ပန်းဂေါ်ဖီစိုက်ပျိုးနည်း

  • Wed, 11 January 2023

မြန်မာအမည်             -  ပန်းဂေါ်ဖီ၊ပန်းမုန်လာ၊ မုန်လာပွင့်

အင်္ဂလိပ်အမည်     -  Cauliflower

ရုက္ခဗေဒအမည်         -  Brassica oleracea

မျိုးရင်းအမည်         -  Brassicaceae

မူရင်းဒေသ

ဆိုက်ပရပ်ကျွန်း၊အီတလီတောင်ပိုင်းနှင့်ဥရောပတောင်ပိုင်းမြေထဲပင်လယ်ကမ်းခြေဒေသများတွင်လွန်ခဲ့သောနှစ်ပေါင်း(၁၆၀၀)ခန့်ကစတင်တွေ့ရှိခဲ့ပါသည်။

ပန်းမုန်လာပွင့်မျိုးများ

သက်လျင်မျိုး

စိုက်ချိန်မှခူးဆွတ်ချိန်အထိ(၉၀)ရက်ကြာပါသည်။ အပွင့်အရွယ်ငယ်၍ကျစ်လစ်သည်။

သက်ကြီးမျိုး

စိုက်ပျိုးချိန်မှခူးဆွတ်ချိန်ထိ(၁၂၀)ရက်ကြာပါသည်။အပွင့်အရွယ်အစားကြီးမား၍တောင်ပေါ်ဒေသများတွင်အများဆုံးစိုက်ပျိုးကြပါသည်။အရွက်အရွယ်ကြီးပြီးပန်းပွင့်ကိုဖုံးအုပ်ထားလေ့ရှိပါသည်။ 

မြေအမျိုးအစား

မုန်လာအုပ်စုတွင်ပါဝင်သောအပင်များသည်မြေဆီဩဇာကြွယ်ဝသောမြေအမျိုးအစားကိုကြိုက်နှစ်သက်ကြသည်။မြေချဉ်ငံဓါတ်(၆‒၆.၆)ရှိသောသဲနုန်းမြေများတွင်ကောင်းစွာဖြစ်ထွန်းပါသည်။ 

ရာသီဥတု

ပန်းဂေါ်ဖီသည်အေးသောရာသီဥတုကိုကြိုက်နှစ်သက်သော်လည်းအပူဒဏ်ခံနိုင်သည့်သီးနှံတစ်မျိုးဖြစ်ပါသည်။ပူ၍ခြောက်သွေ့သောရာသီဥတုတွင်ပန်းမပွင့်သည့်အတွက်အေးပြီးအစိုဓာတ်ရသောနေရာတွင်စိုက်ပျိုးသင့်ပါသည်။တစ်လလျှင်ပျှမ်းမျှအပူချိန်(၆၀‒၇၀)ဒီဂရီဖာရင်ဟိုက်ရရှိရန်လိုအပ်ပါသည်။ခြောက်သွေ့လွန်းသောရာသီဥတုတွင်အပွင့်ဖြစ်ထွန်းရန်ခက်ခဲပါသည်။မြေပြန့်ဒေသများတွင်စက်တင်ဘာလနှင့်အောက်တိုဘာလများတွင်စိုက်ပျိုးကြပြီးတောင်ပေါ်ဒေသများတွင်ဧပြီ၊မေ၊စက်တင်ဘာ၊နှင့်အောက်တိုဘာလများတွင်စိုက်ပျိုးကြပါသည်။ 

ပျိုးထောင်ခြင်း

ဘောင်အရှည်(၁၀)ပေနှင့်အမြင့်(၂.၅)ပေရှိသောပျိုးဘောင်များပြင်ပေးရန်လိုအပ်ပါသည်။ပျိုးဘောင်မြေပြင်ရာတွင်မြေများမှုန့်ညှက်မသွားစေရန်လိုအပ်ပါသည်။မျိုးစေ့ကြဲရန်ပျိုးဘောင်ပေါ်တွင်(၂)လက်မမြောင်းများပြုလုပ်၍မျိုးစေ့ချပြီးနွားချေးမှုန့်ပါးပါးဖုံးအုပ်ပေးရန်လိုအပ်ပါသည်။(၃-၄)ရက်ကြာလျှင်အညှောင့်ပေါက်လာမည်ဖြစ်ပါသည်။ပျိုးသက်(၂၀)ရက်ရလျှင်ယူရီးယားမြေဩဇာကိုတစ်ဘောင်လျှင်(၅)အောင်စနှုန်းဖြင့်ရေဖျော်၍ဖျန်းပေးရန်လိုအပ်ပါသည်။တစ်ဧကလျင်မျိုးစေ့(၁၀၀-၁၅၀)ဂရမ်လိုအပ်ပါ သည်။ 

စိုက်ပျိုးခြင်း

စိုက်ခင်းကိုထယ်(၂)စပ်၊ထွန်(၃)စပ်ဝင်၍မြေပြုပြင်ရန်လိုအပ်ပါသည်။ပေါင်းမြက်များရှင်းလင်း၍ကြမ်းတုံးရိုက်ပေးရန်လိုအပ်ပါသည်။ပင်ကြား၊တန်းကြား(၁.၅×၂)(၂×၂.၅)ခြား၍စိုက်ပျိုးနိုင်ပါသည်။သက်လျင်မျိုးကိုသက်ကြီးမျိုးထက်အနည်းငယ်စိပ်စိပ်ထား၍စိုက်ပျိုးနိုင်ပါသည်။ပြောင်းရွှေ့စိုက်ပျိုးပြီး(၁၀‒၁၅)ရက်အကြာတွင်ပျိုးပင်ခါးဆွခြင်းကိုဆောင်ရွက်ပေးရန်လိုအပ်ပါသည်။အပင်ဖာခြင်းလုပ်ငန်းကို(၄-၅)ရက်အ တွင်းချက်ချင်းလုပ်ဆောင်ပေးရန်လိုအပ်ပါသည်။ 

မြေဩဇာကျွေးခြင်း   

 ပန်းဂေါ်ဖီ(၁)ဧကစိုက်ပျိုးရာတွင်မြေဩဇာနှုန်းထားများကိုအောက်ပါအတိုင်းအသုံးပြုရန်လိုအပ်ပါသည်။ 

အပင်ပြုစုခြင်း

ပန်းဂေါ်ဖီပင်၏မြေအောက်(၁.၅-၂)ပေမှအမြစ်များကအစာရေစာပိုမိုစားသုံးပါသည်။ကြားပေါင်းလိုက်ခြင်းဖြင့်ဓါတ်မြေဩဇာနှင့်မြေသားသမသွားစေပါသည်။တစ်ပတ်လျှင်(၁-၂)ကြိမ်ရေသွင်းပေးရန်လိုအပ်ပါ သည်။အပွင့်ကောင်းစွာပွင့်နေချိန်တွင်နေရောင်ခြည်တိုက်ရိုက်ထိတွေ့ပါကပန်းပွင့်အရောင်ပြောင်းသွားတတ်ပြီးစားသုံးရာတွင်လည်းအသားကြမ်း၍အရသာခါးသက်လာပါသည်။ထို့ကြောင့်အပွင့်၏အချင်း(၂-၃) လက်မအရွယ်ရောက်သောအခါအပြင်ရွက်များကိုစည်းပေးရန်လိုအပ်ပါသည်။ 

ခူးဆွတ်ခြင်း

ပြောင်းရွေ့စိုက်ပြီး(၂‒၂.၅)လအကြာတွင်ပန်းပွင့်စတင်ခုတ်ယူနိုင်ပါသည်။တစ်ဧကလျှင်ပန်းပွင့်တန်ချိန်(၅‒၈)တန်ထွက်ရှိနိုင်ပါသည်။မျိုးကိုလိုက်၍အထွက်နှုန်းပြောင်းလဲမှုရှိနိုင်ပါ သည်။ 

မျိုးစေ့ထုတ်ယူခြင်း

ပန်းဂေါ်ဖီသည်ပင်တည်းဝတ်မှုံကူးခြင်းဖြင့်သန္ဓေမအောင်ဘဲပင်ခြားဝတ်မှုံကူးခြင်းဖြင့်သန္ဓေအောင်သည့်မျိုးဖြစ်ပါသည်။မျိုးစေ့ထုတ်ရာတွင်မျိုးကွဲများမပါစေရန်အထူးဂရုပြုရန်လိုအပ်ပါသည်။