ကညွတ်စိုက်ပျိုးနည်း

  • Wed, 11 January 2023

မြန်မာအမည်     -  ကညွတ်

အင်္ဂလိပ်အမည်  -  ASPARAGUS  

ရုက္ခဗေဒအမည် -  Asparagus officinalis

မူရင်းအမည်      -  Liliaceae

မူရင်းဒေသ

မြေထဲပင်လယ်ကမ်းခြေဒေသတစ်ဝိုက်၊ဥရောပအနောက်ပိုင်း၊ဗြိတိသျှကျွန်းစုတောင်ပိုင်း၊ဆိုဗီယက်နှင့်ပိုလန်နိုင်ငံများဖြစ်သည်။

ကညွတ်အမျိုးအစားများ

ကမ္ဘာပေါ်တွင်ကညွတ်အမျိုးအစားပေါင်း(၁၅၀)ခန့်ရှိပါသည်။Mary Washinton ,Calfornia-500, UC‒.66, UC‒727စသည့်မျိုးများသည်အထွက်ကောင်းပြီးရောဂါဒဏ်ခံနိုင်ရည်ရှိသောစပ်မျိုးများဖြစ်ပါသည်။(Mary.Washinton)မျိုးသည်သံချေးမှိုရောဂါကိုခံနိုင်ရည်ရှိပြီးအစို့ထွက်စောသောကြောင့်မြန်မာနိုင်ငံတွင်အများဆုံးစိုက်ပျိုးကြပါသည်။မြန်မာနိုင်ငံတွင်ကညွတ်အရိုင်းမျိုးများကိုဟင်္သာတ၊ဓနုဖြူ၊အင်္ဂဘို၊သာယာဝတီနယ်များတွင်စိုက်ပျိုးသည်ကိုတွေ့ရှိရပါသည်။မြန်မာကညွတ်မျိုးများသည်အစို့တုတ်ခိုင်သန်မာပြီးစားသောက်ရာတွင်သက်တက်တက်အရသာရှိပြီးအမျှင်ပါဝင်၍ဆေးဘက်ဝင်ပါသည်။စပ်မျိုးကညွတ်များသည်စားသောက်ရာတွင်နူးညံ့မှုရှိပြီးအထွက်စောပါသည်။

မြေအမျိုးအစား

သဲနုန်းမြေ၊နုန်းမြေ၊မျိုးတွင်ကောင်းစွာဖြစ်ထွန်းပြီးသဲဆန်လွန်းသောမြေ၊စေးလွန်းသောမြေများကိုမနှစ်သက်ပါ။ရေဝပ်သောမြေတွင်အမြစ်ဥများပုပ်၍အပင်သေနိုင်သဖြင့်မစိုက်ပျိုးသင့်ပါ။မြေချဉ်ငံဓါတ်(၆.၂‒၆.၈) ရှိသောမြေတွင်စိုက်ပျိုးဖြစ်ထွန်းပါသည်။

ရာသီဥတု

သမပိုင်းရာသီကိုကြိုက်နှစ်သက်သော်လည်းမြန်မာနိုင်ငံအနှံ့အပြားတွင်စိုက်ပျိုးနိုင်ပါသည်။အလွန်အေးသောအချိန်တွင်အပင်များကျတတ်ပါသမိုးရေချိန်(၅၅-၆၀)လက်မရွာသွန်းသည့်ဒေသများတွင်ကောင်းစွာဖြစ်ထွန်းပါသည်။ကညွတ်ပင်များကောင်းစွာဖြစ်ထွန်းရန်နေရောင်ခြည်ကောင်းစွာလိုအပ်ပြီးတစ်နေ့လျှင်နေရောင်ခြည်(၈)နာရီခန့်ရရှိရန်လိုအပ်ပါသည်။

မျိုးစေ့နှုန်း

တစ်ဧကလျှင်မျိုးစေ့(၃၀၀-၅၀၀)ဂရမ်သုံး၍ပျိုးထောင်ပါ။

မျိုးစေ့အညှောင့်ဖောက်ခြင်း၊ ပျိုးထောင်ခြင်း

ကညွတ်မျိုးစေ့များသည်အစေ့ငုပ်နားနေတတ်သည့်မျိုးစေ့အုပ်စုတွင်ပါနေသဖြင့်မျိုးစေ့ငုပ်ခြင်းကိုချေဖျက်ပေးရန်မျိုးစေ့များကိုရေနွေးကြက်သီးနွေး(၅၀‒၅၅)°Cတွင်လေးနာရီကြာစိမ်ပေးပြီးနောက်ရေစစ်ထုတ် ပေးပါ။ထို့နောက်မျိုးစေ့ကိုရေစစ်ပြီးစွပ်ကျယ်စ(သို့)ရေစုပ်ယူနိုင်သည့်ပိတ်စဖြင့်ထုတ်ပြီးမြေအိုးအတွင်းသို့ထည့်ပါ။မြေအိုးပေါ်ပလပ်စတစ်အမည်းဖြင့်လုံအောင်ဖုံးပြီးရာသီဥတုပေါ်မူတည်၍နေပူထဲတွင်(၃‒၄)ရက်ခန့်ထားပေးပါ။မျိုးညှောင့်ပေါက်ပြီးမျိုးစေ့များကိုမြေအသင့်ထည့်ပြီးပျိုးအိတ်(သို့)ပျိုးဗန်းများတွင်တစ်စေ့ခြင်းထည့်၍လည်းကောင်း၊အသင့်ပြုလုပ်ပြီးပျိုးဘောင်တွင်တစ်စေ့နှင့်တစ်စေ့တစ်လက်မခြား၍ပျိုးပါ။ပျိုးစပ်မြေအဖြစ်မြေဆွေး(၂)ဆ၊နွားချေးဆွေးအမှုန့်(၁)ဆ၊စက်ဖွဲပြာ(၁)ဆရောစပ်အသုံးပြုပါ။  

မြေပြုပြင်ခြင်း

ထယ်တစ်စပ်၊ထွန်နှစ်စပ်ညက်ညက်ထွန်ပေးပြီးပေါင်းမြက်ကင်းစင်အောင်ကောက်ပေးရမည်။မိုးများသောဒေသတွင်အကျယ်(၂)ပေ၊အမြင့်(၁‒၁.၅)ပေဘောင်များဖြင့်စိုက်ပျိုးရပါမည်။မိုးနှောင်းကာလနှင့်မိုးနည်း သောဒေသတွင်အကျယ်(၁-၁.၅)ပေ၊အနက်(၈-၁၀)လက်မထိစိုက်ကျင်း၊မြောင်းရှည်များတူးကာစိုက်ပျိုးနိုင်ပါသည်။မြေအဖြစ် နွားချေးဆွေး ၊စက်ဖွဲပြာ၊ စပါးခွံတို့ကိုမြေမွစေရန်ထည့်သွင်းပေးရပါမည်။

စိုက်ပျိုးခြင်း

ပျိုးသက်(၂‒၃)လသားအရွယ်ရှိသောပျိုးပင်များကိုစိုက်ပျိုးပါ။ပင်ကြား၊တန်းကြားအကွာဝေးကို(၂'×၂.၅')(၁.၅'×၄')စသည်ဖြင့်ရာသီဥတုပေါ်မူတည်ပြီးစိုက်ပျိုးနိုင်သည်။(၂'×၂.၅')ဖြင့်စိုက်ပျိုးပါကတစ်ဧကလျှင်အ ပင်(၈၇၁၂)ပင်နှင့်(၁.၅'×၄')စိုက်ပျိုးပါကတစ်ဧကလျှင်အပင်(၇၂၆၀)ပင်ဝင်ဆံ့ပါသည်။

အပင်ပြုစုခြင်း

ပေါင်းမြက်များကိုအပင်သက်တမ်းတစ်လျှောက်ရှင်းလင်းပေးခြင်း၊စက်ဖွဲပြာ၊စပါးခွံများထည့်ပေးခြင်း၊ဘောင်ထပ်ပေးခြင်းများကိုအခါအားလျော်စွာပြုလုပ်ပေးရပါမည်။ခြောက်သွေ့ရာသီတွင်ရေပေးသွင်းခြင်းကိုမြေအစိုဓါတ်အပေါ်မူတည်ပြီးပေးသွင်းရပါမည်။စိုက်ပြီးအပင်သက်နှစ်လသားအရွယ်တွင်အပင်များကိုယိုင်လဲမှုမရှိစေရန်တိုင်ထောင်ကြိုးတန်းပေးခြင်းကိုပြုလုပ်ပေးရပါမည်။အပင်သက်(၃‒၄)လသားအရွယ်မှစ ၍အပင်သားတက်ဖယ်ခြင်းကိုတစ်အုံတွင်(၃-၄)ပင်ချန်၍ပြုလုပ်ပါ။


ပင်စည်ကိုင်းများကိုတစ်ပင်လုံးမညှိုးခင်မဖြတ်ဘဲပင်စည်ကိုင်းမှအမြစ်ဥသို့အစာပြောင်းရွှေ့ပြီးမှသာပင်စည်ကိုင်းများကိုဖြတ်ပြီးသဘာဝမြေသြဇာ၊ဓါတ်မြေသြဇာထည့်ခြင်းပြုလုပ်ကြပါသည်။ပင်စည်အသစ်များအားကောင်းချိန်တွင်ပင်စည်ဟောင်းများမညှိုးမှီဖြတ်ပေး၍မြေသြဇာကျွေးခြင်းကိုဆောင်ရွက်ပါကအထွက်မလျော့စေသအပြင်အကြိမ်အရေအတွက်များများခူးဆွတ်နိုင်ပါသည်။ရေသွင်းရေထုတ်ကောင်းစေရန်ရေသွင်းရေထုတ်မြောင်းများကိုစနစ်တကျတူးဖော်ထားရှိရမည်။အပင်သက်တမ်းတစ်လျှောက်နှစ်ပတ်တွင်တစ်ကြိမ်နှမ်းဖတ်ပုပ်ဖျော်ရည်ကိုအပင်ခြေတွင်လောင်းပေးပါ။ရေ(၁၅)ဂါလံတွင်နှမ်းဖတ်နှင့်နွားချေးအ စို(၃)ပိဿာစီလောင်းပေးပြီး(၁၀)ရက်ခန့်အဖုံးပိတ်အပုပ်ခံပြီးနှပ်ထားပါ။၎င်းအပုပ်ရည်နို့ဆီဘူးတစ်ဘူးနှင့်ရေ(၄)ဂါလံရောစပ်ပြီးတစ်ပင်လျှင်နို့ဆီဘူးတစ်ဝက်ခန့်လောင်းပေးပါ။

မြေသြဇာကျွေးခြင်း

ကညွတ်ကိုအောက်ပါနှုန်းထားအတိုင်းမြေအမျိုးအစားနှင့်သက်တမ်းအလိုက်ထည့်သွင်းရပါမည်။မိုးဦးကျတွင်တစ်ကြိမ်၊မိုးနှောင်းပိုင်းတွင်တစ်ကြိမ်၊နှစ်ကြိမ်ခွဲ၍ထည့်ပေးရန်(သို့)ပေါင်းရှင်းပြီးတိုင်း၊ပင်စည်ဟောင်းဖြတ်ပြီးတိုင်းအကြိမ်ကြိမ်ခွဲကျွေးရန်ဖြစ်ပါသည်။

ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း

ပိုးမွှားရောဂါကျရောက်မှုကိုဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးနည်းလမ်းများဖြင့်ကြိုတင်ကာကွယ်ရမည်။ကညွတ်တွင်ကျိုင်း၊ငမြောင်တောင်၊ပျကျရောက်ပါကစိုက်ပျိုးရေးဦးစီးဌာနမှခွင့်ပြုထားသောဆေးများဖြင့်လည်းကောင်း၊ပင်စည်ပုပ်ရောဂါ၊အမြစ်ပုပ်ရောဂါ၊မြစ်ဥပုပ်ရောဂါ၊သံချေးရောဂါများကျရောက်ပါကကာဗင်ဒါဇင်၊ပရိုကာဗင်ဒါဇင်၊မန်ကိုဇက်နှင့်ကာဆူမင်စသည့်မှိုသတ်ဆေးများဖြင့်လည်းကောင်းအညွှန်းအတိုင်းပက်ဖျန်း၍နှိမ်နှင်းရပါမည်။

ရိတ်သိမ်းခြင်း

အပင်သက်တမ်း(၁)နှစ်သားတွင်ပင်ပိုင်းကြီးထွားမှုနှင့်အမြစ်အုံကောင်းစွာဖွံ့ဖြိုးစေရန်အတွက်အစို့၊အညှောက်များကိုခူးဖြတ်ခြင်းမပြုပါနှင့်။ဒုတိယနှစ်တွင်အနည်းငယ်သာခူးဖြတ်ပါ။တတိယနှစ်မှစတင်၍(၆-၈) ပတ်ထိခူးဆွတ်နိုင်ပါသည်။အပင်သက်တမ်း(၅-၆)နှစ်အထိထားကြပါသည်။