ဓာတ်မြေဩဇာသုံးစွဲမှုလျှော့ချ၍ သဘာဝမြေဩဇာများနှင့် စနစ်တကျတွဲဖက်အသုံးပြုရေး ကွင်းသရုပ်ပြပွဲဆောင်ရွက်
  • Fri, 22 May 2026

ဓာတ်မြေဩဇာသုံးစွဲမှုလျှော့ချ၍ သဘာဝမြေဩဇာများနှင့် စနစ်တကျတွဲဖက်အသုံးပြုရေး ကွင်းသရုပ်ပြပွဲဆောင်ရွက်


           နိုင်ငံတော်အစိုးရသစ်၏ ပထမ ရက်ပေါင်း(၁၀၀)စီမံကိန်းအစီအစဉ်အရ ကြံစိုက် တောင်သူများ ဓာတ်မြေဩဇာသုံးစွဲမှုလျှော့ချ၍ သဘာဝမြေဩဇာနှင့်စနစ်တကျ တွဲဖက် အသုံးပြုခြင်းဆိုင်ရာ တောင်သူနည်းပညာပေးကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းတွင် ကြံသီးနှံ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(ပျဉ်းမနား)၌ ကျင်းပပြုလုပ်သည်။

စိုက်ပျိုးရေးဦးစီးဌာန၊ နေပြည်တော်တိုင်းဒေသကြီးမှ ညွှန်ကြားရေးမှူး၊ ဦးကျော်ကျော်ဦးက ဓာတ်မြေဩဇာများကို အလွန်အကျွံသုံးစွဲခြင်းဖြင့် မြေဆီလွှာ၏ ရုပ်/ဓာတ်ဂုဏ်သတ္တိများ လျော့ နည်းလာခြင်း၊ ကုန်ကျစရိတ်များခြင်း၊ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုများရှိခြင်းကြောင့် ဓာတ် မြေဩဇာသုံးစွဲမှုကိုလျှော့ချပြီး သဘာဝမြေဆွေးများပြုလုပ်ကာ စနစ်တကျတွဲဖက်အသုံးပြု ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သကြားထွက်သီးနှံဌာနခွဲမှ စိုက်ပျိုးရေးပညာရှင်များက ကြံစိုက်တောင်သူ များအနေဖြင့် မိမိတို့စိုက်ခင်းမှထွက်လာသော ကြံရွက်ခြောက်များကို မီးရှို့ခြင်းပြုလုပ်မည့် အစား ကြံရွက်ခြောက်မြေဆွေးများပြုလုပ်ကာ ပြန်လည်ထည့်သွင်းအသုံးပြုခြင်းဖြင့် မြေဆီ လွှာ၏ အဆင့်အတန်းနှင့်အရည်အသွေးတိုးတက်ကောင်းမွန်ကာ အထွက်နှုန်းများ လည်းတိုး တက်ပြီး ဝင်ငွေပိုမိရရှိနိုင်ကြောင်း၊ ကြံရွက်ခြောက်အပါအဝင် စိုက်ခင်းမှထွက်ရှိလာသော သီးနှံအကြွင်းအကျန်များနှင့် စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများကို စနစ်တကျ ပြန်လည်အသုံး ပြုခြင်းဖြင့် ကုန်ကျစရိတ်ကို များစွာသက်သာစေမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ 

ခြံဦးစီးမှူး၊ ဒေါက်တာအိအိခိုင်က သီးနှံများစိုက်ပျိုးရာသီတွင် အပင်အာဟာရ စီမံခန့် ခွဲမှု၏ အရေးပါပုံကိုလည်းကောင်း၊ ဖိုးတောင်သူ(Dr. Farmer)ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက သဘာဝမြေဩဇာနှင့် အနည်းလိုအာဟာရဓာတ်များ၏ အရေးပါပုံကို ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများက ကြံရွက်ခြောက်မြေဆွေးပုံပြုလုပ်နည်းကို လက်တွေ့ပြသကြရာ တက်ရောက် လာသော ကြံတောင်သူများမှ စိတ်ပါဝင်စားစွာလေ့လာကြပြီး သိလိုသည်များကို မေးမြန်းဆွေး နွေးကြသည်။

ယနေ့ပြုလုပ်သော ကွင်းသရုပ်ပြပွဲအား စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်း/ခရိုင်/မြို့နယ်မှ စိုက်ပျိုးရေးပညာရှင်ဝန်ထမ်း(၆)ဦး၊ ကြံသီးနှံသုတေသနခြံနှင့်မျိုးသန့်ခြံများမှ ဝန်ထမ်း(၂၄)ဦး၊ ပျဉ်းမနားသကြားစက်မှ ဝန်ထမ်း(၁၁)ဦးနှင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၇)စုမှ ကြံစိုက်တောင်သူ(၃၀)ဦး၊ စုစုပေါင်း(၇၁)ဦးပါဝင်တက်ရောက်ကြသည်။