ကနဖေါ့

  • Fri, 20 January 2023

၁။ မျိုးရင်း              -  Compositae. (နေကြာမျိုးရင်း)

၂။ ရုက္ခဗေဒအမည်  - Enhydra fluctuans Lour.

၃။ မြန်မာအမည်     - ကနဖေါ့

အပင် 

ရေစပ်ရွှံ့ညွန်များ၌ပေါက်သည့်ပင်ပျော့ပင်ငယ်မျိုးဖြစ်သည်အမြင့်(၁–၂)ပေထိရှိ၏။တစ်ပင်လုံးပြောင်ချောနေသည်။(သို့မဟုတ်)တခါတရံအမွေးနုများဖုံးလွှမ်းနေသည်၊ကိုင်းဖြာသည်၊အဆစ်များမှဖေါ့ကဲ့သို့ပေါ့ပါးသောအဖြူရောင်အမြစ်များ ဖြာထွက်သည်။

အရွက်

ရွက်ဆိုင်အလှည့်ကျထွက်သည်၊ အရွက်များသေးသွယ်ပြီးငှက်တောင်ပုံရှိသည်၊ (၁လက်မမှ၃လက်မ)ထိရှည်သည်၊ ရွက်ရင်း ကျဉ်းသွယ်သည်၊ ရွက်ညှာမဲ့၍ရွက်နားညီသည်၊ (သို့မဟုတ်)သေးငယ်သောခွေးသွားစိပ်များရှိသည်။

အပွင့် 

စိမ်းနုရောင်ရှိသည်ပွင့်ညှာမဲ့သည်၊ ထိပ်ထွက်ပန်းပွင့်ဖြစ်သည်၊ ပွင့်ချိန်မှသီတင်းကျွတ်လမှတပေါင်းလအထိဖြစ်သည်။

အသီး

တစ်စေ့သီးဖြစ်သည်။

ပေါက်ရောက်သည့်ဒေသ

အလွန်အေးသောအရပ်ဒေသများမှအပမြန်မာနိုင်ငံအနှံအပြားရေချိုပိုင်းရေစပ်များတွင်ပေါက်ရောက်သည်။

ပေါက်ရောက်ပုံစံ

သဘာဝအလျောက် အလေ့ကျပေါက်သည်။

အသုံးပြုသည့်အစိတ်အပိုင်း

ပဥ္စငါးပါး၊ အများအားဖြင့်အရွက်ကို သုံးသည်။

အာနိသင် 

မြန်မာဆေးကျမ်းများအလိုအရကနဖေါ့သည်ငန်ခါးအရသာရှိ၏။ အေးသော သတ္တိရှိ၏။ အနည်းငယ်ဝမ်းသက်စေ၏။ သည်း‌ခြေ၊ သလိပ်ကိုနိုင်၏။ ဖေါရောင်ခြင်း၊ နူနာ၊ အရေပြားရောဂါ၊ ချောင်းဆိုးရောဂါ စသည်တို့မှ ကင်းဝေးစေ၏။

အသုံးဝင်ပုံ 

အရွက် - အရွက်ကိုကြိတ်၍ ဦးခေါင်းတွင်အုံးပေးခြင်းဖြင့် ဦးနှောက်ပူခြင်းကိုအေးစေသည်။ အရေပြားနှင့် အကြောရောဂါများအတွက်လည်းသုံးသည်။အရွက်ရည်ကိုနွားနို့နှင့်ဖြစ်စေ၊ ဆိတ်နို့နှင့်ဖြစ်စေသောက်သုံးခြင်းဖြင့်ဆီးပူညောင်းကျနာကိုပျောက်စေသည်။

ပဥ္စငါးပါး  

(၁) ကနဖေါ့ကိုပြုတ်၍ တို့စားခဲ့သော်၎င်း ပြုတ်ရည်ဖြင့်ချွေးအောင်းခဲ့သော်ဖေါရောင်ခြင်းပျောက်၏။

(၂) ကနဖေါ့ ပဥ္စငါးပါးရည် အနည်းငယ်မျှသောက်သော် ကျောက်ဖြူ ပေါက်သောရောဂါ၊ အရေပြားရောဂါ၊ ချဉ်ဆီတိုးသော ရောဂါများ ပျောက်ကင်း၏။

(၃) ကနဖေါ့ရည်ကို ပျားရည်နှင့် ရောသောက်သော်ကျောက်ရောဂါပျောက်ကင်း၏။

(၄) ကနဖေါ့ တပင်လုံးအားဆန်ဆေးရည်၊ မုန်ညင်းဆီထည့်၍ ပြုတ်ပြီးဆားအနည်းငယ်ထည့်သောက်ခြင်းဖြင့်အသည်းအား နည်းသောရောဂါကိုပျောက်ကင်းစေ၏။