တောင်သူများ နည်းပညာလက်ခံ ကျင့်သုံးမှု တိုးပွားလာစေရန် ကြိုးပမ်း
  • Tue, 22 July 2025

တောင်သူများ နည်းပညာလက်ခံ ကျင့်သုံးမှု တိုးပွားလာစေရန် ကြိုးပမ်း


တိုင်းဒေသကြီး ပြည်နယ်များတွင် တောင်သူ ပညာပေးလုပ်ငန်းဆောင်ရွက်လျက်ရှိကြသည့် စိုက်ပျိုးရေးဦးစီးဌာန နိုင်ငံ့ဝန်ထမ်းများအနေဖြင့် စိုက်ပျိုးပညာပေးဆိုင်ရာ အတွေးအခေါ်များ ပြည့်ဝစေရန် ၊ သင့်တော်သည့် တောင်သူပညာပေး နည်းလမ်းများကို ပေါင်းစပ် သုံးစွဲနိုင်ခြင်းဖြင့် အကျိုးရှိထိရောက်စေမည့် စိုက်ပျိုးနည်းပညာများ တောင်သူ့ထံ ကျယ်ကျယ် ပြန့်ပြန့်ရောက်ရှိစေရန် ရည်ရွယ်ဖွင့်လှစ်သည့် စိုက်ပျိုးပညာပေးစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း(၂/၂၀၂၅)ကို ဇူလိုင်လ ၂၂ ရက်နေ့ နှင့် ၂၃ ရက်နေ့များတွင်ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။


စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် တောင်သူများ နည်းပညာလက်ခံ ကျင့်သုံးမှု တိုးပွားလာစေရန် ပုံစံအမျိုးမျိုးဖြင့်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူပညာပေးလုပ်ငန်းတွင် လွန်စွာ အရေးပါသည့် စိုက်ပျိုးပညာပေးဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးအတွက် စိုက်ပျိုးပညာ ပေးရေးဌာနခွဲ၊ စီမံကိန်းများဌာနစိတ်က သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ ယခု သင်တန်းတွင် စစ်ကိုင်း၊ပဲခူး၊မကွေးနှင့်ရန်ကုန်တိုင်းဒေသကြီးများမှ စိုက်ပျိုးရေးဝန်ထမ်းများကို ဘာသာရပ်(၁၀)ခု ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းဆောင်ရွက်ခြင်းဖြင့် တောင်သူပညာပေး လုပ်ငန်းအတွက် သာမက စိုက်ပျိုးပညာပေးဝန်ထမ်းများ၏ လက်တွေ့လုပ်ငန်းခွင်အတွက်ပါ အကျိုးရှိစေမည်ဖြစ်ကြောင်း သိရသည်။


တိုင်းဒေသကြီး(၄)ခုမှ ဝန်ထမ်း(၂၀၀)ဦး တက်ရောက်လေ့လာလျက်ရှိသည့် အဆိုပါသင်တန်း တွင် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေ အကြောင်းသိကောင်းစရာ၊ နည်းပညာပြန့်ပွားရေးအတွက် စိုက်ပျိုး ပညာပေးနည်းလမ်းများ၊ ပညာပေးဝန်ထမ်း၏ အရည်အချင်းလက္ခဏာများ၊ ပူးပေါင်းပါဝင်သည့် ကျေးလက်ဒေသ အကဲ ဖြတ်သုံးသပ်ခြင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံထိခိုက်မှု လျော့နည်းရေးဆောင်ရွက်ရန် ပူးပေါင်းပါဝင် သည့်ပညာပေးလုပ်ငန်းများ၊နည်းပညာ လက်ခံကျင့်သုံးမှုနှင့် လူမှုဒေသ အခြေအနေကို လေ့လာခြင်း၊စိုက်ပျိုးပညာပေးရေး စီမံခန့်ခွဲမှု၊အီလက်ထရောနစ် စိုက်ပျိုးပညာပေးရေး(E-extension)၊စိုက်ပျိုးရေးဆိုင်ရာ ဆန်းသစ်တီထွင်မှုစနစ် ပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးပညာ ပေးဝန်ထမ်းများ၏ အခန်းကဏ္ဍ ဘာသာရပ်များ အပါအဝင် ဆောင်းပါးရေးသားနည်း ၊ သတင်းရေးသား ထုတ်ပြန်ခြင်းနှင့် မီဒီယာလုပ်ငန်း ဆိုင်ရာများ ကို ဌာနတွင်းမှ ကျွမ်းကျင်သူများက ပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။