ပိုးသတ်ဆေးနည်းပညာကော်မတီ၏ (၄၄)ကြိမ်မြောက် အစည်းအဝေးကျင်းပ
  • Thu, 21 November 2024

ပိုးသတ်ဆေးနည်းပညာကော်မတီ၏ (၄၄)ကြိမ်မြောက် အစည်းအဝေးကျင်းပ


ပိုးသတ်ဆေးနည်းပညာကော်မတီ၏ (၄၄)ကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာလ ၂၀ ရက်နေ့ နေ့လယ်ပိုင်းတွင် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော် ရုံးအမှတ်(၄၃)၊ အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ရာ ပိုးသတ်ဆေးနည်းပညာ ကော်မတီ ဥက္ကဌ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ကော်မတီဝင်များဖြစ်ကြသည့် စိုက်ပျိုးရေး ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲ ရေးဦးစီး ဌာန၊ဆေးသုတေသနဦးစီးဌာနတို့မှ တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် တာဝန်ရှိများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပိုးသတ်ဆေးနည်းပညာကော်မတီ ဥက္ကဌ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ပြည်တွင်း၌ ပိုးသတ်ဆေးများ တင်သွင်းခွင့်၊ သုံးစွဲခွင့်၊ ဖြန့်ဖြူးခွင့်၊ သိုလှောင်ခွင့်များအား တည်ဆဲပိုးသတ်ဆေးဥပဒေများနှင့်အညီ ဆောင်ရွက် ရန် ကိစ္စရပ်များ၊ ပိုးသတ်ဆေးမှတ်ပုံတင်ခွင့်ပြုရန် တင်ပြလာသည့် ပိုးသတ်ဆေးများ၏ ရည်ညွှန်းဖော်ပြပါ ဓာတုပစ္စည်းများအတိုင်း ပါဝင်မှု နှင့် အရည်အသွေး  ပြည့်ဝရန် စိစစ်ဆောင်ရွက်ချက်များ ၊ ပိုးသတ်ဆေးသုံးစွဲသူများအား ပိုးသတ်ဆေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် အသိပညာ ပေးခြင်းများ ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ ပိုးသတ်ဆေးနည်းပညာကော်မတီ အတွင်းရေးမှူး သီးနှံကာကွယ်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဦးဇော်လင်းက အစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်ရမည့် ကိစ္စရပ်များ ကို တင်ပြရာ အစည်းအဝေးတက်ရောက်လာကြသူများက အကြောင်းအရာ တစ်ခုချင်းအ ပေါ် ဆွေးနွေးဆောင်ရွက်ကြသည်။

သက်ဆိုင်ရာ ဦးစီးဌာနများမှ ပညာရှင်များဖြင့် ဖွဲ့စည်းဆောင်ရွက်လျက် ရှိသည့် ပိုးသတ်ဆေးနည်းပညာကော်မတီ အနေဖြင့် ပိုးသတ်ဆေးမှတ်ပုံတင်ခွင့် လျှောက်ထား လာချက်များအပေါ် နည်းပညာရပ်ဆိုင်ရာများစိစစ်ပြီး ထောက်ခံချက်နှင့် တကွ  ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ သို့ဆက်လက်တင်ပြနိုင်ရေး အထောက်အကူပြု လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိရာ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၃) ကြိမ်မြောက် အစည်းအ ဝေးပြီးဆုံးချိန် အထိ ပိုးသတ်ဆေးအမျိုးအစား ၄၂၈၇ မျိုး အား မှတ်ပုံတင် ခွင့်ပြုပေးနိုင်ရေး စိစစ်တင်ပြပေးပြီးဖြစ်ကြောင်း၊ ယခု (၄၄) ကြိမ်မြောက် ပိုးသတ်ဆေး နည်းပညာကော်မတီ အစည်းအဝေးတွင် မှတ်ပုံတင်ခွင့်ပြုပေးနိုင်ရန် လျှောက်ထား လာသည့် စမ်းသပ်သုံးစွဲခွင့် မှတ်ပုံတင် ၆ မျိုး၊ စမ်းသပ်သုံးစွဲခွင့်မှ ယာယီမှတ်ပုံတင်ခွင့် အမျိုးအစား ၂၀ နှင့် ယာယီသုံးစွဲ ခွင့်မှတ်ပုံတင် ၁၂၀ မျိုး တို့အား စိစစ်ဆောင်ရွက်ခဲ့ကြ ကြောင်းသတင်းရရှိသည်။