မအူပင်မြို့နယ်၌ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်သည့် စပါးစိုက်ပျိုးထုတ်လုပ်နိုင်ရေး စံပြကွက်ကွင်းသရုပ်ပြ
  • Fri, 3 April 2026

မအူပင်မြို့နယ်၌ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်သည့် စပါးစိုက်ပျိုးထုတ်လုပ်နိုင်ရေး စံပြကွက်ကွင်းသရုပ်ပြ



စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ဦးဆောင်မှုဖြင့်  ဧရာဝတီတိုင်း.ဒေသကြီး၊ မအူပင်မြို့နယ်၊ ဝါးတော/ထနီဒေါင့်ကျေးရွာ၊ ကွင်း/ဦးပိုင်အမှတ် ၉၅၇၊ ၅၄/၂၊ တောင်သူဦးစန်းမြင့်၏ စပါးသီးနှံ (၁၀) ဧက စိုက်ခင်းတွင် တောင်သူများပါဝင်သော ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်သည့် သီးနှံများစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းပြီး သည်အထိ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးခြင်း၊ သီးနှံစိုက်တောင် သူများ အနေဖြင့် မိမိတို့၏ စိုက်ခင်းတွင် ပိုးမွှား၊ ရောဂါ၊ ပေါင်းကျရောက် မှုအား အမြဲမပြတ်ကြိုတင်ကင်းထောက်စစ်ဆေးခြင်း၊ အပင်သက်တမ်းအလိုက် ကျရောက် တတ်သော ဖျက်ပိုးများအား ဘက်စုံကာကွယ်နှိမ်နင်းနည်းများအသုံးပြု၍ကာကွယ်နှိမ်နင်းခြင်း၊ ပိုးသတ်ဆေးကိုလိုအပ်မှသာ အသုံးပြုခြင်း၊ ပိုးသတ်ဆေးအုပ်စု တစ်မျိုးထဲကို ဆက်တိုက်မသုံးစွဲဘဲ အခြားပိုးသတ်ဆေးအုပ်စုများနှင့် အလှည့်ကျပြောင်းလဲအသုံးပြုခြင်း၊ သုံးစွဲမှုအကြိမ်အရေအတွက် လျော့ချခြင်း၊ အဝါရောင်နှင့်အပြာရောင်ပိုး ဖမ်းထောင်ခြောက်များအသုံးပြုခြင်း၊ ပိုးသတ်ဆေးဖျန်းပြီးနောက် သီးနှံ ရိတ်သိမ်း/ခူးဆွတ်ရန် စောင့်ဆိုင်းရမည့် ကာလ (Pre  Harvest Interval – PHI) တို့အား တိကျစွာလိုက်နာ၍ ပညာပေးစံပြကွက် ဆောင်ရွက်ခဲ့သည့်အပေါ် တောင်သူများ လိုက်နာ လက်ခံကျင့်သုံးနိုင်ရေးအတွက်  (၃-၄-၂၀၂၆) ရက်နေ့ နံနက်ပိုင်း က ကွင်းသရုပ်ပြပွဲ ကျင်းပခဲ့သည်။ 

     အဆိုပါ ကွင်းသရုပ်ပြပွဲသို့ စိုက်ပျိုရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဇော်လင်းနှင့် ပညာရှင်ဝန်ထမ်းများ၊ မအူပင်ခရိုင်နှင့်မြို့နယ်ဦးစီးမှူးများ၊ ပညာပေးဝန်ထမ်းများ၊ စပါးသီးနှံစိုက်တောင်သူစုစုပေါင်း (၆၀) ဦးတက်ရောက်ခဲ့ရာ နည်းပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး ထွက်ရှိလာသောသီးနှံများ၏ ပိုးသတ်ဆေးဓာတ်ကြွင်း ပါဝင်မှုအား စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံ ကာကွယ်ရေးဌာနခွဲ၏ ISO/IEC 17025 နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်ရရှိထားသော စိုက်ပျိုးရေး ထွက်ကုန်များ စစ်ဆေးရေးဓာတ်ခွဲခန်း တွင် စမ်းသပ်စစ်ဆေး မှုများပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ပညာပေးစံပြကွက်များအား တိုင်းဒေသကြီး နှင့် ပြည်နယ် (၇) ခုတို့တွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ 

       ၎င်းနောက် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်စိုက်ပျိုးရေးရုံးနှင့် မြို့နယ်စိုက်ပျိုးရေးရုံးမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။