၂၀၂၅ -၂၀၂၆ ခုနှစ် ကြံရာသီ အတွက် သကြားစက်ရုံများနှင့် ကြံဝယ်ယူရေးဆိုင်ရာလုပ်ငန်းညှိနှိုင်း တောင်သူလယ်သမားများ စိုက်ပျိုး ထွက်ရှိသမျှ ကြံအားလုံးကို ဝယ်ယူကြိတ်ခွဲနိုင်ရေးဆွေးနွေး
  • Fri, 24 October 2025

၂၀၂၅ -၂၀၂၆ ခုနှစ် ကြံရာသီ အတွက် သကြားစက်ရုံများနှင့် ကြံဝယ်ယူရေးဆိုင်ရာလုပ်ငန်းညှိနှိုင်း  တောင်သူလယ်သမားများ စိုက်ပျိုး ထွက်ရှိသမျှ ကြံအားလုံးကို ဝယ်ယူကြိတ်ခွဲနိုင်ရေးဆွေးနွေး





၂၀၂၅-၂၀၂၆ ခုနှစ် ကြံရာသီ အတွက် သကြားစက်ရုံများနှင့် ကြံဝယ်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို အောက်တိုဘာလ ၂၄ ရက်နေ့ နေ့လယ်က နေပြည်တော် ရုံးအမှတ်(၄၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဌ နှင့် အမှုဆောင်များ ၊ ကုမ္ပဏီများ မှ တာဝန်ရှိသူများ နှင့် သကြားစက်ရုံမှူးများ၊ ကြံသုတေသနနှင့်မျိုးပွားခြံ ဦးစီးမှူးများ တက်ရောက်ကြပြီး ပြည်တွင်းရှိ သကြားစက်ရုံ(၂၉)ရုံ အနေဖြင့် တောင်သူလယ်သမားများ စိုက်ပျိုး ထွက်ရှိသမျှ ကြံအားလုံးကို ဝယ်ယူကြိတ်ခွဲနိုင်ရေး၊ ခုတ်သိမ်းသောကြံများကို စက်ရုံသို့ အချိန်နှင့် တပြေးညီ အလျင်အမြန် သယ်ယူနိုင်ရေး၊ သကြားစက်ရုံများနှင့် ကြံစိုက်တောင်သူများ ကန်ထရိုက် (Contract Farming)စနစ်ဖြင့် စိုက်ပျိုး ဝယ်ယူကြိတ်ခွဲနိုင်ရေး၊ သကြားစက်များပြုပြင်မွမ်းမံခြင်း၊ စက်စွမ်းအားမြှင့်တင်ခြင်း၊ ခေတ်မီစက်များဖြင့် ပြောင်းလဲတပ်ဆင်ကြိတ်ဝါးခြင်းဖြင့် သကြားထွက်နှုန်း တိုးတက်ရေးနှင့် ထုတ်ကုန်အရည်အသွေး ကောင်းမွန်ရေးကို ဦးစားပေးဆောင်ရွက်ရန် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သကြားထွက်နှုန်းကောင်းမွန်သည့် အရည်အသွေးကောင်း ကြံမျိုးများ ဖြန့်ဖြူးပေးခြင်း၊ နည်းပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ကြံပင်များ၌ အချိုဓာတ်ပြည့်ဝချိန်တွင် မှန်မှန်ကန်ကန် ခုတ်သိမ်းနိုင်ရန် နှင့် ရိတ်သိမ်းချိန်လွန်ကာလ လေလွင့်ဆုံးရှုံးနိုင်သည့် အချက်များကို တောင်သူများ ဂရုပြုလိုက်နာဆောင်ရွက်နိုင်ရေး အသိပညာ ပေးလုပ်ငန်းများ ကို တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကြံပင်၏ အရင်း၊ အလယ်၊ အဖျားတို့၏ အချိုဓာတ်ပါဝင်မှု (Brix) ရာခိုင်နှုန်းကို Hand Refrometer ဖြင့် တိုင်းတာ၍ အချိုဓာတ် အများဆုံးချိန် ခုတ်သိမ်းရန်နှင့် ကြံခုတ်သိမ်းပြီးပြီးခြင်း သယ်ယူကြိတ်ဝါးနိုင်ခြင်းဖြင့် ကောင်းမွန်သော သကြားထွက် နှုန်းရရှိမည်ဖြစ်၍ ခုတ်သိမ်းချိန် မှန်မှန်ကန်ကန်နှင့် သယ်ယူကြိတ်ခွဲရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်သွားနိုင်ရန် လုပ်ငန်းရှင်များ နှင့် တောင်သူများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ နိုင်ငံအတွင်း သကြားစက်ရုံပေါင်း (၂၉) ရုံရှိပြီး ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကြံတန်ချိန် (၅၃၇၉၅၇၇)တန် ကြိတ်ဝါးနိုင်ခဲ့ကာ သကြားအထွက်(၅၄၃၆၆၃)တန် ၊ တင်လဲရည်(၂၆၁၈၉၅)တန် ထွက်ရှိခဲ့ကြောင်း သတင်းရရှိသည်။