၂၀၂၆ ခုနှစ်၊ ဇွန်လအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက် (မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်း)
  • Fri, 5 June 2026

၂၀၂၆ ခုနှစ်၊ ဇွန်လအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်  (မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်း)


တင်ပြသူ -  ဒေါ်အိမြမွန်

   -  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

……………………………………………………………………………................................................

မင်္ဂလာပါရှင်-

    ၂၀၂၆ ခုနှစ်၊ ဇွန်လအတွက် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်းချက်များကို နေပြည်တော်၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ကြေညာပါ့မယ်ရှင်။

    အနောက်တောင်မုတ်သုံလေသည် ဇွန်လ ၁ ရက်နေ့မှ ၅ ရက်နေ့အတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံးသို့ ဝင်ရောက်နိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိ အားနည်းရပ်ဝန်း (၂) ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁) ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် အားအတင့်အသင့်မှ အားကောင်းနိုင်ပါသည်။

    မိုးရွာသွန်းမှုအ‌ခြေအနေမှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်း ပြည်နယ်(တောင်ပိုင်း)တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။ 

    ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၂၂ ရက်မှ ၂၈ ရက်ခန့်၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၁၆ ရက်မှ ၂၁ ရက်ခန့်နှင့် နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင် ၁၀ ရက်မှ ၁၅ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။ 

    ၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ၁၂ ပေမှ ၁၅ ပေခန့်၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတ မြို့နှင့် ဇလွန်မြို့တို့တွင် ၇ ပေမှ ၁၁ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၁၀ ပေမှ ၁၅ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက် လာနိုင်ပါသည်။ 

မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ၇ ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့တွင် ၂ ပေခန့်၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ၆ ပေမှ ၈ ပေခန့်၊  စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက် မြို့တို့တွင် ၃ ပေခွဲမှ ၅ ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၃ ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် ၄ ပေမှ ၇ ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၇ ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ၅ ပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့နှင့် သာပေါင်းမြို့ တို့တွင် ၇ ပေမှ ၈ ပေခန့်၊ ပုသိမ်မြို့တွင် ၃ ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် ၄ ပေခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ၆ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။

အချုပ်အားဖြင့် တင်ပြလိုတာကတော့ လာမည့်ဇွန်လဟာ ရာသီကာလအပိုင်းအခြားအနေနဲ့ မိုးဦးကာလသို့ရောက်ရှိလာပြီဖြစ်ပါတယ်။ မိုးဦးကာလသတ်မှတ်ပုံအနေနဲ့ကတော့ အနောက်တောင် မုတ်သုံလေ မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်သည့်အချိန်မှ ဇွန်လကုန်အထိဖြစ်ပါတယ်။ မုတ်သုံဝင်စ ကာလမျိုးမှာ ဖြစ်ပေါ်တတ်တဲ့ လေထုမငြိမ်သက်မှုကြောင့် မိုးသက်လေပြင်း တိုက်ခတ်ခြင်း၊ မိုးသည်းထန်ခြင်း၊ မိုးထစ်ချုန်းခြင်းနှင့်အတူ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်နိုင် ပါသဖြင့် ပြည်တွင်းလေကြောင်း ပျံသန်း ရေး၊ ရေကြောင်းသွားလာရေး၊ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များနဲ့ လယ်ယာလုပ်ငန်းခွင် လုပ် ကိုင်သူများအနေဖြင့် ကြိုတင်သတိပြုဖို့ လိုအပ်ပါတယ်။ မုတ်သုံလေ ဝင်ရောက်ပြီးနောက် အဆိုပါ ဖြစ်စဉ်များဟာ တစ်ဖြည်းဖြည်း လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ဇွန်လအတွင်း မြစ်ရေတိုးလာနိုင်သည့်အတွက် မြစ်ကြောင်းများ အတွင်းသွားလာနေကြသည့် ရေယာဉ်၊ လှေ၊ သင်္ဘောများအနေဖြင့် ဂရုပြုသင့်ပါကြောင်းနဲ့ မြစ်ရေ နည်းစဉ် သဲသောင်ခုံများမှာ စိုက်ပျိုးနေထိုင်ကြသူများ၊ မြစ်ကမ်းပါးအနီး နေထိုင်ကြသူများအနေဖြင့် လည်း ဂရုပြုနေထိုင်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။

အဲဒီလို ထူးခြားတဲ့ မိုးလေဝသအခြေအနေ၊ မြစ်ရေအခြေအနေများနဲ့ ပတ်သက်လို့ ကြိုတင် သတိပေးချက် ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

    မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့သိရှိလိုပါက မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ Website ဖြစ်တဲ့ www.moezala.gov.mm သို့လည်းကောင်း၊ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့Facebook သို့လည်းကောင်း၊ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ You Tube Channel သို့လည်းကောင်း၊ နေပြည်တော်မှာရှိတဲ့ အလိုအလျောက် ဖြေကြားစက်ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ သို့လည်းကောင်း၊ Call Center 1876 (ext no 5) သို့လည်းကောင်း၊ မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ်သတင်းစာများ၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ် အသီးသီးတို့မှ နေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ FM ရေဒီယိုများမှ တဆင့် မိုးလေဝသနဲ့ ဇလဗေဒသတင်း၊ သတိပေးချက်များကို ကြည့်ရှုနားဆင်နိုင်ပါတယ်ဆိုတဲ့အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

    ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာကြပါစေရှင်။