ငရုတ်စိုက်ပျိုးနည်း

  • Sun, 14 August 2022


မြန်မာအမည်    -  ငရုတ်

အင်္ဂလိပ်အမည် - Chilli / Pepper

ရုက္ခဗေဒအမည်- Capsicum spp

မျိုးရင်းအမည်   -Solanaceae

ငရုတ်အမျိုးအစားများ

ငရုတ်ကိုသာမာန်အားဖြင့်(၂)မျိုးခွဲနိုင်သည်။ငရုတ်အစပ်မျိုးနှင့်ငရုတ်အချိုမျိုးဖြစ်သည်။ငရုတ်သီးစပ်ရခြင်းမှာ(Capsaicin)ဓါတ်ပါဝင်မှုကြောင့်ဖြစ်သည်။မျိုးအလိုက်အချို့ငရုတ်သည်မိုးပေါ်သို့ထောင်သီးပြီး၊အချို့မှာအောက်သို့စိုက်၍သီးပါသည်။ငရုတ်သီးပုံသဏ္ဌာန်မှာလည်းအရှည်၊အပု၊လုံးဝိုင်းပုံအမျိုးမျိုးရှိကြသည်။

မြေအမျိုးအစား

မြေအမျိုးအစားမရွေးစိုက်ပျိုးနိုင်ပြီးသဲနုန်းမြေသည်အကောင်းဆုံးဖြစ်သည်။အသင့်တော်ဆုံးမြေချဉ်ငံဓါတ်သည်(၅.၅-၇)အတွင်းဖြစ်သည်။

ရာသီဥတု

ပူနွေးသောရာသီဥတုကိုကြိုက်နှစ်သက်၍မိုးရေချိန်(၂၅‒၅၀)လက်မအထိရွာသွန်းသောဒေသတွင်စိုက်ပျိုးရန်သင့်တော်သည်။ငရုတ်သည်ပူပြင်းသောဒဏ်ကိုခံနိုင်သော်လည်းအသီးဖြစ်ထွန်းမှုနည်းသည်။မြန်မာ နိုင်ငံအထက်ပိုင်းတွင်ရာသီမရွေးစိုက်ပျိုးကြသည်။မြန်မာနိုင်ငံအောက်ပိုင်းဒေသတွင်ဆောင်းရာသီ၌စိုက်ပျိုးနိုင်သည်။အပူချိန်(၂၀-၃၀)ºCတွင်အကောင်းဆုံးဖြစ်ထွန်းပြီး(၁၅)ºCအောက်နိမ့်၍၊(၃၂)ºCထက်မြင့်လျှင်အပင်ကြီးထွားမှုနှေးကွေးပြီးသီးထွက်လျော့နိုင်ပါသည်။

မျိုးစေ့နှုန်း

စိုက်ပျိုးသည့်စနစ်ကိုမူတည်၍တစ်ဧကလျှင်မျိုးစေ့(၅၀-၁၀၀)ဂရမ်လိုအပ်ပါသည်။

မြေသြဇာကျွေးခြင်း

တစ်ဧကနှုန်း

နွားချေး (၁)တင်းခွဲအိတ်   (၅၀၀)အိတ်

ယူရီးယား (၅၀)ကီလို           (၂)      အိတ်

တီစူပါ (၅၀)ကီလို           (၁)      အိတ်

ပိုတက်ရှ် (၅၀)ကီလို           (၁)      အိတ်

စိုက်ပျိုးချိန်

အမျိုးအမည်     ပျိုးထောင်ချိန်                         စိုက်ချိန်                                        ခူးဆွတ်ချိန်

မိုးကြိုငရုတ်        ဖေ-မတ်                 ဧပြီ-မေ                                  ဇူလိုင်-သြဂုတ်

မိုးငရုတ်                ဧပြီ-မေ                 ဇွန်                                             စက်တင်ဘာ

ဆောင်းငရုတ်        အောက်တိုဘာ                 နိုဝင်ဘာ                                        ဖေ-မတ်

ပျိုးထောင်ခြင်း

ပျိုးဘောင်ကိုသေချာစွာပြုပြင်ပြီး(၆)လက်မကွာအတန်းလိုက်အစေ့ချပျိုးထောင်ပါ။ပူပြင်းသောရာသီတွင်ပျိုးဘောင်ကိုအမိုးပြုလုပ်ပေးရန်လိုပါသည်။မြေတွင်းအောင်းပိုးနှင့်ပုရွက်ဆိတ်ကာကွယ်ရန်ပျိုးဘောင်တွင်မြေအောင်းပိုးသတ်ဆေးအားဆေးညွှန်းပါအတိုင်းထည့်ပေးပါ။အစိုဓါတ်မပြတ်စေရန်ရေမှန်မှန်လောင်းပေးပါ။

စိုက်ပျိုးခြင်း

ပျိုးသက်(၃၀‒၄၅)ရက်သားအရွယ်(အရွက်စစ်၅‒၇ရွက်)တွင်စိုက်ပါ။မိုးရာသီတွင်ပျိုးသက်ကို(၂)လအထိထားနိုင်ပါသည်။မျိုးအလိုက်အပင်အကွာအဝေးကွာခြားပါသည်။တန်းကြားပင်ကြား(၃'‒၁.၅')ဖြင့်စိုက်ပျိုးပါကတစ်ဧကအပင်ဦးရေ(၉၆၈၀)ဝင်ဆံ့ပါသည်။ညနေတွင်ရွေ့ပြောင်းစိုက်ပါ။အပင်စိုက်စဉ်တွင်အမြစ်ကိုမြေထဲသို့ဖြောင့်တန်းစွာရှိနေစေရမည်။

အပင်ပြုစုခြင်း

ရွှေ့စိုက်ပြီး(၂၀)ရက်သားတွင်ပေါင်းလိုက်ပါ။စိုက်ပြီးတစ်လသားတွင်ယူရီးယားအိတ်ဝက်ထည့်၍မြေတောင်မြှောက်ပေးပါ။ရက်(၆၀)သားတွင်ယူရီးယားအိတ်ဝက်ထပ်မံထည့်၍မြေတောင်မြှောက်ပါ။အသီးတင်အားကောင်းရန်ပထမဆုံးပွင့်သည့်ပန်းပွင့်အားခြွေပေးသင့်ပါသည်။

ရေသွင်းခြင်း

မြေတွင်းအစိုဓါတ်နည်းသွားပါကအပွင့်အသီးများကြွေကျတတ်၍ရေသွင်းပေးပါ။(မှတ်ချက်-ရေများပြီးရေဝပ်လျှင်အပင်သေနိုင်သည်။)

ပိုးမွှားရောဂါကာကွယ်ခြင်း

ငရုတ်တွင်အဓိကကျရောက်သောရောဂါများမှာကိုင်းဖျားခြောက်ရောဂါ၊အသီးမှဲ့ပြောက်စွန်းရောဂါနှင့်ဘတ်တီးရီးယားပင်ညှိုးရောဂါများဖြစ်ပါသည်။ကိုင်းဖျားခြောက်နှင့်မှဲ့ပြောက်စွန်းဖြစ်စေသောမှိုသည်မျိုးစေ့ဆောင်ရောဂါဖြစ်၍မျိုးစေ့ကိုမျိုးစေ့လူးနယ်ဆေးနှင့်ဆေးညွှန်းပါအတိုင်းအသုံးပြုစိုက်ပျိုးပါ။ပင်ညှိုးရောဂါကာကွယ်ရန်ငရုတ်ပျိုးပင်များကိုမှိုသတ်ဆေးအားဆေးညွှန်းပါအတိုင်းဖျော်၍ဖျန်းပါ။စိုက်ခင်းတွင်သီးထိုးယင်၊သရစ်ပိုးနှင့်သီးလုံးဖေါက်ပိုးတို့ကျရောက်တတ်သဖြင့်ပိုးစတွေ့လျှင်တွေ့ချင်းသင့်တော်သည့်ပိုးသတ်ဆေးကိုအညွှန်းပါအတိုင်းပက်ဖျန်းပါ။

ခူးဆွတ်ခြင်း

အစိမ်းအဖြစ်ခူးမည်ဆိုပါကအစိမ်းရင့်ချိန်(သို့)အရောင်ပြောင်းစအချိန်တွင်ခူးပါ။အခြောက်အဖြစ်ခူးမည်ဆိုပါကအနီရောင်ကောင်းမွန်စွာပြောင်းပြီးမှခူးဆွတ်ပါ။အသီးများကို(၅)ရက်တစ်ကြိမ်ခူးရန်လိုအပ်ပါသည်။

 အထွက်နှုန်း

ငရုတ်တစ်ဧကလျှင်ငရုတ်ခြောက်(၇၀၀‒၁၀၀၀)ပိဿာ၊ငရုတ်အစိုသည်အခြောက်ထက်(၃‒၄)ဆခန့်အထွက်ပိုပါသည်။ငရုတ်သီးအစိုများကိုအပူချိန်(၅၀)°Cရှိရေနွေးတွင်(၃)မိနစ်မှ(၅)မိနစ်ခန့်ထိစိမ်ပေးပြီးနေ ရောင်ဖြင့်အခြောက်ခံနိုင်ပါသည်။အခွံပွ၍အတောင့်ကြီးသောမျိုးကိုရေနွေးဖျောပြီးမှသာအခြောက်ခံကြသည်။

မျိုးစေ့ထုတ်ယူနည်း

မျိုးစေ့ခံမည့်အပင်အားရွေးချယ်ပြီးနောက်အသီးများကောင်းစွာရင့်မှည့်ချိန်တွင်ခူးဆွတ်ပြီးမျိုးစေ့ထုတ်ယူပါ။မျိုးစေ့ကိုအခန်းတွင်းအရိပ်အောက်၌အခြောက်ခံပါ။

ငရုတ်အထွက်နှုန်းတိုးစေရန် ဆောင်ရွက်ရမည့်အချက်များ

၁။ရေမြေဒေသနှင့်ကိုက်ညီသောမျိုးများမှဖလံဖြူကင်းပြီးအရောင်လှပသည့်အသီးမှမျိုးစေ့ကိုရွေးချယ်၍စိုက်ပျိုးပါ။

၂။မြေကိုထယ်ရေးနက်နက်၊ညက်ညက်ထွန်ပြီးရေသွင်းရေထုတ်မြောင်းများစနစ်တကျဖော်၍ဆောင်ရွက်ပါ။

၃။တစ်ဧကလျှင်အပင်ပေါက်နှုန်းကောင်းမွန်သည့်မျိုးစေ့(၅၀‒၁၀၀)ဂရမ်နှုန်းအသုံးပြု၍ပျိုး ထောင်စိုက်ပျိုးပါ။

၄။ပင်ကြား၊တန်ကြား(၂'x၂')(သို့မဟုတ်)(၃'x၁.၅')အကွာအဝေးဖြင့်အပင်(၈၀၀၀မှ၁၀၀၀၀)ဝင်ဆံ့အောင်လေးကွက်ကြားစနစ်ဖြင့်စိုက်ပျိုးပါ။

၅။တစ်ဧကလျှင်နွားချေးတစ်တင်းခွဲအိတ်(၅၀၀)အိတ်၊ယူးရီးယား(၅၀)ကီလိုအိတ်(၂)အိတ်၊တီစူပါ(၁)အိတ်၊ပိုတက်ရှ်(၁)အိတ်နှုန်းထည့်သွင်းပေးပါ။

၆။ပျိုးသက်(၃၀‒၄၅)ရက်သားတွင်စိုက်ခင်းသို့ရွှေ့ပြောင်းစိုက်ပျိုးပါ။ရွှေ့ပြောင်းစိုက်ပြီးတစ်လအတွင်းကြားပေါင်းလိုက်ခြင်း၊ဘောင်တင်ခြင်းနှင့်အပင်ပြုပြင်ခြင်းကိုဆောင်ရွက်ပါ။

၇။ရွှေ့ပြောင်းစိုက်ပျိုးချိန်တွင်စိုက်ခင်း၌အစိုဓါတ်မပြတ်စေရန်အထူးဂရုပြုရပါမည်။အပင်လှန်ချိန်အထိအစိုဓါတ်မပြတ်စေရန်ပန်းစတင်ပွင့်ချိန်တွင်ရေသွင်းပေးခြင်းလုပ်ငန်းကိုအထူး ဆောင်ရွက်ပါ။

၈။ပိုးမွှားရောဂါတွေ့လျှင်တွေ့ချင်းသင့်တော်သည့်ပိုးသတ်ဆေး၊မှိုသတ်ဆေးများကိုအညွှန်းပါအတိုင်းပက်ဖျန်းပါ။

၉။ငရုတ်ခြောက်အရည်အသွေးကောင်းရရှိစေရန်အတွက်ပန်းပွင့်ပြီး(၆‒၈)ပါတ်အကြာတွင်ကောင်းစွာရင့်မှည့်၍အနီရောင်သန်းသောငရုတ်သီးများကိုသာဆွတ်ခူးပါ။