အချိန်အခါမဟုတ် မုန်တိုင်းမိုးရွာသွန်းမှုကြောင့် မိုးစပါးနှင့် ဆောင်းသီးနှံများ ထိခိုက်ပျက်စီးမှုမရှိစေရေး လိုက်နာဆောင်ရွက်ရန် နှိုးဆော်ချက်
  • Thu, 11 September 2025

အချိန်အခါမဟုတ် မုန်တိုင်းမိုးရွာသွန်းမှုကြောင့် မိုးစပါးနှင့် ဆောင်းသီးနှံများ ထိခိုက်ပျက်စီးမှုမရှိစေရေး လိုက်နာဆောင်ရွက်ရန် နှိုးဆော်ချက်


၁။ တောင်တရုတ်ပင်လယ်ပြင်မှ ရွေ့လျားလာသော လေပွေလှိုင်းများကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီး ရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့် လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များ အားလုံးတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊နေရာကွက်၍မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ပါကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးနှိုးဆော်ချက်သတင်းထုတ်ပြန်ထားပါသည်။

၂။ အဆိုပါ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း        စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင် သတိပြု ရှောင်ရှားနိုင်ပါရန်နှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ရန် မိုးလေဝသ နှင့် ဇလဗေဒဦးစီးဌာနမှ အကြံပြုချက်အပေါ်  ထပ်ဆင့်အသိပေးနှိုးဆော်အပ်ပါသည်။

၃။ ယခုအခါ အချို့သော တိုင်းဒေသကြီး/ပြည်နယ်များတွင်  မိုးစပါးများစတင် ရိတ်သိမ်းလျှက် ရှိပါသည်။ အချိန်အခါမဲ့ မုန်တိုင်းမိုးရွာသွန်းမှုကြောင့်  ရိတ်သိမ်းဆဲသီးနှံများ လေလွင့်ဆုံးရှုံးမှု မဖြစ်စေရေးအတွက်  အောက်ပါလုပ်ငန်းများကို  လိုက်နာဆောင်ရွက်ကြရန်  တိုက်တွန်း နှိုးဆော် အပ်ပါသည်-

(က) မုန်တိုင်းကင်းစင်မှသာ  ရိတ်သိမ်းခြင်းလုပ်ငန်းများ  စတင်ဆောင်ရွက်ပါ။

(ခ) ရင့်မှည့်ပြီးစပါးခင်းများ မိုးရွာသွန်းခြင်း၊ လေတိုက်ခြင်းတို့ကြောင့် ယိုင်လဲမှုဖြစ်ပေါ် ပါက ရေအမြန်ဆုံးထုတ်ပြီး ရိတ်သိမ်းပါ။

(ဂ) အချိန်တိုအတွင်း ရိတ်သိမ်းချွေလှေ့မှု ပြီးစီးရန် ရိတ်သိမ်းချွေလှေ့စက်များ အသုံးပြု      ပါ။

(ဃ) ရိတ်သိမ်းစက်၊ ချွေလှေ့စက်၊ ရိတ်သိမ်းချွေလှေ့စက်၊ အခြောက်ခံစက်များ သုံးစွဲနိုင်    ရေး ဆောင်ရွက်ပါ။

(င) စက်ကိရိယာ အခက်အခဲကြောင့်  လူလုပ်အားဖြင့်ဆောင်ရွက်ရပါက တစ်ကွက်ချင်း   ကို အပြီးရိတ်သိမ်းချွေလှေ့ပါ။ စပါးရင့်မှည့်မှုအလိုက် အလှည့်ကျ ရိတ်သိမ်းချွေလှေ့   နိုင်ရန် ညှိနှိုင်းဆောင်ရွက်ပါ။

(စ) ချက်ချင်းမချွေလှေ့နိုင်သည့် ကောက်လှိုင်းထုံးများကို ကန်သင်းပေါ်တွင် စုပုံထား ရှိခြင်း မပြုပါရန်နှင့် အမိုးအကာအောက်သို့ အမြန်ဆုံးသယ်ယူ၍ စနစ်တကျ စုပုံ    ထားရှိပါ။ အမိုးအကာ လုံလောက်မှုမရှိလျှင် မိုးရေလျောကျစေရန် တစ်ဖက်  စောင်းနိမ့်ပုံစံဖြင့် စုပုံပါ၊ (သို့မဟုတ်) ကောက်လှိုင်းများအား ဖိုခနောက်ဆိုင် ထောင်ထားပါ။

(ဆ) စုပုံထားသော ကောက်လှိုင်းပုံများကို နေသာချိန်တွင် အမြန်ဆုံး ချွေလှေ့ပါ။ ချွေလှေ့ပြီး စပါးများကို အစိုဓါတ်(၁၄) ရာခိုင်နှုန်း ရရှိသည်အထိ အခြောက်ခံစက် အသုံးပြု၍ (သို့မဟုတ်) နေလှန်း၍ အခြောက်ခံပါ။

(ဇ) မိုးစပါးနှင့် ဆောင်းသီးနှံစိုက်ခင်းများတွင် မုန်တိုင်းမိုးကြောင့် ရုတ်တရက် ရေကြီးရေလျှံ ခြင်းများ ဖြစ်ပေါ်ပါက မိုးရွာသွန်းမှုရပ်သွားလျှင် ရေကတုတ်များမှ ချက်ချင်း ရေဖောက်ထုတ်ပါ။

(ဈ) စိုက်ခင်းများအနီးတွင် ချောင်းကော၊ မြောင်းကောများရှိပါက ရေနှုတ်မြောင်းများ တူးဖော်ပြီး စိမ့်မြောင်း၊ ပတ်မြောင်းများ စနစ်တကျတူးဖော်ပါ။

(ည) မိုးကောင်းသောက် ဧရိယာများတွင်  မိုးသီးနှံများ ရိတ်သိမ်းပြီးပါက ဆောင်းသီးနှံများ ဆက်လက်စိုက်ပျိုးနိုင်ရန် အသင့်ပြင်ဆင်ပါ။

၄။ သီးနှံများ ရိတ်သိမ်းပြီးချိန်တွင် လေလွင့်ဆုံးရှုံးမှုများ သက်သာစေရန်အတွက် အထက်ပါ လုပ်ငန်းစဉ်များကို တောင်သူလယ်သမားများအားလုံး လိုက်နာဆောင်ရွက် နိုင်ကြရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှလည်း ပူးပေါင်းကူညီ ဆောင်ရွက်ပေးနိုင်ကြပါရန်နှင့် အကူအညီ လိုအပ်ပါက တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးများသို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်း တိုက်တွန်းနှိုးဆော် အပ်ပါသည်။



စိုက်ပျိုးရေးဦးစီးဌာန

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန