၂၀၂၆ ခုနှစ်၊ မိုးရာသီကာလ ယေဘုယျ ခန့်မှန်းချက်၊ မိုးဦးကာလ ခန့်မှန်းချက်နဲ့ မေလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
  • Mon, 4 May 2026

၂၀၂၆ ခုနှစ်၊ မိုးရာသီကာလ ယေဘုယျ ခန့်မှန်းချက်၊ မိုးဦးကာလ ခန့်မှန်းချက်နဲ့  မေလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်


၂၀၂၆ ခုနှစ်၊ မိုးရာသီကာလ ယေဘုယျ ခန့်မှန်းချက်၊ မိုးဦးကာလ ခန့်မှန်းချက်နဲ့

မေလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်

(မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်း)

တင်ပြသူ -  ဦးထက်‌ဝေထွန်း

-  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

……………………………………………………………………………........................................

မင်္ဂလာပါခင်ဗျာ-

    အခုတစ်ပတ်တင်ပြမှာကတော့ ၂၀၂၆ ခုနှစ်၊ မိုးရာသီကာလ ယေဘုယျခန့်မှန်းချက်၊ မိုးဦး ကာလခန့်မှန်းချက်နဲ့ မေလအတွက် မိုးလေ၀သနဲ့ ဇလဗေဒခန့်မှန်းချက်များ ဖြစ်ပါတယ်။ 

အနောက်တောင်မုတ်သုံလေ ၀င်ရောက်ခြင်း၊ ဆုတ်ခွာခြင်းအ‌ခြေအနေကတော့ အနောက်တောင် မုတ်သုံလေဟာ ၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်နေ့မှ ၆ ရက်နေ့)အတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံးသို့ ၀င်ရောက်ဖွယ်ရာ ရှိပြီး ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ဒုတိယရက်သတ္တပတ် (မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ သီတင်းကျွတ် လဆန်းခန့်)တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ပြန်လည်ဆုတ်ခွာသွားဖွယ်ရာရှိပါတယ်။

    အခုဆက်လက်ပြီး၊ မိုးရာသီကာလအတွက် ယေဘုယျခန့်မှန်းချက်များကို ဆက်လက် တင်ပြပါ့မယ်။

    မိုးဦးကာလဟာ၂၀၂၆ ခုနှစ်၊ ၂၀၂၆ ခုနှစ်၊ မြန်မာနိုင်ငံအတွင်းသို့ အနောက်တောင်မုတ်သုံလေ စတင်၀င်ရောက်သည့်နေ့မှ ဇွန်လကုန်အထိ ဖြစ်ပါတယ်။ မိုးဦးကာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်၀န်း (၄) ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၂) ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအသင့် အတင့်မှ အားကောင်းနိုင်ပါတယ်။ 

    မိုးရွာသွန်းမှုအ‌ခြေအနေမှာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

    မိုးဦးကာလ မေလနဲ့ ဇွန်လတို့မှာ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ မြစ်သာမြစ်၊ ဒုဋ္ဌဝတီမြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ငဝန်မြစ်၊ တိုးမြစ်နဲ့ ဘီးလင်းမြစ် တို့တစ်လျှောက်ရှိ မြို့များမှာ မြစ်ရေများဟာ လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်သော်လည်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်နိုင်ဖွယ်မရှိပါ။

    မိုးလယ်ကာလဟာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လကုန်အထိ ဖြစ်ပါတယ်။ မိုးလယ်ကာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်၀န်း (၄) ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၂) ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ ယင်းကာလအတွင်း     အနောက်တောင်မုတ်သုံလေသည် အားကောင်းနိုင်ပါတယ်။ 

    မိုးရွာသွန်းမှု အ‌ခြေအနေမှာ

    ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ရွာသွန်းမြဲ ထက်ပိုနိုင်ပြီး နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ပါတယ်။

မိုးလယ်ကာလ ဇူလိုင်လနဲ့ သြဂုတ်လတို့မှာ ဧရာဝတီမြစ်ရေဟာ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာ မြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ (၁) ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင် မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ(၁) ကြိမ်ခန့်စီ၊ မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ (၁) ကြိမ်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ မြစ်ငယ်မြို့တွင် (၁) ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ (၁) ကြိမ်ခန့်နဲ့ မဒေါက်မြို့မှာ (၂) ကြိမ်ခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ (၂) ကြိမ်ခန့်၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ (၁) ကြိမ်ခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ (၂) ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြိုမှာ (၁) ကြိမ်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်း မြို့နဲ့ ပုသိမ်မြို့တို့မှာ (၁) ကြိမ်ခန့်စီ၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၁) ကြိမ်ခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ (၁) ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိ နိုင်ပါတယ်။

    မိုးနှောင်းကာလဟာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ပြန်လည်ဆုတ်ခွာသွားသည့်နေ့အထိ ဖြစ်ပါတယ်။ မိုးနှောင်းကာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်၀န်း (၄) ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၂) ကြိမ်မှာ ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေ သည် အားအသင့်အတင့် ရှိနိုင်ပါတယ်။ 

    မိုးရွာသွန်းမှုအ‌ခြေအနေမှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

    မိုးနှောင်းကာလ စက်တင်ဘာလနဲ့ အောက်တိုဘာလတို့မှာ ဧရာဝတီမြစ်ရေဟာ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ (၁) ကြိမ်ခန့်စီ၊ ဒုဋ္ဌဝတီမြစ်ရေဟာ မြစ်ငယ်မြို့မှာ (၁) ကြိမ်ခန့်၊ စစ်တောင်း မြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ (၁) ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ (၁) ကြိမ်ခန့်၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ (၁) ကြိမ်ခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့ မှာ (၁) ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ (၁) ကြိမ်ခန့်၊ ငဝန်မြစ်ရေမှာ ငါးသိုင်းချောင်းမြို့နဲ့ သာပေါင်း မြို့တို့မှာ (၁) ကြိမ်ခန့်စီနဲ့ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၁) ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါတယ်။

    ယခုဆက်လက်ပြီး ၂၀၂၆ ခုနှစ်၊ မိုးဦးကာလအတွက် မိုးလေ၀သနဲ့ ဇလဗေဒခန့်မှန်းချက် များကို တင်ပြလိုပါတယ်။

    ၂၀၂၆ ခုနှစ်၊ မိုးဦးကာလဟာ မြန်မာနိုင်ငံအတွင်းသို့ အနောက်တောင်မုတ်သုံလေ စတင် ဝင်ရောက်သည့်နေ့မှ ၂၀၂၆ ခုနှစ်၊ ဇွန်လကုန်အထိ ဖြစ်ပါတယ်။

    အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံအရပ်ရပ်သို့ အောက်ပါအတိုင်း ဝင်ရောက်ဖွယ်ရာရှိပါ သည်-

(က) မေလ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၊

( ခ) မေလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်ဒေသများ၊

( ဂ) မေလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့်

(ဃ) မေလ ၃၁ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ၊ကို ဝင်ရောက်ဖွယ်ရာရှိပါတယ်။

        ဘင်္ဂလားပင်လယ်အော် အခြေအနေကတော့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်၀န်း (၄) ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၂) ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါ တယ်။ ယင်းကာလအတွင်း အနောက်တောင် မုတ်သုံလေဟာ အားအသင့်အတင့်မှ အားကောင်းနိုင် ပါတယ်။

    မိုးရွာသွန်းမှုအ‌ခြေအနေမှာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

    မိုးဦးကာလ မေလနဲ့ ဇွန်လတို့မှာ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ မြစ်သာမြစ်၊ ဒုဋ္ဌဝတီမြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ငဝန်မြစ်၊ တိုးမြစ်နဲ့ ဘီးလင်းမြစ် တို့တစ်လျှောက်ရှိ မြို့များမှာ မြစ်ရေများဟာ လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်သော်လည်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်နိုင်ဖွယ်မရှိပါ။

    အခုဆက်လက်ပြီး၊ လာမည့် မေလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်များကို ဆက်လက်တင်ပြပါမယ်။

အနောက်တောင်မုတ်သုံလေဟာ မေလ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့လည်းကောင်း၊ မေလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ် ဒေသများသို့လည်းကောင်း၊ မေလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်း ဒေသ များသို့လည်းကောင်း၊ မေလ ၃၁ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်း ဒေသ များသို့လည်းကောင်း အသီးသီး၀င်ရောက်နိုင်ပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တို့မှာ လေဖိအားနည်းရပ်၀န်း (၂) ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၁) ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေဟာ အားအသင့် အတင့်ရှိနိုင်ပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့် အတင့်မှ တိမ်ထူထပ်နိုင်ပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။

    မိုးရွာသွန်းမှုအ‌ခြေအနေမှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

    မိုးရွာရက်များအနေနဲ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ၁၇ ရက်မှ ၂၂ ရက်ခန့်နဲ့ နေပြည်တော်၊ ရန်ကုန် တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ၁၁ ရက်မှ ၁၆ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

    နေ့အပူချိန်များအနေနဲ့ကတော့ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီး တို့မှာ မေလပျမ်းမျှ အပူချိန်၏ ၁.၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက်ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်း ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ မေလပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ပါ တယ်။

    မြစ်ရေအခြေအနေ ခန့်မှန်းချက်မှာ ၂၀၂၆ ခုနှစ်၊ မေလအတွင်း ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနား မြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူ မြို့နဲ့ ညောင်ဦးမြို့တို့မှာ ၇ ပေမှ ၁၂ ပေခန့်နဲ့ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည် မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ ၄ ပေမှ ၇ ပေခန့် လက်ရှိရေမှတ်များ အထက်မြင့်တက် လာနိုင်ပါတယ်။

        ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ ၅ ပေမှ ၁၀ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက် လာနိုင်ပါတယ်။

မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ ၇ ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့မှာ ၁ ပေခန့်၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့မှာ ၄ ပေမှ ၅ ပေခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့ တို့မှာ၂ ပေ မှ ၃ ပေခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ၂ ပေခန့်၊ ပဲခူးမြစ်ရေဟာ ဇောင်းတူ မြို့နှင့် ပဲခူးမြို့တို့ဟာ ၂ ပေမှ ၅ ပေခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ ၃ ပေခန့်၊ သောင်ရင်း မြစ် ရေဟာ မြဝတီမြို့မှာ ၃ ပေခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့မှာ ၅ ပေခန့်၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ ၂ ပေခန့်စီ၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ ၃ ပေခန့်နှင့် ဘီးလင်းမြစ်ရေဟာ ဘီးလင်း မြို့မှာ ၃ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါတယ်။

    အချုပ်အားဖြင့် တင်ပြလိုတာကတော့ လာမည့်မေလဟာ မိုးကြိုကာလမှ မိုးဦးကာလကို ကူးပြောင်းတဲ့ကာလ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာ နေ့အပူချိန် မြင့်တက်နေမှုများ ဆက်လက် ဖြစ်ပေါ်နိုင်ပြီး အပူချိန်မြင့်မားမှုကြောင့် မွန်းလွဲ/ညနေပိုင်း အချိန်အခါများမှာ မိုးတိမ်တောင် ကြီးများဖြစ်ပေါ်ခြင်း၊ လေပြင်းများတိုက်ခတ်တတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ် ခြင်း၊ မိုးသီးများ ကြွေကျတတ်ခြင်းနဲ့ ခေတ္တမျှမိုးသည်းထန်ခြင်းတို့ ဖြစ်ပေါ်တက်ပါတယ်။ ဒါ့အပြင် အနောက်တောင်မုတ်သုံ စတင်ဝင်ရောက်ချိန်မှာ လေထုမငြိမ်သက်မှုဖြစ်စဉ်များကြောင့် ထစ်ချုန်း မိုးသက်လေပြင်းဖြစ်စဉ်များ နေရာကွက်ကျား ဖြစ်ပေါ်နိုင်ပြီး၊ အနောက်တောင်မုတ်သုံလေ ဝင်ရောက် ပြီးနောက် ၎င်းဖြစ်စဉ်များဟာ တစ်ဖြည်းဖြည်း လျော့ကျလာမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မေလဟာ မိုးကြိုရာသီမှာ ဖြစ်ပေါ်တတ်တဲ့ မိုးကြိုမုန်တိုင်းအခြေအနေများကိုလည်း စောင့်ကြည့် သတိထားရ မယ့် ကာလဖြစ်သလို မြစ်ချောင်းများအနီး နေထိုင်ကြသူများအဖို့ လက်ရှိရေမှတ်များအထက် မြင့်တက် လာနိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့လည်း လိုအပ်ပါတယ်။

    အဲဒီလို ထူးခြားတဲ့ မိုးလေဝသအခြေအနေ၊ မြစ်ရေအခြေအနေများနဲ့ ပတ်သက်လို့ ကြိုတင် သတိပေးချက် ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ၊ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နဲ့ တစ်ပြေးညီထုတ်ပြန် ပေးသွားမှာဖြစ်ပါတယ်။

 မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ Website ဖြစ်တဲ့ www.moezala.gov.mm သို့လည်းကောင်း၊ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ Facebook သို့လည်းကောင်း၊ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ YouTube Channel သို့လည်းကောင်း၊ နေပြည်တော်မှာရှိတဲ့ အလိုအလျောက်ဖြေကြားစက်ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့လည်းကောင်း၊ Call Center 1876 (ext no.5)သို့လည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ်သတင်းစာများ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးတို့မှာ နေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ FM ရေဒီယိုများမှလည်း မိုးလေဝသနဲ့ ဇလဗေဒ သတင်း၊ သတိပေးချက်များကို ကြည့်ရှုနားဆင်နိုင်ပါတယ်ဆိုတဲ့အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ် ပါတယ်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာကြပါစေခင်ဗျာ။