မြန်မာ့ပေါ်ဆန်းမွှေး
  • Tue, 31 March 2026

မြန်မာ့ပေါ်ဆန်းမွှေး


ဒေါက်တာ ဖြူပြာလွင်Ph.d.(Soil & Water Science)


ပေါ်ဆန်းစပါးမျိုးများသည် မြန်မာနိုင်ငံ၏ အရည်အသွေးကောင်း စပါးမျိုးများဖြစ်ကြပြီး ထူးခြားသည့် အမွှေးနံ့ရှိမှု၊ ထမင်းချက်ရာတွင် ဆန်သားရှည်ထွက်မှု၊ စားသုံးရာတွင် နူးညံ့ပျော့ပျောင်း မှုတို့ကြောင့် ကမ္ဘာ့ဆန်ဈေးကွက်တွင် လူကြိုက်များ ထင်ရှားကျော်ကြားပါသည်။


မြန်မာ့ပေါ်ဆန်းမွှေးဆန်သည် မြန်မာ့ပုလဲဆန်အဖြစ် ထင်ရှား

၂၀၁၁ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံက ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ဆန်စပါးညီလာခံ (World Rice Conference 2011) ၌ နိုင်ငံပေါင်းစုံမှ စိုက်ပျိုးထုတ်လုပ်သည့် ဆန်အမျိုးမျိုး၏ စားသုံးမှုအရည် အသွေး ယှဉ်ပြိုင်ပွဲကို ထည့်သွင်းကျင်းပ ပြုလုပ်ခဲ့ပါသည်။ ယင်းညီလာခံတွင် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်သည် ပေါ်ဆန်းမွှေးဆန်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ ပြိုင်ပွဲတွင် ယခင်နှစ်က စားသုံးမှု အရည်အသွေးအကောင်းဆုံးဆုကို ရရှိခဲ့သည့် ထိုင်းဟုမ်မလိ (Jasmine rice)ကို ကျော်လွန်ပြီး မြန်မာ့ပေါ်ဆန်းမွှေးဆန်က ပထမဆုဖြစ်သော World's Best Rice ဆုကို ဆွတ်ခူးရရှိခဲ့ပါသည်။ ဤကဲ့သို့ စားသုံးမှုအရည်အသွေးတွင် ပထမဆု ရရှိခဲ့ခြင်းဖြင့် မြန်မာ့ပေါ်ဆန်းမွှေးဆန်သည် မြန်မာ့ပုလဲဆန် (Myanmar Pearl Rice)အဖြစ် ထင်ရှားလာပြီး ကမ္ဘာ့ဈေးကွက်တွင် အရည်အသွေးကောင်း ဆန်များဖြစ်သည့် ဘာစမာတီ၊ ထိုင်းဂျက်စမင်ဆန် တို့နှင့် ယှဉ်ပြိုင်ရောင်းချနိုင်ရန် အခွင့်အလမ်း ကောင်းတစ်ရပ်ကို ရရှိစေခဲ့ပါသည်။ မြန်မာနိုင်ငံသည် စပါးသီးနှံ၏ မွေးဖွားရာဒေသတွင် ပါဝင်မှုရှိကြောင်းနှင့် ပညာရှင်များ၏ လေ့လာတွေ့ရှိမှုအရ စပါး၏ မူရင်းဒေသမှာ ဟိမဝန္တာတောင်ခြေ တစ်လျှောက်၊ မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် ထိုင်းနိုင်ငံ နယ်စပ်တို့ဖြစ်ကြောင်း သတ်မှတ်ခဲ့ကြပါသည်။

ကမ္ဘာပေါ်တွင် စပါးမျိုးပေါင်းများစွာ စိုက်ပျိုးထုတ်လုပ်လျက်ရှိသော်လည်း အရည်အသွေးကောင်း စပါးမျိုးအဖြစ် သတ်မှတ်ထုတ်လုပ်လျက်ရှိသည့် အရေအတွက်မှာ လွန်စွာနည်းပါးပါသည်။ နိုင်ငံတကာမှ အရည်အသွေးကောင်း စပါးမျိုးအဖြစ် အသိအမှတ်ပြုထုတ်လုပ်လျက်ရှိသည့် အဓိက စပါး မျိုးများမှာ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့မှ စိုက်ပျိုးထုတ်လုပ်သည့် ဘာစမာတီ စပါးမျိုးများနှင့် ထိုင်းနိုင်ငံမှထုတ်လုပ်သည့် ဟုမ်မလိ (Jasmine rice) စပါးမျိုးများသာ ဖြစ်ကြသည်။ မြန်မာနိုင်ငံတွင် မူ ပေါ်ဆန်းမွှေးစပါးအား အရည်အသွေးကောင်း စပါးမျိုးအဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ပြည်ထောင်စုနယ်မြေအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၅ ခုရှိသည့်အနက် ၁၀ ခုတွင် ပေါ်ဆန်းစပါး မျိုးများကို အနည်းနှင့်အများ စိုက်ပျိုးလျက်ရှိပါသည်။

ပေါ်ဆန်းစပါးမျိုးများသည် ဒေသအလိုက် အခေါ်အဝေါ်အမျိုးမျိုး ကွဲပြားလျက်ရှိသည့်အပြင် အရည်အသွေးနှင့် အရည်အချင်းလက္ခဏာများမှာ ကွဲပြားခြားနားမှုရှိကြပါသည်။ အလင်းရောင် တုံ့ပြန်မှုရှိသည့် ပေါ်ဆန်းမျိုးများကို ပေါ်ဆန်းကြီးဟူ၍ လည်းကောင်း၊ အလင်းရောင် တုံ့ပြန်မှုအသင့် အတင့်သာရှိသော ပေါ်ဆန်းမျိုးများကို ပေါ်ဆန်းရင်ဟူ၍ လည်းကောင်း၊ မျိုးပြား(Variety)အမျိုးမျိုး၊ အမည်အမျိုးမျိုးဖြင့် စိုက်ပျိုးလျက်ရှိကြပါသည်။ ထို့အပြင် ပေါ်ဆန်းစပါးမျိုးများကို ဆန်ဈေးကွက်နှင့် စိုက်ပျိုးသည့်ဒေသကို အစွဲပြု၍လည်း အခေါ်အဝေါ် အမျိုးမျိုး ရှိကြပါသည်။

အမွှေးနံ့ရှိသော စပါးမျိုးများသည် စားသုံးရာတွင် နူးညံ့ပျော့ပျောင်းခြင်းနှင့် နှစ်လိုဖွယ်မွှေးရနံ့ရှိခြင်း အစရှိသည့် စားသုံးသူများကို ဆွဲဆောင်နိုင်ဆုံး အရည်အသွေးများပါရှိသောကြောင့် ပြည်တွင်း ပြည်ပ ဈေးကွက်တွင် ဈေးနှုန်းအမြင့်မားဆုံးရရှိသော စပါးမျိုးများဖြစ်ကြပါသည်။ စပါးပင်တွင် အမွှေးနံ့ဖြစ်ပေါ်စေသည့် အဓိက အမွှေးနံ့ဒြပ်ပေါင်း (aromatic compound) တစ်ခုဖြစ်သော 2-acetyl-1-pyrroline (2AP) ထွက်ပေါ်မှုနှင့်ဆက်စပ်သော ဗီဇတည်နေရာများကို သုတေသနပညာရှင်များက လေ့လာခဲ့ကြရာ အမွှေးနံ့ရှိသော ဂျက်စမင်စပါးမျိုး (Jasmine rice) နှင့် ဘာစမာတီစပါးမျိုး (Basmati rice)များ၏ cell အတွင်းရှိ ခရိုမိုဇုန်း (chromosome) နံပါတ် (၈) (Os2AP gene) တွင် ဘေ့စ် (base) ရှစ်ခု လျော့သွားခြင်း (8bp deletion in exon 7) ကြောင့် အမွှေးနံ့ဒြပ်ပေါင်း(2AP) ထွက်ပေါ်လာကြောင်း သုတေသနပြုဖော်ထုတ်ခဲ့ကြပြီး ဖြစ်ပါသည်။ ထို့အပြင် သုတေသနတွေ့ရှိချက်များအရ ပေါ်ဆန်း စပါးမျိုးများတွင် အမွှေးနံ့ဖြစ်ပေါ်စေသော ဗီဇ ထူးခြားမှုမှာ ဘာစမာတီစပါးနှင့် ဂျက်စမင်စပါးတွင်ရှိသော ဗီဇထူးခြားမှုနှင့်မတူဘဲ အမွှေးနံ့ဖြစ်စေမှုနှင့်သက်ဆိုင်သည့် ခရိုမိုဇုန်းနံပါတ်(၈)၏ အခြား နေရာ(exon 13) တွင် ဘေ့စ် (base) သုံးခု တိုးလာခြင်း (3bp insertion in exon 13) ဖြစ်ကြောင်းနှင့် အဆိုပါ ဗီဇအသစ်ပါရှိခြင်း၏ အကျိုးဆက်အားဖြင့် အမွှေးနံ့ဒြပ်ပေါင်း(2AP) ထွက်ပေါ်လာကြောင်း လေ့လာတွေ့ရှိခဲ့ပါသည်။ ပေါ်ဆန်းစပါးမျိုးများနှင့် အခြားနိုင်ငံများမှ ရနံ့မွှေးစပါးမျိုးများ၏ မျိုးဗီဇ ဆက်နွှယ်မှုများကို ဆက်လက်လေ့လာခဲ့ရာ မွှေးရနံ့ ဗီဇအသစ်ပါရှိသော ပေါ်ဆန်းစပါးမျိုးများသည် မျိုးအုပ်စု အသစ်တစ်ခုအနေဖြင့် သီးသန့်တည်ရှိနေသည်ကို တွေ့ရှိရပြီး ပေါ်ဆန်းစပါးမျိုးအုပ်စုများသည် မြန်မာနိုင်ငံ၏မူရင်း၊ အဖိုးတန်သဘာဝအရင်း အမြစ်ဖြစ်ကြောင်းကို မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ပေါ်ဆန်းစပါးမျိုးများတွင် ပေါ်ဆန်းကြီး (ပေါ်ဆန်းမွှေး၊ ပေါ်ဆန်းဘေးကြား) မျိုးများ၏ အနံ့မွှေးမှုသည် ပေါ်ဆန်းရင်မျိုးထက် ပိုပါသည်။ ပေါ်ဆန်းရင်မျိုးမှာ စပါးပေါ်ခါစတွင် အမွှေးနံ့ရှိသော်လည်း သိုလှောင်ချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ အမွှေးနံ့ရရှိမှု တဖြည်းဖြည်းနည်းပါးလာသည်ကို တွေ့ရှိရပါသည်။

စားသုံးမှုအရည်အသွေးတွင်လည်း ပေါ်ဆန်းကြီး (ပေါ်ဆန်းမွှေး၊ ပေါ်ဆန်းဘေးကြား) မျိုးများမှာ ပေါ်ဆန်းရင်မျိုးထက် ဆန်သားနူးညံ့၍ စားသုံးမှု ပိုကောင်းပါသည်။ စားသုံးမှုအရည်အသွေးမှာ စိုက်ပျိုးသည့် ရေမြေအနေအထားအရ ကွာခြားမှုရှိပါသည်။ ပေါ်ဆန်းစပါးများကို စပါးစေ့ပုံသဏ္ဌာန်၊ အရောင်အဆင်းပေါ်မူတည်၍ ဘေးကြား၊ ရွှေဝါ ဟုလည်းကောင်း၊ ထူးခြားသည့် ရေမြေအနေအထား အရ စားသုံးမှုအရည်အသွေး ကောင်းမွန်သည့် မျိုးများကို ဥတိုပေါ်ဆန်း၊ လက်ပံပေါ်ဆန်း၊ သောကြာပေါ်ဆန်း၊ မြောင်းမြပေါ်ဆန်း၊ ရေကြည်ပေါ်ဆန်း စသည်ဖြင့် နေရာဒေသကို အစွဲပြု၍ ခေါ်သည့် အခေါ်အဝေါ်များလည်း ရှိပါသည်။ ဆန်ရောင်းဝယ်ရေးဈေးကွက်တွင်လည်း ပုသိမ်ပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ဖျာပုံပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်း၊ မြောင်းမြပေါ်ဆန်း၊ ရေကြည်ပေါ်ဆန်းဟူ၍လည်း ခေါ်ဝေါ်မှုပြုကြပါသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ် ကဲ့သို့ ဒေသများတွင် အနိမ့်အဝှမ်းကျသည့် ဧရိယာများ၊ ချောင်းဘေးဗျိုက်လယ်များ၊ ရေချို၊ ရေငန်စပ် ဧရိယာများတွင် ပေါ်ဆန်းကြီး (ရာသီစပါး)များကို စိုက်ပျိုးမှုများပြီး ပေါ်ဆန်းရင်စပါးကိုမူ နေရာဒေသ မရွေး စိုက်ပျိုးကြပါသည်။

ဒေသအခေါ် ဘေးကြားလေးပေါ်ဆန်း

ရေချို၊ ရေငန်စပ်ဧရိယာနှင့် နုန်းတင်မြေနုများစွာ တည်ရှိသည့် ထူးခြားသော သဘာဝအနေအထား ရှိကာ မီးဒုံးအုပ်စုဝင် စပါးအများဆုံးစိုက်ပျိုးလျက် ရှိသော ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်အတွင်း စိုက်ပျိုးနေသည့် (ဒေသအခေါ် ဘေးကြားလေး) ပေါ်ဆန်းမျိုးများမှာလည်း ဒေသအလိုက် အခေါ် အဝေါ်အမျိုးမျိုး ကွဲပြားလျက်ရှိပါသည်။ ယခင်က ပေါ်ဆန်းစပါးမျိုးများကို ဧရာဝတီမြစ်ဝကျွန်းပေါ် ကဲ့သို့ ဒေသများတွင် အများအပြားစိုက်ပျိုးခဲ့ကြသော်လည်း ယခုအခါ မြန်မာနိုင်ငံ၏ ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရာဒေသ အနှံ့အပြားတွင် စိုက်ပျိုး ထုတ်လုပ်လျက်ရှိပါသည်။ ပေါ်ဆန်းမွှေးစပါးမျိုး ၏ မွေးဖွားရာဒေသမှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီး စတင်မျိုးရွေးချယ်ထုတ်လုပ်ခဲ့သည့် မူရင်း ဒေသအစစ်အမှန်မှာ ဒေသသုတေသနဗဟိုဌာန (မြောင်းမြ) ဖြစ်သည်ကို သုတေသနမှတ်တမ်းများအရ သိရှိခဲ့ရပါသည်။ ဒေသသုတေသနဗဟိုဌာန (မြောင်းမြ)ကို ၁၉၂၆ ခုနှစ်တွင် ဗဟိုစိုက်ပျိုးရေးခြံအဖြစ် စတင်တည်ထောင်ခဲ့ပါသည်။ ၁၉၄၄ ခုနှစ် တွင် မြန်မာ့ဒေသစပါးမျိုးများအား အပင်မျိုး မွေးမြူရွေးချယ်ရေးနည်းလမ်း (Pureline selec-tion) နည်းဖြင့် မီးဒုံးအုပ်စုဝင် ပေါ်ဆန်းစပါးမျိုးများအနက် မျိုးမွေးမြူရေးနံပါတ် (D-44-8)မှ အပင် နံပါတ်(၈)အား ရွေးချယ်ပြီး ပေါ်ဆန်းမွှေးစပါးမျိုးကိုလည်းကောင်း၊ ၁၉၆၀ ပြည့်နှစ်တွင် မျိုးမွေးမြူရေး နံပါတ် (D-60-8)မှ အပင် နံပါတ်(၂)ကို ရွေးချယ်ကာ ပေါ်ဆန်းဘေးကြားစပါးမျိုးအဖြစ် လည်းကောင်း မျိုးရွေးချယ်၍ မျိုးသန့်ပွားများကာ ထုတ်လုပ် ဖြန့်ဖြူးခဲ့ပါသည်။ နိုင်ငံတော်မျိုးစေ့ကော်မတီမှ ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ပေါ်ဆန်းမွှေးစပါးမျိုးအား မျိုးမှတ်ပုံတင်အမှတ် (RC-2000-37) ဖြင့်လည်းကောင်း၊ ပေါ်ဆန်းဘေး ကြားစပါးမျိုးအား မျိုးမှတ်ပုံတင်အမှတ် (RC-2000-38)ဖြင့် လည်းကောင်း မျိုးစေ့မှတ်ပုံတင်ခွင့်ပြုခဲ့ပါသည်။

ရွှေဘိုပေါ်ဆန်းစပါးမျိုးအဖြစ် စတင်ပျံ့နှံ့ပုံမှာ ၁၉၉၇-၁၉၉၈ ခုနှစ်ခန့်တွင် ရွှေဘိုမြို့နယ် သီးလုံး ကျေးရွာရှိ တောင်သူဦးထွန်းရီ၊ ဒေါ်ကြည်ညွန့်တို့က ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ဗုံလုံ ကျေးရွာမှ ပေါ်ဆန်းဘေးကြား စပါးမျိုး လေးပြည် ယူဆောင်လာခဲ့ပြီး ယင်းလယ်မြေတွင် စတင် စမ်းသပ်စိုက်ပျိုးခဲ့ပါသည်။ စားသုံးသည့်ဓလေ့မတူ၍ အစပိုင်းတွင် တောင်သူကြိုက်နှစ်သက်မှု နည်းပါး သော်လည်း နှစ်အနည်းငယ်ကြာမှသာ ဒေသရေမြေ ရာသီဥတုနှင့် ကိုက်ညီမှုရှိ၍ စိုက်ပျိုးဖြစ်ထွန်းခြင်း၊ အထွက်နှုန်းသင့်တင့်ခြင်း၊ ဆန်ထွက်ကောင်းခြင်း၊ စားသုံးမှုအရသာကောင်းခြင်း၊ ဒေသတွင်းဘာသာရေး၊ လူမှုရေးပွဲများတွင် ပေါ်ဆန်းဘေးကြား ဆန်ဖြင့် ကျွေးမွေးဧည့်ခံရာ၌ လူကြိုက်များ၍ သုံးစွဲမှုများပြား လာခြင်းတို့ကြောင့် ဒေသခံတောင်သူများ စိတ်ဝင်စားမှုရှိလာကာ တောင်သူချင်းမျိုးဖလှယ်၍ စိုက်ပျိုးမှု တစ်စတစ်စများပြားလာခဲ့ပါသည်။  ပေါ်ဆန်းစပါးသည် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရှိ သဲနုန်းမြေအမျိုးအစားတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ဆည်ရေသောက်လယ်ဖြစ်သဖြင့် ရေကို လိုသလောက် ထိန်းညှိ၍ ပင်ပွားကိုလိုသလိုရယူနိုင်ပါသည်။ ဧရာဝတီတိုင်းဒေသကြီးတွင်မူ ပင်လယ် ဒီရေဆုံရာ ရေချို၊ ရေငန်စပ်ဒေသနှင့်မိုးရေချိန်လက်မ ၇၀ မှ ၈၀ ရွာသွန်းသော ဒေသများတွင် စိုက်ပျိုး ဖြစ်ထွန်းပြီး ရေများပါက ပင်ပွားနည်း၍ အထွက်နှုန်း ကျဆင်းခြင်း၊ မှို့ကပ်ချိန်၊ ပန်းပွင့်ချိန်တွင် မိုးရွာသွန်း ပါက အထွက်နှုန်းကျဆင်းခြင်းများ ဖြစ်နိုင်ပါသည်။

တစ်နှစ်လျှင်တစ်သီးသာစိုက်ပျိုးနိုင်

ပေါ်ဆန်းမွှေးစပါးသည် မြန်မာနိုင်ငံတွင် အရည်အသွေးနှင့် တန်ဖိုးအမြင့်ဆုံး စပါးမျိုးဖြစ်ပြီး ဈေးကွက်တွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသော်လည်း သက်ကြီးစပါးမျိုးဖြစ်သဖြင့် စိုက်ပျိုးချိန် ကြာမြင့်ခြင်း၊ တစ်နှစ်လျှင်တစ်သီးသာစိုက်ပျိုးနိုင်ခြင်း၊ အထွက်နှုန်း သင့်တင့်ရုံသာရရှိခြင်း၊ လင်းတာ တုံ့ပြန်သည့်မျိုးဖြစ်ခြင်း စသည့်အားနည်းချက်များ ကို တွေ့ရှိရပါသည်။ ထိုသို့ပေါ်ဆန်းမွှေးစပါးမျိုး၏ အားနည်းချက်များကို ကျော်လွှားနိုင်ရန် စိုက်ပျိုးရေး သုတေသနဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့ ပူးပေါင်း၍ ၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ “ဗီဇအချက်အလက် နည်းပညာများကို အသုံးပြု၍ မြန်မာနိုင်ငံ၏ ဆန်စပါးမျိုးမွေးမြူရေးကဏ္ဍအား မြှင့်တင်ခြင်း” စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ပါသည်။

ထိုစီမံကိန်း၏ရလဒ်အနေဖြင့် စားသုံးမှုအရည်အသွေးနှင့် အထွက်နှုန်း ကောင်းမွန်ပြီး ရာသီမရွေး စိုက်ပျိုးနိုင်သည့် ရေဆင်းပေါ်ဆန်း-၁ နှင့် ရေဆင်း ပေါ်ဆန်း-၂ ဟူ၍ ပေါ်ဆန်းမွှေး စပါးမျိုးသစ် နှစ်မျိုး ကို အောင်မြင်စွာ ရွေးချယ်မွေးမြူနိုင်ခဲ့ပါသည်။ စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ထုတ်လုပ်ထား သော ရေဆင်းပေါ်ဆန်း စပါးမျိုးသစ်များသည် ရာသီ မရွေး စိုက်ပျိုးနိုင်ခြင်း(နွေစပါး၊ မိုးစပါးအဖြစ် စိုက်ပျိုး နိုင်ခြင်း)၊ အထွက်ကောင်း စပါးမျိုး အပင်ပုံစံရှိခြင်း၊မိဘမျိုး ပေါ်ဆန်းမွှေးထက် သီးလုံးနှင့် သီးကိုင်း အရေအတွက်များခြင်း၊ အနှံစရှည်ခြင်း စသည့် လက္ခဏာများပါရှိပါသည်။ ထို့ကြောင့် တောင်သူများ အနေဖြင့်လည်း အရည်အသွေးကောင်း သက်တမ်း စပါးအဖြစ် ရေဆင်းပေါ်ဆန်း-၁ နှင့် ရေဆင်း ပေါ်ဆန်း-၂ စပါးမျိုးများကို ကျယ်ပြန့်စွာ စိုက်ပျိုးသင့်ကြောင်း အသိပေးတင်ပြအပ်ပါသည်။

ပေါ်ဆန်းမွှေးစပါးမျိုးကို ၁၉၄၄ ခုနှစ်တွင် ထုတ်လုပ်ခဲ့ပြီးနောက် ၇၅ နှစ်ခန့်အကြာ ယခုအခါတွင် ရာသီမရွေး စိုက်ပျိုးနိုင်သည့် အထွက်ကောင်း ရေဆင်းပေါ်ဆန်းစပါးမျိုးများ ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ထို့အပြင် ဒေသသုတေသနဗဟိုဌာန (မြောင်းမြ) သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ လမ်းညွှန်မှုဖြစ်သော ပေါ်ဆန်းစပါးများ၏ အရည်အသွေးမြှင့်တင်ရေးနှင့် မြေဆီလွှာထိန်းသိမ်း ရေး သုတေသနအဖြစ် “ဓာတုကင်းလွတ်ရေကြည် ပေါ်ဆန်း”ကို ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ မိုးရာသီ ကာလတိုင်းတွင် ဆောင်ရွက်ခဲ့ရာ ကျုံပျော်ခရိုင် ရေကြည်မြို့နယ် နွားရေတိုက်ကျေးရွာရှိ တောင်သူ ဦးကြည်ခိုင်စိုး၏ လယ်မြေ၌ ပေါ်ဆန်းဘေးကြား အုပ်စုဖြစ်သော ဧရာဝတီပေါ်ဆန်းကြီးနှင့် ဖျာပုံ ပေါ်ဆန်းကြီး၊ ပေါ်ဆန်းရင်အုပ်စုဖြစ်သော ဖျာပုံ ပေါ်ဆန်း၊ ရွှေဝါရင်၊ မြောင်းမြပေါ်ဆန်း၊ ရွှေဘို ပေါ်ဆန်း စသည့် ပေါ်ဆန်း ခြောက်မျိုးအား  တောင်သူအခြေပြုသုတေသနပုံစံဖြင့် ဆောင်ရွက်ခဲ့ ပါသည်။

မြေဆီလွှာဖွံ့ဖြိုးရေးနှင့် ဆန်အရည်အသွေး  ကောင်းမွန်စေရန် အောက်ပါနည်းလမ်းများကို အသုံးပြုခဲ့ပါသည်-

(က)    သစ်စိမ်းမြေဩဇာနှင့် မြေဆွေးစနစ်။ မိုးစပါး ရိတ်သိမ်းချိန်တွင် စပါးရိုးပြတ်များကို အမြင့် တစ်ပေ ခွဲခန့် ချန်၍ ရိတ်သိမ်းစေပြီး ထယ်မှောက်ခြင်း၊ နွားချေးမြေဆွေး တင်း ၅၀ ကြဲပက်ခြင်းနှင့် သင်္ကြန်လက်ဆေးမိုးရွာချိန်တွင် “ပိုက်ဆံလျှော်” ကြဲပက်၍ ပန်းပွင့်ချိန်၌ တလိမ့်ခုတ်ထယ်မှောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

(ခ)     သဘာဝမြေဩဇာ။ မြေဆီလွှာပြုပြင်ရန်နှင့် မြေကြီးထဲရှိ အာဟာရဓာတ်အား အပင်မှအလွယ် တကူစားသုံးနိုင်ရန် ဟူးမစ်အခြေခံ သဘာဝမြေဩဇာ ဖော်မြူလာအသစ်ကို ပင်ပွားထွက်ချိန်နှင့် မှို့ကပ်ချိန် တို့တွင် စနစ်တကျထည့်သွင်း အသုံးပြုခဲ့ပါသည်။

(ဂ)     ဇီဝနည်းလမ်းဖြင့် ပိုးမွှားကာကွယ်ရေး။ နှံစုပ်ကြမ်းပိုးအတွက် ဇီဝပိုးသတ်ဆေးနှင့် စပါး ကုတ်ကျိုးရောဂါအတွက် ထရိုင်ဂိုဒါးမား မှိုထုပ်ကို တစ်ဧကလျှင် ငါးထုပ်နှုန်းဖြင့် ငါးကြိမ်ဖျန်းပေး ခြင်းဖြင့် ဓာတုကင်းလွတ်စေရန် ဆောင်ရွက်ခဲ့ပါသည်။

နှစ်အလိုက် စမ်းသပ်စိုက်ပျိုးမှုရလဒ်များအရ ဧရာဝတီပေါ်ဆန်းကြီးအား ဓာတုကင်းလွတ် နည်းပညာ အသုံးပြုစိုက်ပျိုးရန် ရွေးချယ်ခဲ့ပြီး တောင်သူများစုပေါင်း၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဧက ၂၅၀ အထိ တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကြရာ ပျမ်းမျှအထွက်နှုန်းမှာ ၉၅ တင်း ဖြစ်ပါသည်။

ဓာတ်ခွဲစမ်းသပ်မှုများအရ သဘာဝမြေဩဇာဖြင့် စိုက်ပျိုးသော ပေါ်ဆန်းဆန်သည် ပိုမိုစူးရှသော မွှေးရနံ့ရှိခြင်း၊ စားသုံးရာတွင် နူးညံ့ပျော့ပျောင်းပြီး ကျိုချက်ဒဏ်ပိုမိုခံနိုင်၍ စေးကပ်မှုရှိခြင်း စသည့် အရည်အသွေးကောင်းများ ရရှိလာသည်ကို တွေ့ရပါ သည်။ ထို့ပြင် စိုက်ပျိုးပြီးနောက် မြေဆီလွှာအတွင်းရှိ အပင်မှ စုပ်ယူနိုင်သော ပိုတက်စီယမ် (K)၊ ဖော့စ် ဖရပ်(P)နှင့် သစ်ဆွေးဓာတ်များ သိသာစွာ တိုးတက်လာသည်ကိုလည်း တွေ့ရှိရပါသည်။ မြေဆီလွှာ၏ ဒြပ်ဂုဏ်သတ္တိများ တိုးတက်စေခြင်း၊ သွင်းအားစုကုန်ကျစရိတ်သက်သာခြင်း၊ ဈေးကွက်ဝင်၍ မြင်သာသော အကျိုးအမြတ်များကို ရရှိစေခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး စားကောင်းသော ဆန်ရရှိစေခြင်း အစရှိသော အကျိုးကျေးဇူးများ ရရှိစေခဲ့ပါသည်။

ထူးခြားသော အောင်မြင်မှုအဖြစ် ၂၀၂၅ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ကျင်းပခဲ့သော ဧရာဝတီ ပေါ်ဆန်းဖိုရမ်-၂၀၂၅ တွင် ပေါ်ဆန်း ၄၁ မျိုး ဝင်ရောက်ယှဉ်ပြိုင်ရာ အထက်ဖော်ပြပါ ဓာတု ကင်းလွတ် ရေကြည်ပေါ်ဆန်းသည် “ပထမဆု”ကို ဆွတ်ခူးရရှိခဲ့ပါသည်။ ဆန်၏ ရုပ်သွင်ပြင်၊ ချက်ပြုတ် မှု၊ စားသုံးမှုအရည်အသွေးနှင့် တောင်သူ၏ စိုက်ပျိုး ပြုစုမှုစနစ်များအပေါ် မူတည်၍ အကဲဖြတ် ချီးမြှင့် ခဲ့ခြင်းဖြစ်ပါသည်။ ဓာတုကင်းလွတ် ရေကြည် ပေါ်ဆန်းသည် MSME ပြပွဲများတွင် လူကြိုက်များ လာခဲ့ပြီး (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲ၌ ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ထုတ်ကုန်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆန်းသစ်တီထွင်မှု အကောင်းဆုံးဆု(တတိယ)ရရှိခဲ့ပါသည်။

ပေါ်ဆန်းစပါးကို ဒေသရေမြေနှင့်ကိုက်ညီသည့် မြေအမျိုးအစားတွင် စိုက်ပျိုးချိန်၊ ထည့်သွင်းရမည့် မြေသြဇာနှင့် ထည့်သွင်းနည်းစနစ်၊ စိုက်စနစ်တို့ဖြင့် စနစ်တကျစိုက်ပျိုးထုတ်လုပ်ပြီး ဟူးမစ်အခြေခံ သဘာဝမြေဩဇာကို အကျိုးရှိရှိအသုံးပြုမည် ဆိုပါက ဓာတုကင်းလွတ်ရေကြည်ပေါ်ဆန်းကဲ့သို့ အရည်အသွေးမီ ပေါ်ဆန်းစပါးများ ထုတ်လုပ်မှု တိုးမြင့်လာနိုင်သကဲ့သို့ ပေါ်ဆန်းစပါးများ၏ ဈေးကွက်ခိုင်မာလာမည်ဖြစ်ပါသည်။ ထိုကဲ့သို့ပင် ပေါ်ဆန်းစပါးစိုက်ပျိုးထုတ်လုပ်သည့် Supply Chain တစ်ခုလုံးရှိ စိုက်ပျိုးသူနှင့် ပြည်တွင်း ပြည်ပ တင်ပို့ ရောင်းချသူများ၏ ဝင်ငွေတိုးတက်လာနိုင်မည်ဖြစ် သကဲ့သို့ ဈေးကွက်၊ ရောင်းချမည့်စနစ်၊ ပူးပေါင်း ဆောင်ရွက်မှုများ မြင့်မားလာခြင်း စသည့်အကျိုး ကျေးဇူးများ ရရှိလာမည်ဖြစ်ပါသည်။ စပါးမျိုးများ ရောနှောခြင်း၊ မျိုးကွဲ၊ မျိုးထွန်းများရောနှောခြင်း မရှိစေရေး အထူးသတိပြုဆောင်ရွက်သွားသင့်ပါ သည်။

မြန်မာ့ပေါ်ဆန်းမွှေး၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်အလားအလာဟုဆိုရာဝယ် အတိတ် ကာလကို ၁၉၄၄ ခုနှစ်မှ နာဂစ်ကာလ ၂၀၀၈ ခုနှစ် အထိ လည်းကောင်း၊ ပစ္စုပ္ပန်ကာလကို နာဂစ်လွန် ကာလ ၂၀၀၉ ခုနှစ်မှ ယနေ့အထိ လည်းကောင်း ဖော်ပြလိုပြီး အတိတ်ကာလအားနည်းချက်များကို ပြုပြင်ပြောင်းလဲလာကာ ပစ္စုပ္ပန်ကာလ၌ ဒေသအလိုက် ပေါ်ဆန်းမွှေးများ၏ အရည်အသွေး၊ ဈေးနှုန်း၊ ဈေးကွက်ခိုင်မာရေးအတွက် ထုတ်လုပ်သူ တောင်သူ၊ ကုန်သည်နှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများ တွဲလက်ညီညီ ကြိုးစားဆောင်ရွက်သွားမှသာလျှင် မြန်မာ့ပေါ်ဆန်းမွှေး၏ ရွှေရောင်အနာဂတ်လှပလာ မည်မှာ ဧကန်မလွဲပင်ဖြစ်ကြောင်း တင်ပြလိုက်ရ ပါသည်။ ။