နိုင်ငံတော်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များ ထိရောက် အောင်မြင်မှု ရှိစေရေးအတွက် လုပ်ငန်းစဉ်တလျှောက် လွယ်ကူချောမွေ့စေမည့် နည်းလမ်းများ ကို နည်းမှန်လမ်းမှန် ပြောင်းလဲကျင့်သုံးဆောင်ရွက်ရန် ဆွေးနွေး မှာကြား
  • Wed, 22 April 2026

နိုင်ငံတော်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များ ထိရောက် အောင်မြင်မှု ရှိစေရေးအတွက် လုပ်ငန်းစဉ်တလျှောက် လွယ်ကူချောမွေ့စေမည့် နည်းလမ်းများ ကို နည်းမှန်လမ်းမှန် ပြောင်းလဲကျင့်သုံးဆောင်ရွက်ရန် ဆွေးနွေး မှာကြား


 


  စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း သည် ဧပြီလ(၂၁)ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ရုံးအမှတ်-၄၃ အစည်းအဝေးခန်းမ၌ စိုက်ပျိုးရေးဦးစီးဌာန ရှိ ဒုတိယညွှန်ကြားရေးမှူးနှင့်အထက် တာဝန်ရှိ သူများ အား တွေ့ဆုံ၍ နိုင်ငံတော်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များ ထိရောက် အောင်မြင်မှု ရှိစေရေးအတွက် လုပ်ငန်းစဉ်တလျှောက် လွယ်ကူချောမွေ့စေမည့် နည်းလမ်းများ ကို နည်းမှန်လမ်းမှန် ပြောင်းလဲကျင့်သုံးဆောင်ရွက်ရန် ဆွေးနွေး မှာကြားသည်။

    အလားတူ ဈေးကွက်ဝယ်လိုအားရှိသည့် အထွက်နှုန်းကောင်း အရည်အသွေးကောင်း စပါးမျိုးများ ဒေသအလိုက် တိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တောင်သူများအား နည်းပညာပေးခြင်း နှင့်အတူ အသိပညာပေးစည်းရုံးဆောင်ရွက်ရန် ၊ ပြည်ပဆန်တင်ပို့မှု သတ်မှတ်ချက်ပြည့်မီ ကျော်လွန်ရေး အတွက် ဆန်စပါးအထူးဇုန်များကို တိုင်းဒေသကြီး ပြည်နယ် အလိုက် အထူး ကြပ်မတ် ဆောင်ရွက်ရန်၊ မြန်မာ့ပေါ်ဆန်းတစ်ခေတ် ဆန်းသစ်ရမည် ဆိုသည်ကို နိုင်ငံတကာ ဈေးကွက်ထိ ပေါ်ဆန်း ထိုးဖောက်နိုင်ရေး အတွက် အရည်အသွေးပိုင်းတည်ငြိမ်ရေး အပါအဝင် လိုအပ်သော စီမံဆောင်ရွက်မှုကို အဆင့်လိုက် စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်ရန်၊ တရားမဝင် မျိုးစေ့ထုတ်လုပ်ရောင်းချနေမှုများကို တိုင်းဒေသကြီး ပြည်နယ် ခရိုင် မြို့နယ် တာဝန်ရှိသူများက စစ်ဆေးဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရန် ထည့်သွင်းမှာကြားခဲ့ကြောင်း သိရသည်။

    အဆိုပါ တွေ့ဆုံပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ရုံးချုပ် ဌာနခွဲ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများတက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ်ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။