၂၀၂၆ ခုနှစ်၊ မိုးနှောင်းကာလနဲ့ စက်တင်ဘာလ လပတ်အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
  • Tue, 1 September 2026

၂၀၂၆ ခုနှစ်၊ မိုးနှောင်းကာလနဲ့ စက်တင်ဘာလ လပတ်အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်


(မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်း)
တင်ပြသူ -   ဒေါ်သဇင်ဖူး
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
……………………………………………………
မင်္ဂလာပါရှင်-

၂၀၂၆ ခုနှစ်၊ မိုးနှောင်းကာလနဲ့ စက်တင်ဘာလတို့အတွက် မိုးလေ၀သနဲ့ဇလဗေဒခန့်မှန်းချက် များကို နေပြည်တော်၊ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေငြာပါ့မယ်ရှင်။

မိုးနှောင်းကာလ သတ်မှတ်ချက်အနေနဲ့ကတော့ မိုးနှောင်းကာလဟာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက်နေ့)မှစ၍ အနောက်တောင် မုတ်သုံလေ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ပြန်လည်ဆုတ်ခွာသွားသည့်နေ့အထိ ဖြစ်ပါတယ်။
အနောက်တောင်မုတ်သုံလေ ဆုတ်ခွာသည့် အခြေအနေကတော့ အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံအရပ်ရပ်မှ အောက်ပါအတိုင်း ဆုတ်ခွာသွားဖွယ်ရာရှိပါတယ်-
(က)    စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ လည်းကောင်း၊
( ခ )    စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ လည်းကောင်း၊
( ဂ )    စက်တင်ဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ် ဒေသများမှလည်းကောင်း၊ 
(ဃ) အောက်တိုဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှ လည်းကောင်း ဆုတ်ခွာသွားဖွယ်ရာ ရှိပါတယ်။
မိုးနှောင်းကာလအတွင်း ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်‌၀န်း(၄)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၃)ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ အနောက်တောင်မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာ အားအသင့်အတင့် ရှိနိုင်ပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါတယ်။

မိုးရွာသွန်းမှုအခြေအနေများကတော့ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ကယားပြည်နယ် နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း)တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ တနင်္သာရီတိုင်းဒေသကြီးမှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန် ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

မိုးနှောင်းကာလ စက်တင်ဘာလနဲ့ အောက်တိုဘာလတို့မှာ ဧရာဝတီမြစ်ရေဟာ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်း မြို့နဲ့ ဖောင်းပြင်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ဒုဋ္ဌဝတီမြစ်ရေဟာ မြစ်ငယ်မြို့မှာ (၁)ကြိမ်ခန့်၊ စစ်တောင်း မြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ (၁)ကြိမ် ခန့်၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ (၁)ကြိမ်ခန့်၊ သောင်ရင်း မြစ်ရေဟာ မြဝတီမြို့မှာ (၁)ကြိမ်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့နဲ့ သာပေါင်းမြို့တို့မှာ (၁) ကြိမ်ခန့်စီ၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၁)ကြိမ်ခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ (၁)ကြိမ် ခန့် ယင်းမြို့များရဲ့ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါတယ်။

အခုဆက်လက်ပြီး ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ လပတ်အတွက် မိုးလေ၀သနဲ့ ဇလဗေဒခန့်မှန်း ချက်များကို တင်ပြပါ့မယ်။ 

စက်တင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ဘင်္ဂလားပင်လယ်အော်မှာ လေဖိ အားနည်းရပ်၀န်း (၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၂)ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ အနောက်တောင်မုတ်သုံလေဟာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း  မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ လည်းကောင်း၊ စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ လည်းကောင်း၊ စက်တင်ဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ် ဒေသများမှလည်းကောင်း ဆုတ်ခွာသွားဖွယ်ရာ ရှိပါတယ်။ အနောက်တောင်မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ အား အသင့်အတင့် ရှိနိုင်ပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါတယ်။

မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ကယားပြည်နယ်နဲ့ ရှမ်း ပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း)တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်း ပြည်နယ်(မြောက်ပိုင်း)တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

မိုးရွာရက်များအနေနဲ့ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ၂၁ ရက်မှ ၂၅ ရက်ခန့်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း) တို့မှာ ၁၆ ရက်မှ ၂၀ ရက်ခန့်နဲ့ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယား ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ ၁၁ ရက်မှ ၁၅ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

မြစ်ရေအခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအတွင်း ဧရာဝတီ မြစ်ရေဟာ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်းမြို့နဲ့ ဖောင်းပြင်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ဒုဋ္ဌဝတီမြစ်ရေဟာ မြစ်ငယ် မြို့မှာ (၁)ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ရွှေကျင်မြစ် ရေဟာ ရွှေကျင်မြို့မှာ (၁)ကြိမ်ခန့်၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေဟာ ဘားအံ မြို့မှာ (၁)ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ (၁)ကြိမ်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်း မြို့နဲ့ သာပေါင်းမြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၁)ကြိမ်ခန့်နဲ့  ဘီးလင်းမြစ်ရေ ဟာ ဘီးလင်းမြို့မှာ (၁)ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိ နိုင်ပါတယ်။

အချုပ်အားဖြင့် တင်ပြလိုတာကတော့ လာမယ့် စက်တင်ဘာလဟာ မိုးနှောင်းကာလသို့ ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ၊ အလယ်ပိုင်းဒေသများနဲ့ မြစ်ဝကျွန်းပေါ်ဒေသများမှ ဆုတ်ခွာသွားနိုင်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံး အနေနဲ့ကတော့ အောက်တိုဘာလ ပထမ (၁၀)ရက်ပတ်အတွင်းမှာ ဆုတ်ခွာသွားနိုင်ပါတယ်။ မုတ်သုံ လေဆုတ်ခွာသွားသော်လည်း အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းများရဲ့ အရှိန်ကြောင့် လည်းကောင်း၊ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နိုင်တဲ့ မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များ မြန်မာနိုင်ငံဘက်ဆီသို့ ရွေ့လျားလာခြင်းတို့ကြောင့်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ် နိုင်တဲ့ လေဖိအားနည်းရပ်ဝန်းများနဲ့ မုန်တိုင်းများကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံအရပ်ရပ်မှာ မိုးထစ်ချုန်းရွာသွန်းခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါ့အပြင် အနောက်တောင်မုတ်သုံလေ ဆုတ်ခွာခြင်း နဲ့အတူ မိုးတိမ်တောင်များ ပိုမိုဖြစ်ပေါ်ပြီး၊ လျှပ်စီးလက်ခြင်း၊ လေပြင်းတိုက်ခက်ခြင်း၊ မိုးကြိုးပစ် ခြင်းနဲ့ မိုးသည်းထန်စွာ ရွာသွန်းခြင်းများလည်း ဖြစ်ပေါ်နိုင်ပါတယ်။ အထူးသဖြင့် ကမ်းရိုးတန်းသွား သင်္ဘောများနဲ့ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များအနေဖြင့် ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ် နိုင်တဲ့ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းသတင်းများကို အထူးဂရုပြု နားဆင်ပြီး သွားလာစေလို ပါတယ်။ ဒါ့အပြင်လာမယ့် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံရှိ မြစ်ကြီးများမှ မြစ်ရေများဟာလည်း စိုးရိမ်ရေမှတ်ကို ကျော်လွန်ရောက်ရှိနိုင်သေးတဲ့အတွက် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် မြစ်ရေကြီးခြင်း သတိပေးချက်၊ ထုတ်ပြန်ချက်များကို အထူးဂရုပြုစေလိုပါတယ်။ 

အဲ့ဒီလို ထူးခြားတဲ့ မိုးလေဝသအခြေအနေ၊ မြစ်ရေအခြေအနေများနဲ့ ပတ်သက်လို့ ကြိုတင် သတိပေးချက် ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ Website ဖြစ်တဲ့ www.moezala.gov.mm  သို့လည်းကောင်း၊ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ Facebook သို့လည်းကောင်း၊ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ YouTube Channel သို့လည်းကောင်း၊ နေပြည်တော်ရှိ အလိုအလျောက် ဖြေကြား စက်ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့လည်းကောင်း၊ Call Center 1876 (EXT No.5) သို့ လည်းကောင်း၊  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ် သတင်းစာများ၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ်အသီးသီးတို့မှ နေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ FMရေဒီယိုများမှ တဆင့် မိုးလေဝသနှင့် ဇလဗေဒသတင်း၊ သတိပေးချက်များကို ကြည့်ရှုနားဆင်နိုင်ပါတယ်ဆိုတဲ့ အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။ 
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေရှင်။