၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
  • Mon, 22 December 2025

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်


၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်

(မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်း)


တင်ပြသူ -  ဒေါ်စန္ဒာဝေ

- မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

…………………………………………………………………………….................................... မင်္ဂလာပါရှင်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွက် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်းချက် များကို နေပြည်တော်၊ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာပါ့မယ် ခင်ဗျာ။

 

လာမည့် ဒီဇင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ  ကပ္ပလီပင်လယ်ပြင် နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ အများအားဖြင့် သာယာနိုင်ပြီး ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ တိမ် အနည်းငယ် ဖြစ်ထွန်းနိုင်ကာ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ် အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါတယ်။

မိုးရွာသွန်းမှုအခြေအနေ ခန့်မှန်းချက်များအနေနဲ့ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ ရွာသွန်းမြဲအောက်လျော့နည်းနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်ကာ နေပြည်တော်၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း)တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင် ပါတယ်။

မိုးရွာရက်များအနေနဲ့ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တို့မှာ ၄ ရက်မှ ၇ ရက်ခန့်နဲ့ နေပြည်တော်၊မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ၁ ရက်မှ ၃ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

ညအပူချိန်အခြေအနေ ခန့်မှန်းချက်များအနေနဲ့ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင် ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ ဒီဇင်ဘာလပုံမှန်အပူချိန်ရဲ့ ၁.၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက် ပိုနိုင်ပြီး နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ဒီဇင်ဘာလ ပုံမှန်အပူချိန် ခန့်သာ ရှိနိုင်ပါတယ်။

မြူအခြေအနေ ခန့်မှန်းချက်များအနေနဲ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်း ပြည်နယ်တို့မှာ ၁၆ ရက်မှ ၂၅ ရက်ခန့်နဲ့ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ၆ ရက်မှ ၁၅ ရက်ခန့် နံနက် ပိုင်းမှာ မြူထူများဆိုင်းနိုင်ပါတယ်။

မြစ်ရေအခြေအနေခန့်မှန်းချက်အနေနဲ့ကတော့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဧရာဝတီ မြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့တို့မှာ ၁ ပေခွဲမှ ၃ ပေခန့်၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ ၄ ပေမှ ၆ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။

ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ ၂ ပေမှ ၅ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်း လာနိုင်ပါတယ်။

မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ ၂ ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့မှာ ပေဝက်ခန့်၊ ရွှေစာရံနဲ့ မြစ်ငယ်မြို့တို့မှာ ၂ ပေခွဲမှ ၃ ပေခွဲခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက် မြို့တို့မှာ ၂ ပေခန့်စီ၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ၁ ပေခန့်၊ ပဲခူးမြစ်ရေဟာ ဇောင်းတူ မြို့မှာ ၁ ပေခွဲခန့်နဲ့ ပဲခူးမြို့မှာ ၂ ပေခွဲခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ ၂ ပေခန့်၊ သောင်ရင်း မြစ်ရေဟာ မြဝတီမြို့မှာ ၂ ပေခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ် မြို့တို့မှာ ၁ ပေမှ ၂ ပေခွဲခန့်၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ ၁ ပေခွဲခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ ၁ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။

အချုပ်အားဖြင့် တင်ပြလိုတာကတော့ လာမည့်ဒီဇင်ဘာလဟာ မြန်မာနိုင်ငံအရပ်ရပ်မှာ အေးပြီးခြောက်သွေ့တဲ့ အရှေ့မြောက်လေများ တိုက်ခတ်တဲ့အတွက် ညအပူချိန်များ လျော့နည်း လာမှာ ဖြစ်ပါတယ်။

အဲဒီကာလရဲ့ ထူးခြားတဲ့ဝိသေသများကတော့ တရုတ်ပြည်မကြီးပေါ်မှာရှိတဲ့ လေဖိအား များရပ်ဝန်းဟာ အားကောင်းလာပြီး၊  မြန်မာနိုင်ငံဘက်ကို ထိုးဆင်းလာတတ်တဲ့အခါ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများနဲ့ အလယ်ပိုင်းဒေသများမှာ အအေးပိုလာတတ်သလို ဟိမဝန္တာ တောင်တန်းပေါ်မှ လေဖိအားကြီးရပ်ဝန်းဟာ အိန္ဒိယနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ တိုးဝင် လာတဲ့အခါ မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာလည်း အအေးပိုလာတတ်ပါတယ်။ ဒါ့အပြင် အရှေ့ဘက်မှ လေပြင်းများ တိုက်ခတ်နိုင်တဲ့အတွက် မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်မှာ လှိုင်းကြီးနိုင်တာကြောင့် ပင်လယ်ရေကြောင်းသွားလာရေးကို အထူးဂရုပြုဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသများမှာတော့ တစ်ခါတစ်ရံ လေထုမငြိမ်သက်ရာမှ ဖြစ်ပေါ်လာတတ် တဲ့ တိမ်များကြောင့် အအေးပေါ့သွားတတ်ပါတယ်။ ဒီရာသီကာလအတွင်း အထက်မှအောက်သို့ အရှိန်ပြင်းစွာ ထိုးစိုက်တိုက်ခတ်တတ်သည့် အထက်အောက်လေစီးကြောင်းများ ဖြစ်ပေါ်တတ် တာကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေးမှာ အထူးဂရုပြုကြရမှာဖြစ်သလို အေးပြီးခြောက် သွေ့သည့် ရာသီကာလဖြစ်၍ မိုးရွာသွန်းမှုဖြစ်စဉ်များ လျော့နည်းသွားသည့်အတွက် မြစ်ရေ မှတ်များ ကျဆင်းသွားသည့်အတွက် ပြည်တွင်းရေကြောင်းသွားလာရေးမှာလည်း အထူးဂရုပြု ကြဖို့ လိုအပ်ပါတယ်။

အဲဒီလို ထူးခြားတဲ့ မိုးလေဝသအခြေအနေ၊ မြစ်ရေအခြေအနေများနဲ့ ပတ်သက်၍ ကြိုတင်သတိပေးချက်၊ ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ၊ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ Website ဖြစ်တဲ့ www.moezela.gov.mm သို့လည်းကောင်း၊ မိုးလေဝသ နဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ Facebook သို့လည်းကောင်း၊ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ Youtube Channel သို့လည်းကောင်း၊ နေပြည်တော်ရှိ အလိုအလျောက် ဖြေကြားစက် ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့လည်းကောင်း၊ Call Center 1876 (ext no 5) သို့လည်း ကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ်သတင်းစာများ၊ တိုင်း ဒေသကြီးများနဲ့ ပြည်နယ်အသီးသီးတို့မှ နေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ FM ရေဒီယိုများမှလည်း မိုးလေဝသနဲ့ ဇလဗေဒသတင်း၊ သတိပေးချက်များကို ကြည့်ရှုနားဆင်နိုင်ပါတယ်ဆိုတဲ့ အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေရှင်။