စိုက်ပျိုးနည်းပညာပေးအထောက်အကူပြု “သင်ကြားလမ်းညွှန်မှု ဗီဒီယို (Instructional Video) ရိုက်ကူးထုတ်လုပ်နည်း” သင်တန်းဖွင့်လှစ်
  • Wed, 22 January 2025

စိုက်ပျိုးနည်းပညာပေးအထောက်အကူပြု “သင်ကြားလမ်းညွှန်မှု ဗီဒီယို (Instructional Video) ရိုက်ကူးထုတ်လုပ်နည်း” သင်တန်းဖွင့်လှစ်


စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာန၏ “သင်ကြားလမ်းညွှန်မှု ဗီဒီယို (Instructional Video) ရိုက်ကူးထုတ်လုပ်နည်း” သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ (၂၂) ရက် နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၄၃) အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသူရစိုး တက်ရောက်၍ သင်တန်းဖွင့် အမှာစကားပြောကြားသည်။

သင်တန်းတွင် ဗီဒီယိုရိုက်ကူးထုတ်လုပ်ခြင်း ၊ ကင်မရာရိုက်ချက်များ၊ အခြေခံ သရုပ်ဆောင် အနုပညာနှင့် အတတ်ပညာ၊ ကင်မရာအသုံးပြုနည်း၊ ဒစ်ဂျစ်တယ် ဗီဒီယို တည်းဖြတ်ခြင်း နည်းပညာ၊ လက်တွေ့တည်းဖြတ်ခြင်း၊ နောက်ခံစကားပြောခြင်းနှင့် တင်ဆက်သူ၏ အခန်း ကဏ္ဍ၊ အွန်လိုင်းတွင် လွှင့်တင်ခြင်း၊ လက်တွေ့ဇာတ်ညွှန်းရေးခြင်း တို့ကို ကျွမ်းကျင်သူ အရာထမ်း အမှုထမ်း သင်တန်းနည်းပြများက သင်တန်းကာလ(၂)ရက်ကြာ ပို့ချသင်ကြားပေး သွားမည်ဖြစ်ပြီး လက်တွေ့ရိုက်ကူးခြင်း နှင့်အကဲဖြတ်ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သင်တန်းတွင် ရုံးချုပ်ဌာနခွဲများမှ ဝန်ထမ်း(၅၅)ဦးတို့ တက်ရောက်လေ့လာလျက်ရှိကြောင်း သိရသည်။

စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် တောင်သူနည်းပညာပေးလုပ်ငန်းများကို ကျယ်ပြန့် ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဘက်စုံ ကဏ္ဍစုံမှကြိုးပမ်းလျက်ရှိရာ နည်းပညာပေးဗီဒီယိုများ ထုတ်လုပ်ရာတွင် တောင်သူ လယ်သမားများနှင့် အများပြည်သူတို့ စိတ်ဝင်စားမှုရှိစေရန် စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ ဌာနခွဲအသီးသီးမှ သက်ဆိုင်ရာကဏ္ဍများအလိုက် ဗီဒီယိုများကို ကိုယ်တိုင် ရိုက်ကူးထုတ်လုပ် လွှင့်တင်နိုင်ရေး အတွက် ဗီဒီယိုရိုက်ကူးရေးဝါသနာပါသည့် ဝန်ထမ်းများကို ရွေးချယ်ပြီး စိုက်ပျိုးနည်းပညာ ပေးအထောက် အကူပြု “သင်ကြားလမ်းညွှန်မှု ဗီဒီယို (Instructional Video) ရိုက်ကူးထုတ်လုပ်နည်း” သင်တန်းပေး ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။