သာစည်မြို့နယ်၌ တောင်သူများအား နွေစပါးမိုးကြိုဝါမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲနှင့် ဆီထွက်သီးနှံ ဖွံဖြိုးတိုးတက်ရေး နည်းပညာပေးသင်တန်းပို့ချ
  • Sun, 22 March 2026

သာစည်မြို့နယ်၌ တောင်သူများအား နွေစပါးမိုးကြိုဝါမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲနှင့် ဆီထွက်သီးနှံ ဖွံဖြိုးတိုးတက်ရေး နည်းပညာပေးသင်တန်းပို့ချ


သာစည် မတ် ၂၁

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန က တောင်သူများအား မျိုးကောင်းမျိုးသန့် မျိုးစေ့ ထောက်ပံ့ပေးပြီး ဆီထွက်သီးနှံ ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးသင်တန်းပို့ချခြင်းကို မတ် ၂၁ ရက်နံနက်ပိုင်းတွင် မြို့နယ် စည်ပင်သာယာခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဦးစွာ မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းထိန်က ဌာနမှ ဆောင်ရွက်ပေးနေမှုများနှင့်ပတ်သက်၍ အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က မြို့နယ်အတွင်း စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့်ပတ်သက်၍ အမှာစကားပြောသည်။ ထို့နောက် တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနခရိုင်ဦးစီးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့်ကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ဌေးဌေးနှင့် တာဝန်ရှိသူများက တောင်သူများထံ မျိုးစေ့များ ထောက်ပံ့ပေးအပ်သည်။ မျိုးစေ့ ထောက်ပံ့ရာတွင် ကျေးရွာအုပ်စု ၆၅ အုပ်စုမှ တောင်သူ ၁၀၀ ဦးတို့ကို မျိုးစပါး၊ နေကြာသီးနှံ၊ ချည်မျှင်ရှည်ဝါ၊ နှမ်းသီးနှံနှင့်သစ်စိမ်းမြေဩဇာတို့ကို ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။ မျိုးစေ့ထောက်ပံ့ပေး အပ်ပွဲသို့ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးအဆင့်တာဝန်ရှိသူများက ဆီထွက်သီးနှံဖွံ့ဖြိုး တိုးတက်ရေး နည်းပညာပေး သင်တန်းကိုပို့ချကြရာ တက်ရောက်လာသော တောင်သူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရ သည်။