အာလူးစိုက်ပျိုးနည်း

  • Wed, 11 January 2023

အာလူးမျိုးများ

Kufrijyoti, မျိုးများကို လက်ရှိတွင်အများအပြားစိုက်ပျိုးလျှက်ရှိပါသည်။(၂၀၁၅‒၂၀၁၆)ခုနှစ်၊စိုက်ပျိုးရာသီမှစတင်၍နယ်သာလန်မျိုး(၃)မျိုး Markies, Atlantic, Carolus မျိုး၊တရုတ်မျိုး (L6)များအားတင်သွင်း၍ စမ်းသပ်စိုက်ပျိုးခဲ့ကြပါသည်။

မြေအမျိုးအစား

မြေနီ၊နုန်းတင်မြေနု၊ခဲမြေနက်မြေမျိုးတွင်အာလူးကောင်းစွာဖြစ်ထွန်းသည်။မြေအချဉ်ငန်ဓာတ်(၅.၅‒၆.၅)ရှိသောမြေတွင်အာလူးပင်အကောင်းဆုံးဖြစ်ထွန်းသည်။မြေအချဉ်ငန်ဓာတ်(၄.၀‒၅.၅)အထိချဉ်သောမြေမျိုးတွင်စိုက်ပျိုး၍ထွက်ရှိသောအာလူးများမှာအထားခံပါသည်။

ရာသီဥတု

မိုးအသင့်အတင့်ရွာသော၊အေးသောရာသီဥတုကိုကြိုက်နှစ်သက်သည်။မိုးရေချိန်(၄၀‒၈၀)လက်မရွာသွန်းသည့်ဒေသများတွင်ကောင်းစွာဖြစ်ထွန်းပါသည်။အသင့်တော်ဆုံးအပူချိန်မှာ(၁၆°C‒၂၇°C)အတွင်းကောင်းစွာဖြစ်ထွန်း၍(၃၀)°Cထက်ကျော်လျှင်အပင်ကြီးထွားမှုနှေးကွေးပြီးအထွက်နှုန်းထိခိုက်နိုင်ပါသည်။

မျိုးနှုန်း

မိုးအာလူး (ယာမြေ) -  ၆၅၀  -  ၇၀၀ပိဿာ

ရေအာလူး                 - ၆၀၀   -  ၇၀၀ပိဿာ

ဆောင်းအာလူး         - ၆၅၀   -  ၇၀၀ပိဿာ

မြေဩဇာနှုန်း

တစ်ဧကနှုန်း

သဘာဝမြေသြဇာ    -   နွားလှည်း         (၂၀-၃၀)စီး

ယူရီးယား              -  (၅၀) ကီလိုဝင်  (၃)အိတ်

တီစူပါ              -  (၅၀) ကီလိုဝင်     (၁)အိတ်

ပိုတက်ရှ်              -  (၅၀) ကီလိုဝင်     (၁) အိတ်

စိုက်ပျိုးချိန်

(က) မိုးအာလူး         (မတ်၊ဧပြီ၊မေ၊ဇွန်)

(ခ) ရေအာလူး          (ဇန်နဝါရီ၊ဖေဖော်ဝါရီ)

(ဂ)  စကအာလူး       (ဇူလှိုင်၊သြဂုတ်)

(ဃ) ဆောင်းအာလူး (အောက်တိုဘာ၊နိုဝင်ဘာ)

မြေပြုပြင်ခြင်း

ထယ်ရေး(၈)လက်မအနက်ရရန်ထယ်(၁-၂)စပ်ထိုးပေးရသည်။ထို့နောက်ထွန်(၆-၈)စပ်ထိမွှေပေးပြီးပေါင်းမြက်ကုန်စင်အောင်ကောက်ရမည်။နောက်ဆုံးမြေပြင်ပကြမ်းတုံးရိုက်၍မြေသိပ်ထားရသည်။

စိုက်ပျိုးခြင်း

ရှမ်းပြည်နယ်တွင် ရေသွင်းစိုက်ပျိုးခြင်း(ရေအာလူး) နှင့်ကုန်းတွင် စိုက်ပျိုးခြင်း(မိုးအာလူး)ဟူ၍ စိုက်ပျိုးကြသည်။ဧရာဝတီတိုင်းဒေသကြီး ၊မန္တလေးတိုင်းဒေသကြီမကွေးတိုင်းဒေသကြီးတို့တွင်ကျွန်းမြေနှင့်သဲချောင်းများ၌ စိုက်ပျိုးကြသည်။မျိုးရွေးချယ်ရာတွင် အပုပ်အနာကင်းသောမျိုး၊ မျက်စိတိမ်၍မျက်စိနည်းသောမျိုးကို ရွေးချယ်ရမည်။အလုံးလိုက်သော်လည်းကောင်း၊ခွဲစိတ်၍သော်လည်းကောင်း စိုက်ပျိုးကြသည်။ ခွဲစိတ်စိုက်ပျိုးပါက မျိုးအာလူးအား မျိုးစေ့လူးနယ်ဆေး(သို့မဟုတ်)မှိုသတ်ဆေးအနည်းငယ်အသုံးပြု၍ စိုက်ပျိုးသင့်ပါသည်။ တန်းကြား (၂.၅-၃)ပေ၊ ပင်ကြား(၆-၉)လက်မခြား၍ စိုက်ပျိုးပါ။ တစ်ဧကတွင်(၂၅၀၀၀ - ၃၅၀၀၀)အပင်ဦးရေ ရရှိအောင်စိုက်ပျိုးပါ။ စိုက်ပျိုးချိန်တွင် ယူရီးယား(၂)အိတ်၊ တီစူပါ(၁)အိတ်၊ ပိုတက်ရှ်(၁)အိတ်ကိုလည်းကောင်း၊ ကျန်ယူရီးယား(၁)အိတ်ကို အပင်ပေါက်ပြီး(၁၅)ရက်နှင့် တစ်လအတွင်း(၂)ကြိမ်ခွဲထည့်ပေးပါ။

အပင်ပြုစုနည်း

ဟဲဟိုးချိုင့်ဝှမ်းတွင်သာစိုက်ပျိုးလေ့ရှိသည့် ရေအာလူး(ဆောင်းအာလူး)စိုက်ပျိုးရာတွင် စိုက်ပြီး(၄၅)ရက်သားတွင် (၁)ကြိမ်၊ ရက်(၆၀)သားတွင်(၁)ကြိမ် မဖြစ်မနေ ရေပေးသွင်းရမည်။ရေမသွင်းမီကြားပေါင်းလိုက်ခြင်း ၊ယူရီးယားဓာတ်မြေသြဇာကျွေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းတို့ကို တပြိုင်နက်တည်းဆောင်ရွက်ပြီး ဘောင်တင်ပေးရမည်။ ကုန်းအာလူးကို တောင်စောင်းဆင်ခြေလျှောများတွင် မိုးရေကိုအားထား၍ စိုက်ပျိုးသည်။ စိုက်ပြီး(၃၀)ရက်သားတွင် ပေါင်းလိုက်ပေးရမည်။တစ်လလျှင်(၂)ကြိမ်ခန့် ပေါင်းလိုက်ပေးပါက ပိုကောင်းပါသည်။ဆောင်းအာလူးကို မြစ်ဝကျွန်းပေါ်ဒေသ မြစ်ကမ်းပါးသောင်ပြင်များတွင် မြစ်ရေကျချိန်နုန်းတင်မြေနုများ၌ စိုက်ပျိုးပါသည်။မြေဆီသြဇာထက်သန်သဖြင့် ယူရီးယားကို အနည်းငယ်သာကြဲပက်ပေးရန်လိုပြီး စိုက်ပြီး(၄၅)ရက်တွင်တစ်ကြိမ်၊ ရက်(၆၀)တွင်တစ်ကြိမ် ကြဲပက်ပေးရမည်။ ရေသွင်းခြင်းလုပ်ငန်း လုံးဝဆောင်ရွက်ရန်မလိုပါ။

ပိုးမွှားရောဂါ ကာကွယ်ခြင်း

အဓိကကျရောက်သောပိုးမှာပင်ဖြတ်ပိုး (cut - worm) နှင့်နှစ်ဆယ့်ရှစ်ပြောက်ကျိုင်း (28spotted/beetle) တို့ဖြစ်ပြီးအာလူးသိုလှောင်ထားစဉ်အာလူးဥထိုးဖလံ (Tuber moth)(မျက်ဆံပိုး)ကျရောက်ဖျက်ဆီးပါသည်။အဓိကကျရောက်သောရောဂါများမှာအာလူးနှောင်းပင်နာကျနှင့်စောပင်နာကျရောဂါတို့ဖြစ်ပါသည်။ပိုးမွှားရောဂါကျရောက်ပါကသင့်တော်သောပိုးသတ်ဆေး၊မှိုသတ်ဆေးကိုအညွှန်းပါအတိုင်းအသုံးပြု၍ နှိမ်နင်းရပါမည်။

တူးဖော်ခြင်း

စိုက်ပြီး(၃-၄)လအတွင်း အပင်များခြောက်သွေ့လာချိန်(သို့မဟုတ်) အာလူးပင်၏ ပင်စည်အားပိုင်းဖြတ်ကြည့်ပါက အလယ်၌အခေါင်းပေါ်လျှင် တူးဖော်၍ရပြီဖြစ်ပါသည်။ ရိတ်သိမ်းချိန်တွင်အာလူးတူးဖော်စက်ဖြင့်လည်းကောင်း၊ ပေါက်ပြားဖြင့်လည်းကောင်း၊ ကြောင်းလိုက်ထယ်ထိုး၍လည်းကောင်း တူးပြီးလက်ဖြင့်ကောက်ယူရသည်။

အထွက်နှုန်း

မျိုးပေါ်မူတည်၍အထွက်နှုန်းမှာမျိုးနှုန်းပမာဏ၏(၅-၁၀)ဆအထိထွက်ရှိနိုင်သဖြင့်အထွက်ပိဿာ(၃၀၀၀-၇၀၀၀)ထိထွက်ရှိနိုင်ပါသည်။

ရိတ်သိမ်းချိန်တွင်သတိပြုရမည့်အချက်များ

ထိခိုက်ဒဏ်ရာမရသည့်အာလူးများအားသီးခြားကောက်ယူရမည်ဖြစ်ပြီးဒဏ်ရာရအာလူးများနှင့်ရောနှောထားခြင်းမပြုရပါ။ထုတ်ပိုးသယ်ယူရာတွင်လည်းထိခိုက်ဒဏ်ရာမဖြစ်စေရန်သတိ ပြု ကိုင်တွယ်ဆောင်ရွက်ရမည် ဖြစ်ပါသည်။တူးဖော်ပြီးပါက နေပူထဲတွင် အချိန်ကြာမြင့်စွာထားခြင်း၊ မိုးရေစိုခြင်းများမဖြစ်အောင် တူးဖော်ပြီးသောအာလူးများကို ဂိုဒေါင်များသို့မြန်မြန်သယ်ယူရန် လိုအပ်ပါသည်။

သိုလှောင်သိမ်းဆည်းခြင်း

တူးဖော်ပြီးအာလူးများကို မျိုးအာလူးအဖြစ်သိမ်းဆည်းလိုပါက အအေးခန်းတွင်လည်းကောင်း၊ လေဝင်လေထွက်ကောင်းမွန်သော အခန်းတွင်လည်းကောင်း၊ အာလူးဥထိုးဖလံမဝင်နိုင်ရန်အတွက်အလင်းရောင်အသင့်အတင့်ရှိသော အခန်းတွင်လည်းကောင်း ဆေးလူးနယ်၍ ထားသိုနိုင်ပါသည်။စားသုံးမှုအတွက် အလင်းရောင်မရှိသည့် အခန်းတွင်သိုလှောင်နိုင်ပါသည်။