ကြက်သွန်နီစိုက်ပျိုးနည်း

  • Sun, 14 August 2022

ကြက်သွန်နီမျိုးများ

ရွှေဖလား၊ဘောင်စောက်၊သပိတ်လုံးနှင့်မင်းတုံးဥမွှာမျိုးတို့ဖြစ်ပြီးအများဆုံးစိုက်ပျိုး သောမျိုးမှာ ရွှေဖလားမျိုးဖြစ်သည်။

မြေအမျိုးအစား

အစိုဓါတ်ရှိသောမြေအတော်များများတွင်စိုက်ပျိုးနိုင်သည်။အလွန်ချဉ်သောမြေကိုမ နှစ်သက်သဖြင့်အောက်မြန်မာပြည်တွင်စိုက်ပျိုးမှုနည်းသည်။ကြိုက်နှစ်သက်သောမြေအချဉ်အငံဓါတ်မှာ(၆-၇)ထိဖြစ်ပါသည်။

ရာသီဥတု

အပူအအေးသင့်တင့်သောရာသီဥတုကိုကြိုက်နှစ်သက်သည်။အပင်ကြီးထွားချိန်တွင် (၂၀°-၂၁°)စင်တီဂရိတ်နှင့်ကြက်သွန်ဥဖြစ်ပေါ်ချိန်တွင်(၂၀°-၂၇°)စင်တီဂရိတ်နှင့်နေ့တာရှည်ရန်လိုအပ်သည်။သာမာန်အားဖြင့်အပူချိန်အသင့်အတင့်မြင့်ပြီးနေ့တာရှည်ပါကဥဖြစ်ပေါ်မှုကိုအားပေးသည်။အပူချိန်သည်ပွင့်တံထွက်ခြင်းကိုစိုးမိုးသည်။(၁၀° - ၁၆° )စင်တီဂရိတ်တွင်နေ့တာ(၉နာရီ မှ ၁၂နာရီ) ရရှိပါကပန်းပွင့်၍အစေ့တည်စေ သည်။

မျိုးနှုန်း

တစ်ဧကအတွက်ပျိုးထောင်ရန် တစ်ပြည်လျှင် အလေးချိန်(၇၅-၈၀) ကျပ်သားရှိသည့် မျိုးစေ့(၂-၄) ပြည်ခန့်လိုပါသည်။

မြေသြဇာနှုန်းထား

တစ်ဧကနှုန်း

သဘာဝမြေသြဇာ         (၁၀)တန်

ယူရီးယား    (၅၀)ကီလိုဝင် (၂)အိတ်

တီစူပါ         (၅၀)ကီလိုဝင် (၂)အိတ်

ပိုတက်        (၅၀)ကီလိုဝင်         (၁)အိတ်

ယူရီးယားမှလွဲ၍ကျန်မြေသြဇာများကိုမြေပြင်ချိန်တွင်ထည့်သွင်းပါ။ယူရီးယားကိုပျိုးပင်များပြောင်း စိုက်ချိန်တွင်တစ်ဝက်နှင့်ကျန်တစ်ဝက်ကိုစိုက်ပြီးတစ်လအကြာတွင် ထည့်ပေးရမည်။ 

ပျိုးထောင်ခြင်း

ကြက်သွန်နီတစ်ဧကစိုက်ပျိုးရန်အတွက်ပျိုးခင်းသည်(၀.၀၅)ဧကအရွယ်ရှိရမည်။မျိုးစေ့များကိုညီညာစွာကြဲပက်၍လည်းကောင်း၊အတန်းလိုက်သော်လည်းကောင်းစိုက်ရမည်။ပေါင်း လိုက်လွယ်ကူစေရန်အတန်းလိုက်စိုက်သင့်သည်။စိုက်ပြီးသောမျိုးစေ့များကိုနွားချေးမှုန့်ပါးပါးဖြူး၍သဲကြမ်းဖြင့်ပြန်လည် ဖုံးအုပ်ပေးပါ။ အောက်တိုဘာလ မှနိုဝင်ဘာလလယ်ထိ ပျိုးထောင်နိုင်သည်။ မျိုးစေ့များ အညှောင့် ပေါက်ညီညာစေရန် ကောက်ရိုး ၊မြက်ခြောက် များဖြင့်ဖုံးအုပ်ပေးရမည်။(၃×၁၈)ပေဘောင်အတွက်တစ်ဧကလျှင်မျိုးစေ့နို့ဆီဘူး(၁)ဘူးလို အပ်ပါသည်။ပျိုးသက်(၁)လခန့်ရှိလျှင်(၃×၁၈)ပေအရွယ်ပျိုးဘောင်တစ်ဘောင်လျှင်ယူရီးယားနို့ဆီဘူး(၂)ဘူးထည့် ပေးရမည်။ 

မြေပြုပြင်ခြင်း

ပြောင်းရွှေ့စိုက်ပျိုးချိန်မှစ၍ကြီးထွားမှုနည်းသောသီးနှံဖြစ်သည့်အတွက်ပေါင်းမြက်မနိုင်လျှင်တစ်ခင်းလုံးပျက်စီးတတ်သည်။ပေါင်းမြက်ကြိုတင်နှိမ်နင်းရန်အတွက်ထယ်အကြိမ် ကြိမ်ထိုးရသည်။ထယ်ရေးပြီးကထွန်ရေးနက်နက်ထွန်၍ကြမ်းရိုက်ပြီးမိမိစိုက်လိုသောနည်းစနစ်အတိုင်းပြုပြင်ရမည်။ဘောင်စနစ်ဖြင့်လည်းကောင်းကန်သင်းဖော်၍လည်းကောင်းစိုက်ပျိုးကြသည်။ 

စိုက်ပျိုးခြင်း

 (က)     ကြက်သွန်မျိုးဥ ဥသေးမှစိုက်ပျိုးခြင်း

 ( ခ )     ဇော်မွှားအသေးစိုက်ပျိုးခြင်း

 ( ဂ )     အစေ့မှ ပျိုးထောင်၍ ရွှေ့ပြောင်းစိုက်ပျိုးခြင်းတို့ဖြစ်ပါသည်။

စိုက်ခင်းအားမြေပြင်ပြီးပါက(၂)ပေအကျယ်ထယ်ကြောင်းဖော်ပြီးဘောင်ပြုလုပ်ပေးရပါသည်။ထယ်ကြောင်းထဲတွင်ကျနေသောမြေစာများကိုဂေါ်ဖြင့်ကော်၍ဘောင်တင်ပေးရပါ သည်။ကန်သင်းဖော်၍စိုက်မည်ဆိုပါက(၉×၆)ပေကျင်းများ(သို့)(၆×၆)ပေကျင်းများဖွဲ့ရသည်။ဤစနစ်သည်ရေသွင်းစိုက်စနစ်ဖြစ်သည့်အတွက်ရေသွင်း မြောင်းများကို(၂)ကျင်းကျော်(၁)မြောင်းဖောက်ပေးပါ။ပင်ကြား၊တန်းကြားအကွာအဝေးမှာ (၃×၄)လက်မဖြစ်ပါသည်။တစ်ဧကအပင်ဦးရေ(၂)သိန်းခွဲမှ(၃)သိန်းဝင်အောင်စိုက်ပျိုးရပါမည်။

အပင်ပြုစုခြင်း

အောင်မြင်ဖြစ်ထွန်းစွာစိုက်ပျိုးနိုင်ရေးအတွက်ပေါင်းနှိမ်နင်းရန်လိုအပ်ပါသည်။ကြက်သွန်အ မြစ်သည်မြေအပေါ်ယံတွင်သာရှိ၍သံစည်ပတ်ပြားကိုကွေး၍လက်ကိုင်တပ်ထားသောခြစ်ဖြင့်ပေါင်းရှင်းကြသည်။အရွက်များစတင်ကျချိန်တွင်ပေါင်းရှင်းရန်မလိုအပ်တော့ပါ။မြေအလွန် ကြပ်နေပါကနွားချေးမြေဆွေး၊ထပ်မံထည့်ပေးပါ။ကြက်သွန်ပန်းဖူးများကိုအပတ်စဉ်ချိုးပေး ပါ။ 

ရေသွင်းခြင်း

ကြက်သွန်ခင်းသည်မစိုလွန်း၊မခြောက်လွန်းသောအခြေအနေတွင်အမြဲရှိနေရန်လို သည်။ ရေသွင်းချိန် ရောက်မရောက်ကိုကြက်သွန်ပင် အခြေအနေကိုကြည့်၍သိနိုင် သည်။ ကြက်သွန်ပင်ရေငတ်ပါကအရွက်များပြာမှိုင်းပြီးနွမ်းခွေလာသည်။မြေအလွန်ခြောက်အောင်ထားပြီးရေသွင်းပါကကြက်သွန်အခွံအက်ကွဲတက်သည်။ပုံမှန်အားဖြင့်တစ်ပတ်လျှင်တစ်ကြိမ်ရေပေးသွင်းရသည်။ရာသီပူပြင်းပါက (၄-၅) ရက်ခြားတစ်ကြိမ် ရေပေးသွင်းရန်လိုသည်။အရွက်များစတင်ကျချိန်တွင်ရေပေးသွင်းခြင်းကိုရပ်လိုက်ရမည်။မြေအစိုဓါတ်အနည်းအများပေါ်မူတည်ပြီးရေသွင်းချိန်(၅)ကြိမ်မှ(၈)ကြိမ်ထိရှိရပါမည်။ 

ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းခြင်း

(က)သရစ်ပိုးနှင့်ပျပိုး

ပင်လုံးပြန့်ပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့်ကာကွယ်နှိမ်နင်းပါ။ 

(ခ) ကြက်သွန်ဒေါင်းနီးမှိုရောဂါ

ရောဂါကျရောက်ပါကမန်ကိုဇက်ဘ်(Mancozeb)0.5%ကို(၃)ကြိမ်ပက်ဖျန်းပါ။ပြောင်းရွှေ့စိုက်ပြီးရက်(၂၀)နောက်ပိုင်းတွင်စတင်ပက်ဖျန်းပြီး(၁၀-၁၂) ရက်ကြားတစ်ကြိမ်ဖျန်းပါ။စိုက်ခင်းတွင်ဆိုးဝါးစွာကျရောက်တတ်သည်။မိုးအုံ့ပြီးလေထုတွင်စိုထိုင်းဆများပါကရောဂါဖြစ်ပွားမှုမြန်ပါသည်။ရောဂါကင်းသောမျိုးကိုရွေးချယ်စိုက်ပျိုးပါ။မျိုးစေ့(၁)ကီလိုဂရမ်တွင်သိုင်ရမ်(Thiram)(၄)ဂရမ်နှုန်းဖြင့်ဆေးစီရင်ပါ။စိုက်ခင်းကိုရေသွင်းရေထုတ်ကောင်း အောင်ပြုလုပ်ပါ။ 

(ဂ) ပင်ခြေပုပ်ရောဂါ

သီးလှည့်စိုက်ပျိုးပါ။ကြက်သွန်နီများသည်ကော့ပါးဓါတ်နည်းသောမြေအမျိုးအစားကိုခံနိုင်ရည်မရှိပါ။အထူးသဖြင့်ရွှံ့မြေနှင့်သဲမြေတို့တွင်ကော့ပါးမြေသြဇာထပ်မံထည့်ပါ။ကော့ပါးအောက်ဇီကလိုရိုဒ်(Copper Oxychloride) ၀.၂၅ % ဖြင့်မြေကြီးတွင်ရွှဲရွှဲစိုအောင်ဖျန်းပါ။

အထွက်နှုန်း

ပျမ်းမျှ(၁)ဧကလျှင်ပိဿာ(၃၀၀၀-၅၀၀၀)ထိထွက်ရှိနိုင်ပါသည်။

ရိတ်သိမ်းခြင်း

အမြိတ်စားအတွက်စိုက်ပါကကြက်သွန်ဥအရွယ်အစားခဲတံလုံးခန့်ရှိလျှင်လက်ဖြင့်ဆွဲနှုတ်ယူနိုင်သည်။တစ်နည်းအားဖြင့်ကြက်သွန်မြိတ်(၁)ပိဿာတွင်အရွက်(၃၅)ကျပ်သား၊ဥအလေးချိန်(၆၅)ကျပ်သားရှိပါကကြက်သွန်မြိတ်အဖြစ်နှုတ်ရောင်းနိုင်သည်။ဥကြီးအတွက်ရိတ်သိမ်းပါကအရွက်(၁၅‒၂၅)%ခြောက်လာလျှင်လက်ဖြင့်ဆွဲနှုတ်ရိတ်သိမ်းနိုင်သည်။အရွက်များအားလုံး ခြောက်မှရိတ်သိမ်းလျှင်ကြက်သွန်ဥသည်အမြစ်ထွက်လာ၍လက်ဖြင့်နှုတ်ယူရန်မလွယ်တော့ချေ။ဥသည်အမြစ်များသောကြောင့်ရောင်းတန်းလည်းမလှပါ။ဥများကိုနှုတ်ပြီးလျှင်ပြီးချင်းအရွက်ကိုမဖြတ်ဘဲတစ်ပတ်ခန့်အရိပ်အောက်တွင်ထားပြီးမှ(၂)လက်မချန်၍ ဖြတ်ရမည်။

 ကြက်သွန်နီအထွက်နှုန်းတိုးစေရန်  ဆောင်ရွက်ရမည့်အချက်များ

(၁) ဒေသအလိုက်ကြာရှည်အထားခံသောရွှေဖလားမျိုးများကိုအသုံးပြုစိုက်ပျိုးပါ။

(၂)   မျိုးစေ့(၁)ပြည်လျှင်အလေးချိန်(၇၅)ကျပ်သားထက်များသောမျိုးစေ့များအားရေစိမ်၍ အောင်စေ့များရွေးချယ်စိုက်ပျိုးပါ။(၁)ဧကလျှင်မျိုးစေ့(၂-၄)ပြည်နှုန်းအသုံးပြုပါ။

(၃) မြေအချဉ်အငန်ဓါတ်(၆-၇)ရှိမြေမျိုးတွင်ထယ်ရေးနက်နက်နှင့်ညက်ညက်ထွန်၍ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။ 

(၄) ပင်ကြား ၊တန်းကြား (၃×၄)လက်မ အကွာအဝေးဖြင့် (၁)ဧကလျှင် အပင် (၂၅၀၀၀၀-၃၀၀၀၀၀)ဝင်ဆံ့အောင် စိုက်ပျိုးပါ။ 

(၅) သန်မာသောပျိုးပင်များရရှိစေရန်ပျိုးဘောင်ကိုစနစ်တကျ ပြုပြင်၍ ပျိုးသက်(၄၅-၅၀)ရက်သားတွင် ရွှေ့ပြောင်းစိုက်ပျိုးပါ။

(၆) တစ်ဧကလျှင်သဘာဝမြေသြဇာ(၁၀)တန်၊ယူရီးယား(၅၀)ကီလိုဝင်(၂)အိတ်၊တီစူပါ(၅၀)ကီလိုဝင်(၂)အိတ်၊ပိုတက်(၅၀)ကီလိုဝင်(၁)အိတ်နှုန်းထည့်သွင်းပေးပါ။ယူရီးယားတစ်ဝက်ကိုမြေခံတွင်ထည့်၍ကျန်တစ်ဝက်ကိုအပင်လှန်ပြီးကြားပေါင်းလိုက်ချိန်နှင့်ဥစတင်ဆင်းချိန်တွင်တစ်ဝက်စီခွဲထည့်ပေးပါ။ 

(၇) ရွှေ့ပြောင်းစိုက်ပြီး(၂၅‒၃၀)ရက်အကြာတွင်ကြားပေါင်းလိုက်ပါ။သီးနှံတစ်ရာသီတွင် ကြားပေါင်းလိုက်ခြင်း(၃)ကြိမ်ခန့် ဆောင်ရွက်ပါ။

(၈)ရွှေ့ပြောင်းစိုက်ပြီး (၂၅‒၃၀) ရက်မှစတင်ကာစိုက်ခင်း၌ အစိုဓါတ်လုံလောက်မှုရှိစေရန်ရေသွင်းခြင်းကိုအမြဲဂရုပြု ဆောင်ရွက်ပါ။ရေအစိုဓါတ်ပေါ်မူတည်၍ ရေသွင်းချိန် (၅-၈) ကြိမ်ထိသွင်းပေးပါ။

(၉) အပင်စုပ်ပိုးကျရောက်မှုအခြေအနေပေါ်မူတည်၍ပင်လုံးပြန့် ပိုးသတ်ဆေးဖြင့်ပတ်ဖျန်း၍ကာကွယ်နှိမ်နှင်းပါ။ 

(၁၀) မှိုရောဂါကျရောက်နိုင်သည့်မိုးအုံ့ခြင်း၊မိုးဖွဲရွာခြင်းစသောရာသီဥတုဖေါက်ပြန်မှုရှိပါကသင့်တော်သောမှိုသတ်ဆေးဖြင့်ကြိုတင်ကာကွယ်ပါ။ 

(၁၁) ကြက်သွန်ရွက်များ (၁၅-၂၅) % ခြောက်လာလျှင် နုတ်သိမ်းပါ။

(၁၂)နုတ်သိမ်းပြီးကြက်သွန်ဥများကိုတစ်ပတ်ခန့်လေသလပ်ခံပြီးမှအမြိတ်(၂)လက်မခန့်ချန်၍ဖြတ်ပါ။လေဝင်လေထွက်ကောင်းသောအရိပ်အောက်တွင် သိုလှောင်ပါ။