ရုံးပတီစိုက်ပျိုးနည်း

  • Sun, 26 June 2022


မြန်မာအမည်         -   ရုံးပတီ

အင်္ဂလိပ်အမည်     - Okra, Lady's Fingure, 

ရုက္ခဗေဒအမည်      -    Abelmoschusesculentus

မျိုးရင်းအမည်     - Malvaceae

ရုံးပတီမျိုးများ

အသီးအရောင်အစိမ်းနှင့်အနီမျိုးဟူ၍ရှိပြီးအနံ့အရသာအဟာရကွဲပြားမှုမရှိပဲအရောင်အားဖြင့်သာကွဲပြားသည်။ဟင်းချက်သည့်အခါအနီရောင်သည်အစိမ်းရောင်သီးတောင့်အဖြစ်အရောင်ပြောင်းသွားသည်။

ရေမြေရာသီဥတု

ပူနွေးသောရာသီဥတုကိုကြိုက်နှစ်သက်ပြီးဆောင်းရာသီတွင်အပင်ဖြစ်ထွန်းမှုမကောင်းပါ။မြေမျိုးမရွေးစိုက်ပျိုးနိုင်သော်လည်းရေစိမ့်ဆင်းမှုကောင်းသောမြေမျိုးဖြစ်ရမည်။မြေချဉ်ငန်ဓါတ်(၅.၈)မှ(၇.၀၀) သည်ရုံးပတီနှင့်သင့်တော်သော(Soil pH) ဖြစ်ပါသည်။

မျိုးစေ့နှုန်းထား

တစ်ဧကလျှင်မျိုးစေ့နှုန်း( ၆)ကီလိုဂရမ်အသုံးပြုပါ။

မြေဩဇာနှုန်းထား

နွားချေး         (၁၀)တန်

ယူရီးယား          (၅၀)ကီလို   (၂) အိတ်

တီစူပါ               (၅၀)ကီလို   (၁) အိတ်

ပိုတက်ရှ်            (၅၀)ကီလို   (၁)အိတ်

မြေပြင်စဉ်ယူရီးယားမြေသြဇာတဝက်၊တီစူပါမြေသြဇာနှင့်ပိုတက်ရှ်မြေသြဇာများကိုစိုက်ခင်းအတွင်းထည့်သွင်းပါ။စိုက်ပြီး(၃၀)ရက်သားဘောင်ထပ်ချိန်တွင်ကျန်ယူရီးယားမြေသြဇာတဝက်ကိုထည့်သွင်းပါ။မြေပြုပြင်ခြင်းမြေပြင်ချိန်တွင်နွားချေးချပြီးထယ်ထိုးထွန်မွှေပေးရမည်။၎င်းနောက်စိုက်ကြောင်းဖော်ပေးပါ။

စိုက်ပျိုးခြင်း

နွေရာသီတွင်စိုက်ပျိုးပါကရုံးပတီမျိုးစေ့အား(၄)နာရီရေစိမ်ပေးပါ။ထို့နောက်မျိုးစေ့ကိုရေသန့်ဖြင့်ဆေး၍တစ်ကျင်းလျှင်(၃)စေ့ခန့်ချ၍တိုက်ရိုက်စိုက်ပျိုးပါ။မိုးရာသီတွင်ရေစိမ်ရန်မလိုအပ်ပါ။အစေ့မှအပင်ပေါက်ရန်အတွက်စိုက်ဘောင်၏ အပူဓာတ်သည် အရေးကြီးပါသည်။ တန်းကြား (၃)ပေ၊ပင်ကြား(၁-၁.၅)ပေထား၍စိုက်ပျိုးနိုင်သည်။

ပိုးမွှားရောဂါကာကွယ်ခြင်း

ရုံးပတီတွင်အဓိကကျရောက်သောပိုးမွှားရောဂါများမှာVercillium wilt, Yellow Mosaic Virus,Fusarium Wilt, ယင်ဖြူ, ပျ, သီးလုံးဖောက်ပိုး တို့ဖြစ်ပါသည်။ Virus ရောဂါကာကွယ်ရန်အတွက်ယင်ဖြူ၊ပျတို့ကိုနှိမ်နင်းပါ။ ပိုးမွှားရောဂါကျရောက်လျှင် ဘက်စုံပိုး မွှားရောဂါကာကွယ်နည်းစနစ်(IPM)ဖြင့်ကာကွယ်နှိမ်နင်းပါ။ကျရောက်ပျက်စီးမှုများပါကစိုက်ပျိုးရေးဦးစီးဌာနမှထောက်ခံထားသည့်ဆေးများကိုညွှန်ကြားချက်အတိုင်းအသုံးပြုပါ။ မိတ်ဖက်အပင်များ(Campan.ion-planting)စိုက်ပျိုးခြင်းကို ဆောင်ရွက်ပါ။အကျိုးပြု အင်းဆက်များကိုစိုက်ခင်းသို့ဆွဲဆောင်နိုင်ရန် (Farm- scaping) အဖြစ်အကျိုးပြု အင်းဆက်များ နှစ်သက်သော အပင်များစိုက်ပျိုးထားရှိပါ။

ခူးဆွတ်ခြင်း

စိုက်ပျိုးပြီး(၂)လခန့်အကြာတွင်ပထမဦးဆုံးအကြိမ်စတင်ခူးဆွတ်နိုင်ပါသည်။အဟာရဓာတ်အပြည့်ရရှိရန်အသီးတောင့်(၂‒၄)လက်မအရွယ်တွင်ခူးဆွတ်ရမည်။ရုံးပတီသီးကို(၁)ရက်ခြားခူးဆွတ်ပါ။ပထမဆုံးအသီးတောင့်ခူးဆွတ်ပြီးချိန်တွင်အောက်ခြေရှိအရွက်များအားဖယ်ရှား ပေးရမည်။

မျိုးစေ့ထုတ်လုပ်ခြင်း

ရုံးပတီမျိုးစေ့ထုတ်လုပ်ရန် တန်းကြား (၃)ပေ၊ ပင်ကြား(၁.၅)ပေ ထားရန်လိုအပ်ပါသည်။တစ် ကျင်းလျှင်တစ်ပင်ထားစနစ်ကို အသုံးပြုရမည်။ မျိုးစေ့ အရည်အသွေးကောင်းရန်အတွက် ပိုတက်ဆီယမ် မြေသြဇာကိုပိုမိုထည့်ပေးရန်လိုအပ်ပါသည်။မျိုးစေ့ထုတ်ရာတွင်အစေ့၊အဆံအောင်မြင်ရန်အတွက်အောက်သီးမှစသီးသောအောက်ခြေအတောင့်(၂)တောင့်အားခူးဆွတ်ပေးရမည်။အောက်ခြေအတောင့်နံပါတ်(၃)မှစ၍(၁၀) တောင့်အားမျိုးသီးအဖြစ်ယူပါ။ (၁၀)တောင့်အထက်မှစ၍ ထိပ်ပိုင်းဖြတ်ပေးမည်။ အသီးတောင့်အခြောက်ခူးပြီးတိုင်း သီးတောင့်နှင့်ကပ်လျှက်အရွက်အား ဖယ်ရှားပေးပါ။ အသီးတောင့်များအားလုံးမကွဲအက်မီခူး ဆွတ်သင့်သည်။ မျိုးစေ့များအားသိုလှောင်  မီအနည်းဆုံးအစိုဓာတ်(၈)%အထိအခြောက်ခံသင့်ပါသည်။

 ရုံးပတီသီး(၁၀၀)ဂရမ်တွင် ပါဝင်သောအာဟာရဓါတ်များ

ကယ်လိုရီ            -    ၃၃ ဂရမ်

အဆီဓာတ်            -    ၀.၂ ဂရမ်

ဆိုဒီယမ်            -    ၇  မီလီဂရမ်

ပိုတက်ဆီယမ်    -    ၂၉၉ မီလီဂရမ်

ကာဘိုဟိုက်ဒရိတ်  -   ၇ဂ ရမ်

အမျှင်ဓာတ်    -     ၃.၂ ဂရမ်

ပရိုတိန်း            -     ၁.၉ ဂရမ်

ဗီတာမင်-စီ    -     ၂၃ မီလီဂရမ်

ကယ်လဆီယမ်      -     ၈၂ မီလီဂရမ်

သံ                    -     ၀.၆ မီလီဂရမ်

ဗီတာမင်ဘီ -၆    -      ၀.၂ မီလီဂရမ်

မဂ္ဂနီစီယမ်            -      ၅၇ မီလီဂရမ်