၂၀၂၆ ခုနှစ်၊ ဧပြီလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက် (မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်း)
  • Thu, 2 April 2026

၂၀၂၆ ခုနှစ်၊ ဧပြီလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်  (မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်း)



တင်ပြသူ - ဦးထက်ဝေထွန်း

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

……………………………………………………………………………..............................................

မင်္ဂလာပါခင်ဗျာ------


    ၂၀၂၆ ခုနှစ်၊ ဧပြီလအတွက် မိုးလေ၀သနဲ့ ဇလဗေဒခန့်မှန်းချက်များကို နေပြည်တော်၊ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေငြာပါ့မယ်ခင်ဗျာ။


ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ

  ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း(၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိ နိုင်ပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နိုင်ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပါတယ်။


မိုးရွာသွန်းမှုအခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ် တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ၊ နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယား ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။ 

မိုးရွာရက်များမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ် တို့တွင် ၉ ရက်မှ ၁၂ ရက်ခန့်၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး(အရှေ့ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ၅ ရက်မှ ၈ ရက်ခန့်နဲ့ ပဲခူးတိုင်းဒေသကြီး(အနောက် ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ၁ ရက်မှ ၄ ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်ပါတယ်။ 


နေ့အပူချိန်အခြေအနေ

    နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ ပုံမှန်အပူချိန်ရဲ့ ၁.၅ ဒီဂရီဆဲလ်စီးယပ်နဲ့အထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ဧပြီလ ပုံမှန်အပူချိန်ခန့်သာ ရှိနိုင်ပါတယ်။


မြစ်ရေအခြေအနေ

    ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော် မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နဲ့ ညောင်ဦးမြို့ တို့မှာ ၅ ပေမှ ၇ ပေခန့်၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့မှာ ၃ ပေမှ ၅ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါတယ်။ 

ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်း မြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ ၃ ပေမှ ၅ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါတယ်။

မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ ပေဝက်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့မှာ ပေဝက်ခန့်နဲ့ ရွှေစာရံနဲ့ မြစ်ငယ်မြို့တို့မှာ ၃ ပေခန့်စီ၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ ၂ ပေခန့်နဲ့ မဒေါက်မြို့မှာ ပေဝက်ခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ပေဝက်ခန့်၊ ပဲခူးမြစ်ရေမှာ ဇောင်းတူမြို့နဲ့ ပဲခူးမြို့တို့မှာ ပေဝက် မှ ၁ ပေခွဲခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ ၂ ပေခန့်၊ သောင်ရင်းမြစ်ရေဟာ  မြဝတီမြို့မှာ ပေဝက်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ ပေဝက်မှ ၁ ပေခွဲခန့်၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ ၃ ပေခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ ပေဝက်ခန့် လက်ရှိရေမှတ် များအထက် မြင့်တက်လာနိုင်ပါတယ်။


    အချုပ်အားဖြင့် တင်ပြလိုတာကတော့ လာမည့်ဧပြီလဟာ ရာသီကာလ အပိုင်းအခြားအနေနဲ့ ပူပြင်းခြောက်သွေ့တဲ့ရာသီမှ မိုးကြိုကာလသို့ ကူးပြောင်းတဲ့ကာလ ဖြစ်ပါတယ်။ အဲဒီကာလမှာ ဖြစ်ပေါ် နိုင်တဲ့ မုန်တိုင်းများဟာ မြန်မာနိုင်ငံဘက်သို့ သက်ရောက်နိုင်တာကြောင့် အထူးသတိပြုဖို့ လိုအပ်ပါ တယ်။ မြန်မာနိုင်ငံအရပ်ရပ်မှာ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှာ နေ့အပူချိန်များ တဖြေးဖြေး မြင့်တက်လာမှာ ဖြစ်ပါတယ်။ အဲ့ဒီကာလအတွင်း ထူးခြားတဲ့ မိုးလေဝသ ဖြစ်စဉ်များကတော့ မြန်မာနိုင်ငံအရပ်ရပ်မှာ နေ့အပူချိန်များ ပူပြင်းလာမှုကြောင့် မွန်းလွဲ/ညနေပိုင်းအချိန်များမှာ မိုးတိမ်တောင် များ ဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်းစသည့်  မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါတယ်။ အဲ့ဒီလို ဖြစ်ပေါ်တက်တဲ့ မိုးလေဝသဖြစ်စဉ်များကြောင့် ရေကြောင်းသွားလာရေးနဲ့ လေကြောင်းပျံသန်းရေးတို့ အပြင် လုပ်ငန်းခွင်ဆောင်ရွက်နေသော ပြည်သူများအနေဖြင့်လည်း အထူးဂရုပြုကြရမှာ ဖြစ်ပါတယ်။


    အဲ့ဒီလို ထူးခြားတဲ့ မိုးလေဝသအခြေအနေ၊ မြစ်ရေအခြေအနေများနဲ့ ပတ်သက်လို့ ကြိုတင် သတိပေးချက်၊ ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။


မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြား မှုဦးစီးဌာနရဲ့ Website ဖြစ်တဲ့ www.moezala.gov.mm သို့လည်းကောင်း၊ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ Facebookသို့ လည်းကောင်း၊ မိုးလေဝသနဲ့ ဇလဗေဒညွှန် ကြားမှုဦးစီးဌာနရဲ့ Youtube Channel သို့လည်းကောင်း၊ နေပြည်တော်ရှိ အလိုအလျောက် ဖြေကြားစက် ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ သို့လည်းကောင်း၊ Call Center 1876 (ext no 5)သို့လည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ် သတင်းစာများ၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ်အသီးသီး တို့မှ နေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ FM ရေဒီယိုများမှတဆင့် မိုးလေဝသနဲ့ ဇလဗေဒသတင်း၊ သတိပေးချက် များကို ကြည့်ရှုနားဆင်နိုင်တယ်ဆိုတဲ့အကြောင်းတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။


ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါခင်ဗျာ။