၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက် (မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်း)
  • Mon, 2 February 2026

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်  (မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်း)



တင်ပြသူ - ဒေါ်စန္ဒာဝေ

- မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

…………………………………………………………………………………………………….

မင်္ဂလာပါရှင်

ယခုတစ်ပတ်တင်ပြမှာကတော့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွက် မိုးလေဝသနဲ့ ဇလ ဗေဒခန့်မှန်းချက်များဖြစ်ပါတယ်။ 

ဖေဖော်ဝါရီလအတွင်း ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်တောင် ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ လေဖိအားနည်းရပ်ဝန်း (၁) ကြိမ် ဖြစ်ပေါ်နိုင်ပါ တယ်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ အများအားဖြင့် သာယာနိုင်ပြီး ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ကာ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နိုင်ပါတယ်။

မိုးရွာသွန်းမှုအခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ နေပြည်တော်၊ မန္တလေးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ရွာသွန်းမြဲအောက်လျော့နည်း နိုင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ပါတယ်။

မိုးရွာရက်များအနေနဲ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသ ကြီးနဲ့ ကချင်ပြည်နယ်တို့မှာ ၃ ရက်မှ ၅ ရက်ခန့်နဲ့ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန် ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ၁ ရက်မှ ၂ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

ညအပူချိန်ခန့်မှန်းချက်အနေနဲ့ကတော့ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ဖေဖော်ဝါရီလ ပုံမှန်အပူချိန် ခန့်သာ ရှိနိုင်ပါတယ်။

မြူအခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ၁၈ ရက်မှ ၂၅ ရက်ခန့်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ၁၀ ရက်မှ ၁၇ ရက်ခန့်နဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့မှာ ၂ ရက်မှ ၉ ရက်ခန့် နံနက်ပိုင်းမှာ မြူထူများဆိုင်းနိုင်ပါတယ်။

မြစ်ရေအခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေး မြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ ပေဝက်မှ ၁ ပေခွဲခန့် လက်ရှိ ရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။

ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ ပေဝက်မှ ၁ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်း လာနိုင်ပါတယ်။

မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ ပေဝက်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့မှာ ပေဝက် ခန့်၊ ရွှေစာရံနဲ့ မြစ်ငယ်မြို့တို့မှာ ၁ ပေမှ ၁ ပေခွဲခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက် မြို့တို့မှာ ၁ ပေခန့်စီ၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ပေဝက်ခန့်၊  ပဲခူးမြစ်ရေဟာ ဇောင်းတူ မြို့နဲ့ ပဲခူးမြို့တို့မှာ ပေဝက်မှ ၁ ပေခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ ၁ ပေခန့်၊ သောင်ရင်း မြစ်ရေဟာ မြဝတီမြို့မှာ ပေဝက်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ် မြို့တို့မှာ ၁ ပေမှ ၁ ပေခွဲခန့်၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ ၁ ပေခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ ပေဝက်ခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။

အချုပ်အားဖြင့် တင်ပြလိုတာကတော့ လာမယ့် ဖေဖော်ဝါရီလဟာ ဆောင်းရာသီကာလရဲ့ နောက်ဆုံးလ ဖြစ်ပါတယ်။ များသောအားဖြင့် အေးပြီးခြောက်သွေ့တဲ့ ရာသီကာလဖြစ်သော် လည်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်မှုများ ရှိနိုင်ပါသေးတယ်။ အဲဒီလို ကာလမျိုးမှာ နောက်ထပ် ကြုံတွေ့နိုင်တဲ့ မိုးလေဝသဖြစ်စဉ်များအနေနဲ့ကတော့ နံနက်ပိုင်းအချိန်အခါများမှာ မြူထူများ ကျဆင်းတတ်ခြင်းနဲ့ မြူထူများ ဆိုင်းနေတာကြောင့် အဝေးမြင်တာ (၁)မိုင်အောက် လျော့နည်း သွားတတ်တဲ့အတွက် ပြည်တွင်းလေကြောင်းပျံသန်းရေးနဲ့ ပြည်တွင်းရေကြောင်း သွားလာရေး တို့မှာ အထူးဂရုပြုကြဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် မြစ်ရေများ လျော့နည်းလာခြင်းကြောင့် ရေယာဉ် များအနေနဲ့လည်း အထူးသတိပြု မောင်းနှင်သင့်ပါတယ်။

နောက်ထပ်တင်ပြလိုတာကတော့ ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသ တွေမှာ အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းများနဲ့ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ အရှေ့ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းများ ဖြတ်သန်းနိုင်တာကြောင့်လည်းကောင်း၊ ဘင်္ဂလား ပင်လယ်အော်မှ လေနွေးများနဲ့ တရုတ်ပြည်မကြီးမှ တိုးဝင်လာတဲ့ လေအေးများ တွေ့ဆုံမှုကြောင့် လည်းကောင်း မိုးအနည်းငယ် ရွာသွန်းနိုင်ပါတယ်။ အဲဒီလိုအချိန်အခါမဟုတ် မိုးရွာသွန်းနိုင်မည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်တယ်ဆိုရင်ဖြင့် ကြိုတင်သတိပေးချက်များကို အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

အဲ့ဒီလို ထူးခြားတဲ့မိုးလေဝသအခြေအနေ၊ မြစ်ရေအခြေအနေများနဲ့ ပတ်သတ်၍ ကြိုတင် သတိပေးချက် ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ website ဖြစ်တဲ့ www.moezala.gov.mm သို့လည်းကောင်း၊ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ Youtube Channel သို့လည်း ကောင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ Facebook သို့လည်းကောင်း၊ နေပြည်တော်ရှိ အလိုအလျောက် ဖြေကြားစက်ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့ လည်းကောင်း၊ Call Center 1876(ext no 5) သို့လည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ် ထုတ်သတင်းစာများ၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ်အသီးသီးတို့မှာ နေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ FMရေဒီယိုများမှလည်း မိုးလေဝသနဲ့ ဇလဗေဒသတင်း၊ သတိပေးချက်များကို ကြည့်ရှုနားဆင် နိုင်ပါတယ်ဆိုတဲ့အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။


ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေရှင်။