၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
  • Thu, 1 October 2026

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်


၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
(မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်း)
တင်ပြသူ - ဒေါ်သဇင်ဖူး
- မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
…………………………………………………
မင်္ဂလာပါရှင်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလအတွက် မိုးလေ၀သနဲ့ ဇလဗေဒခန့်မှန်းချက်များကို နေပြည်တော်၊ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေငြာပါ့မယ်ရှင်။

ဘင်္ဂလားပင်လယ်အော်အခြေအနေခန့်မှန်းချက်များအနေနဲ့ကတော့ ကပ္ပလီပင်လယ်ပြင် နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း (၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၂)ကြိမ်မှာ ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ အနောက်တောင်မုတ်သုံ လေဟာ အောက်တိုဘာလ ၁ ရက်နေ့မှ ၅ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်ဒေသများမှလည်း ကောင်း၊ အောက်တိုဘာလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှ လည်းကောင်းအသီးသီးဆုတ်ခွာသွားဖွယ်ရာရှိပါတယ်။ အနောက်တောင်မုတ်သုံလေဟာ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ အားအနည်းငယ်မှ အားအသင့်အတင့်ရှိနိုင်ပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါတယ်။

မိုးရွာသွန်းမှုအခြေအနေမှာ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်းနဲ့ အရှေ့ပိုင်း)တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ် နဲ့ ချင်းပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

မိုးရွာရက်များအနေနဲ့ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှာ ၁၄ ရက်မှ ၂၀ ရက်ခန့်နဲ့ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့မှာ ၈ ရက်မှ ၁၃ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်တယ်။

နေ့အပူချိန် ခန့်မှန်းချက်များအနေနဲ့ကတော့ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ အောက်တို ဘာလ ပုံမှန်အပူချိန်ရဲ့ ၁.၅ ဒီဂရီဆဲလ်စီးယပ်နဲ့အထက်ပိုနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ အောက်တိုဘာလ ပုံမှန်အပူချိန်ခန့်သာ ရှိနိုင်ပါတယ်။ 

ညအပူချိန် ခန့်မှန်းချက်များအနေနဲ့ကတော့ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ အောက်တို ဘာလ ပုံမှန်အပူချိန်ရဲ့ ၁.၅ ဒီဂရီဆဲလ်စီးယပ်နဲ့အထက်ပိုနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ အောက်တိုဘာလ ပုံမှန်အပူချိန်ခန့်သာ ရှိနိုင်ပါတယ်။ 

မြစ်ရေအခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလအတွင်း စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့မှာ (၁)ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင် မြို့မှာ (၁)ကြိမ်ခန့်၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ (၁)ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ (၁)ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါတယ်။

အချုပ်အားဖြင့် တင်ပြလိုတာကတော့ လာမယ့် အောက်တိုဘာလဟာ မိုးလွန်ကာလ ဖြစ်သည့်အလျောက် ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နိုင်သေးတဲ့ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းများကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာတဲ့ အရှေ့လေပွေလှိုင်းများ မြန်မာ နိုင်ငံတောင်ပိုင်းဒေသများသို့ တိုးဝင်တဲ့အခါမှာလည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျားလာတဲ့ အနောက်လေပွေလှိုင်းများ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများသို့ တိုးဝင်တဲ့အခါမှာလည်းကောင်း၊ မွန်းလွဲ/ညနေပိုင်းမှာ ဖြစ်ပေါ်တက်တဲ့ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှုအားကောင်းခြင်းကြောင့် လည်းကောင်း၊ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်တက်တဲ့ တိုင်ဖုန်းမုန်တိုင်းရဲ့ တိမ်တိုက် အကြွင်းအကျန်များ မြန်မာနိုင်ငံဘက်ဆီသို့ ရွေ့လျားလာတဲ့အခါမှာလည်းကောင်း၊ မြန်မာနိုင်ငံ အရပ်ရပ်မှာ အခါလွန်မိုးများ၊ မုန်တိုင်းမိုးများ ထစ်ချုန်းရွာသွန်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ် ခြင်း စတဲ့မိုးလေဝသ ဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသေးတယ်။ အထူးသဖြင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ ပြည်တွင်းရေကြောင်းသွားလာ ရေး၊ ကမ်းရိုးတန်းသွားသင်္ဘောများ၊ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များအနေဖြင့် ဘင်္ဂလား ပင်လယ်အော်မှာ ဖြစ်ပေါ်နိုင်တဲ့ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းသတင်းများကို နားထောင်ပြီး အထူးဂရုပြု သွားလာစေလိုပါတယ်။

အဲဒီလို ထူးခြားတဲ့ မိုးလေဝသအခြေအနေ၊ မြစ်ရေအခြေအနေများနဲ့ ပတ်သက်၍ ကြိုတင် သတိပေးချက်၊ ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ၊ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အချိန်နဲ့ တပြေးညီထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ 

မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ Website ဖြစ်တဲ့ www.moezela.gov.mm သို့လည်းကောင်း၊ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ Facebook သို့လည်းကောင်း၊ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ Youtube Channel သို့လည်းကောင်း၊ နေပြည်တော်ရှိ အလိုအလျောက် ဖြေကြား စက်ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့လည်းကောင်း၊ Call Center 1876 (ext no 5) သို့လည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ်သတင်း စာများ၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ်အသီးသီးတို့မှ နေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ FM ရေဒီယို များမှလည်း မိုးလေဝသနဲ့ ဇလဗေဒသတင်း၊ သတိပေးချက်များကို ကြည့်ရှုနားဆင်နိုင်ပါတယ် ဆိုတဲ့အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါစေရှင်