိမ်ခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ (၁)ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါတယ်။

အချုပ်အားဖြင့် တင်ပြလိုတာကတော့ လာမယ့် သြဂုတ်လဟာ ရာသီကာလအပိုင်း အခြားအနေဖြင့် မိုးလယ်ကာလ ဒုတိယလဖြစ်ပြီး၊ အနောက်တောင်မုတ်သုံလေ အားကောင်း တက်တဲ့အချိန်လည်း ဖြစ်ပါတယ်။ မိုးလယ်ကာလဖြစ်တဲ့ သြဂုတ်လအတွင်း ဘင်္ဂလား ပင်လယ်အော်မှာ ဖြစ်ပေါ်နိုင်တဲ့ လေဖိအားနည်းရပ်ဝန်းများနဲ့ မုန်တိုင်းများကြောင့်လည်း ကောင်း၊ မုတ်သုံအင်အားအလွန်ကောင်းခြင်းကြောင့်လည်းကောင်း၊ တောင်တရုတ်ပင်လယ် ပြင်မှာ ဖြစ်ပေါ်နိုင်တဲ့ တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန်များကြောင့်လည်းကောင်း၊ မြန်မာ နိုင်ငံအရပ်ရပ်မှာ တစ်ခါတစ်ရံ လေပြင်းတိုက်ခတ်ခြင်းများနဲ့ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်တဲ့အတွက် ပြည်တွင်းလေကြောင်းပျံသန်း ရေး၊ ပြည်တွင်းရေကြောင်းသွားလာရေးနဲ့ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များအနေဖြင့် အထူးသတိပြုမောင်းနှင်ကြဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် လာမယ့်သြဂုတ်လအတွင်း မြန်မာ နိုင်ငံရှိ မြစ်ကြီးများမှ မြစ်ရေများဟာလည်း စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နိုင်သေးတဲ့ အတွက် မြစ်ရေကြီးခြင်း သတိပေးချက်၊ ထုတ်ပြန်ချက်များကို အထူးဂရုပြုစေလိုပါတယ်။

အဲဒီလို ထူးခြားတဲ့ မိုးလေဝသအခြေအနေ၊ မြစ်ရေအခြေအနေများနဲ့ ပတ်သက်လို့ ကြိုတင်သတိပေးချက် ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ၊ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အချိန်နဲ့တစ်ပြေးညီထုတ်ပြန် ပေးသွားမှာဖြစ်ပါတယ်။

မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ Website ဖြစ်တဲ့ www.moezala.gov.mm သို့လည်းကောင်း၊ မိုးလေ ဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ Facebook သို့လည်းကောင်း၊ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ YouTube Channel သို့လည်းကောင်း၊ နေပြည်တော်မှာရှိတဲ့ အလို အလျောက်ဖြေကြားစက်ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့လည်းကောင်း၊ Call Center 1876 (ext no.5)သို့လည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ်သတင်းစာများ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးတို့မှာ နေ့စဉ်ထုတ်လွှင့်လျက် ရှိတဲ့ FM ရေဒီယိုများမှလည်း မိုးလေဝသနဲ့ ဇလဗေဒသတင်း၊ သတိပေးချက်များကို ကြည့်ရှု နားဆင်နိုင်ပါတယ်ဆိုတဲ့ အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေရှင်။