နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များဖြင့် ပဲမျိုးစုံသီးနှံသုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဆွေးနွေး
  • Thu, 16 July 2026

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များဖြင့် ပဲမျိုးစုံသီးနှံသုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဆွေးနွေး


    နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များဖြင့် ပဲမျိုးစုံသီးနှံသုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဆွေးနွေးခြင်းကို ယနေ့နံနက် ၉ နာရီတွင်နေပြည်တော်ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။ 

    အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန၊  စိုက်ပျိုးရေးသုတေသနဦးစီးဌာန တို့မှညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးတက္ကသိုလ်ပါမောက္ခများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သုတေသနပညာရှင်များ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက ယနေ့အချိန်တွင် အဓိကအားဖြင့်လိုချင်သောရလာဒ်မှာ မတ်ပဲသီးနှံတွင် အစေ့အရွယ်အစား(3.25mm) ၏အထက် ၅၀ ရာခိုင်နှုန်း ရရှိစေရန်နှင့် အဝါရောင်မှိုစေ့ရောဂါဒဏ်ခံနိုင်ပြီးအစေ့အရောင်ညီညာတောက်ပမှု ရှိရမည်ဖြစ်ကြောင်း၊ ပဲပုပ်သီးနှံတွင်လည်း ဆီထွက်ပဲပုပ်နှင့် အစေ့စားပဲပုပ်ဟူ၍ ဒေသအလိုက် ကွဲပြားလျက်ရှိသည်ကိုတွေ့ရပြီး ဆီထွက်ပဲပုပ်ကိုအဓိကထား၍ စပါးအပြီးပဲပုပ်စိုက်ပျိုးစေလိုကြောင်း၊ အထွက်နှုန်းကောင်း ရောဂါဒဏ်ခံမျိုးများကို အတွဲလိုက် သုတေသနပြုလုပ်ရန်နှင့် ခိုင်ခိုင်မာမာနှင့် မြန်မြန်ဆန်ဆန်ဖြစ်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားပြီး ဆွေးနွေးပွဲတက်ရောက်လာကြသော ပညာရှင်များ၊ သုတေသီများက မိမိတို့ဆောင်ရွက်မည့် သုတေသနလုပ်ငန်းစဉ်များကို တင်ပြကြရာ ဒုတိယဝန်ကြီးကလိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။