၂၀၂၆ ခုနှစ်၊ ဇူလိုင်လအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက် (မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်း)
  • Mon, 6 July 2026

၂၀၂၆ ခုနှစ်၊ ဇူလိုင်လအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်  (မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်း)


တင်ပြသူ - ဒေါ်သဇင်ဖူး

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

……………………………………………………………………………....................................

မင်္ဂလာပါခင်ဗျာ -

၂၀၂၆ ခုနှစ်၊ မိုးလယ်ကာလနဲ့ ဇူလိုင်လအတွက် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်းချက် များကို နေပြည်တော်၊ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာပါ့မယ်ရှင့်။ 

       မိုးလယ်ကာလ သက်မှတ်ချက်အနေနဲ့ကတော့ မိုးလယ်ကာလဟာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ပထမဝါဆိုလဆုတ် ၂ ရက်နေ့မှ ဝါခေါင်လဆုတ် ၃ ရက်နေ့)အထိ  ဖြစ်ပါတယ်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း (၄)ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၂)ကြိမ်မှာ ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ် အနောက်တောင် မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ အားကောင်းနိုင်ပါတယ် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါတယ်

     မိုးရွာသွန်းမှု အ‌ခြေအနေများအနေနဲ့ကတော့ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ် 

      မြစ်ရေအခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ မိုးလယ်ကာလဖြစ်တဲ့ ဇူလိုင်လနှင့် သြဂုတ်လတို့မှာ ဧရာဝတီမြစ်ရေဟာ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ (၁)ကြိမ်ခန့်၊ ဒုဋ္ဌဝတီ မြစ်ရေဟာ မြစ်ငယ်မြို့မှာ (၁)ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ (၁)ကြိမ်ခန့်နှင့် မဒေါက်မြို့မှာ (၂)ကြိမ်ခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ (၂) ကြိမ်ခန့်၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့ မှာ (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ (၂)ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ (၁)ကြိမ်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၁)ကြိမ်ခန့်နှင့် ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ (၁)ကြိမ်ခန့် ယင်းမြို့များရဲ့ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့  ကျော်လွန်ရောက်ရှိနိုင်ပါတယ်

အခုဆက်လက်ပြီး ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ လပတ်အတွက် မိုးလေ၀သနှင့် ဇလဗေဒ ခန့်မှန်းချက်များကို တင်ပြပါ့မယ်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၁)ကြိမ်မှာ ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ် အနောက်တောင် မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ အားကောင်းနိုင်ပါတယ် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါတယ်

       မိုးရွာသွန်းမှု အ‌ခြေအနေများအနေနဲ့ကတော့ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင် ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်

မိုးရွာရက်များအနေနဲ့ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှာ ၁၇ ရက်မှ ၂၅ ရက်ခန့်နှင့် နေပြည်တော်၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှာ ၉ ရက်မှ ၁၆ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

မြစ်ရေခန့်မှန်းချက် အနေနဲ့ကတော့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအတွင်း ဧရာဝတီမြစ်ရေဟာ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ (၁)ကြိမ်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ မြစ်ငယ်မြို့မှာ (၁) ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နှင့် မဒေါက်မြို့တို့မှာ (၁)ကြိမ် ခန့်စီ၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ (၁)ကြိမ်ခန့်၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ (၁)ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ (၁)ကြိမ်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၁)ကြိမ်ခန့်နှင့် ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ (၁)ကြိမ်ခန့် ယင်းမြို့များရဲ့ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါတယ်

အချုပ်အားဖြင့် တင်ပြလိုတာကတော့ လာမယ့် ဇူလိုင်လဟာ မိုးလယ်ကာလရဲ့ ပထမလ ဖြစ်ပါတယ်။ အထူးသဖြင့် မိုးလယ်ကာလအတွင်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ မုတ်သုံ မုန်တိုင်းများ ဖြစ်ပေါ်လေ့ရှိပါတယ်။ အနောက်တောင်မုတ်သုံလေအနေနဲ့ကတော့ အားကောင်း နိုင်ပါတယ်။ မုတ်သုံမုန်တိုင်းများ ဖြစ်ပေါ်ပါက မုန်တိုင်းနဲ့အတူ မိုးများပိုမိုရွာသွန်း တတ်ခြင်း၊ မိုးသက်လေပြင်းများ ကျရောက်တတ်ခြင်းတို့ကြောင့် မြန်မာ့ပင်လယ်ပြင်မှာ အဝေး မြင်တာ လျော့နည်းမှုနဲ့ လှိုင်းကြီးမှုများ ကြုံတွေ့နိုင်ပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကုန်း၊ တောင်တန်းဒေသများမှာ လျှပ်တပြတ်ရေကြီးခြင်း၊ မြေပြိုခြင်း ဘေးအန္တရာယ်များကိုလည်း သတိပြုရန် လိုအပ်ပါတယ်။ ဇူလိုင်လအတွင်း မြန်မာနိုင်ငံရှိ မြစ်ကြီးများဟာလည်း စိုးရိမ်ရေမှတ် များသို့ (၁)ကြိမ်ခန့်စီ ကျော်လွန်ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားတာဖြစ်တဲ့အတွက် မြစ်ကမ်းအနီး နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ရန် လိုအပ်ပါတယ်။

အဲဒီလို ထူးခြားတဲ့ မိုးလေဝသအခြေအနေ၊ မြစ်ရေအခြေအနေများနဲ့ ပတ်သက်လို့ ကြိုတင်သတိပေးချက် ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ၊ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အချိန်နဲ့ တစ်ပြေးညီထုတ်ပြန် ပေးသွားမှာ ဖြစ်ပါတယ်။

မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ Website ဖြစ်တဲ့ www.moezala.gov.mm သို့လည်းကောင်း၊ မိုးလေဝသ နဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ Facebook သို့လည်းကောင်း၊ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ YouTube Channel သို့လည်းကောင်း၊ နေပြည်တော်မှာ ရှိတဲ့ အလို အလျောက်ဖြေကြားစက်ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့လည်းကောင်း၊ Call Center 1876 (ext no.5)သို့လည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ် သတင်းစာများ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးတို့မှာ နေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ FM ရေဒီယိုများမှလည်း မိုးလေဝသနဲ့ ဇလဗေဒသတင်း၊ သတိပေးချက်များကို ကြည့်ရှုနားဆင်နိုင် ပါတယ်ဆိုတဲ့ အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေရှင့်။