ငှက်ပျောစိုက်ပျိုးနည်း

  • Sun, 26 June 2022


ငှက်ပျောမျိုးများ

သီးမွှေးခွံဝါ၊ သီးမွှေးခွံစိမ်း၊ရွှေနီ၊နံ့သာပု၊ဖီးကြမ်း၊ဝက်မလွတ်၊ဗျပ်ပြည့် (သို့မဟုတ်)လင်ပန်းပြည့်၊ရခိုင်ငှက်ပျော၊အစ္စရေး ငှက်ပျောမျိုးများသည် လက်ရှိစိုက်ပျိုးနေသော မျိုးများဖြစ်ပါသည်။

မြေအမျိုးအစား

မြေသားနက်ရှိုင်း၍ ရေစိမ့်စီးမှုကောင်းသော နုန်းမြေဖြစ်ပြီး မြေဆီသြဇာ ပြည့်စုံသောမြေသည် အကောင်းဆုံး ဖြစ်သည်။ pH(၅.၅‒၆.၅) တွင် ဖြစ်ထွန်းသည်။ မြေအချဉ်အငံဓါတ် အနည်းငယ်မြင့်သောမြေတွင်စိုက်ပျိုးဖြစ်ထွန်းနိုင်သော်လည်း ဆားဓါတ်ပါဝင်မှု(၀.၀၅%)ထက်များသည့် ဆားပေါက်မြေတွင် မစိုက်ပျိုးသင့်ပါ။

ရာသီဉတု

ပူအိုက်စွတ်စို၍ တစ်နှစ်မိုးရေချိန် (၈၀‒၁၀၀)လက်မရရှိသော ဒေသတွင် ကောင်းစွာဖြစ်ထွန်းသည်။အပူချိန်(၃၀)ဒီဂရီစင်တီဂရိတ်ပတ်ဝန်းကျင်ကိုကြိုက်နှစ်သက်သည်။တောင်မြောက်လတ္တီတွဒ်(၃၀)ဒီဂရီအတွင်းဖြစ်ထွန်းသည်။ဆီးနှင်းကျခြင်းသည်အပင်ကြီးထွားမှုကိုထိခိုက်စေသည်။လေပြင်းထန်စွာတိုက်ခတ်ပါကငှက်ပျောပင်များအနာတရဖြစ်စေသည်။

မျိုးပွားခြင်း

သားတက်ဖြင့် မျိုးပွားကြသည်။ ယခုအခါ အပင်တစ်သျှူးမျိုးပွားနည်းဖြင့်လည်း မျိုးပွားလာကြပြီဖြစ်သည်။ သားတက်တွင် လှံစို့သားတက်နှင့် ရေစို့သားတက်ဟူ၍ရှိပါသည်။ လှံစို့သားတက်သည် ပင်ခြေပိုင်းတွင်ကောင်းစွာကြီးထွားဖွံ့ဖြိုးပြီး အစောပိုင်းကာလတွင် အရွက်မှာ လှံသွားပုံသေးရှည်သော ရွက်ပြားပါရှိသည်။ ရေစို့သားတက်မှာ ရွက်ပြားကြီးသည်။ လှံစို့သားတက်သည် (၁၁)လနှင့် အခိုင်ကျပြီး ရေစို့သားတက်မှာ(၁၅)လကြာမှသာ အခိုင်ကျသည်။ရွေးချယ်ထားသော သားတက်၏ အမြစ်များနှင့် အသားပိုများအား ပြောင်စင်အောင် ဖယ်ရှားပါ။ထို့နောက် မြေအောင်းပိုးသတ်ဆေးကို သားတက်တစ်ခုလျှင် (၂၀‒၄၀)ဂရမ်နှုန်းထည့်ပေးခြင်းဖြင့် မြေတွင်းအောင်းပိုးနှင့် နီမတုတ်ကိုကာကွယ်ပါ။

မြေပြုပြင်ခြင်း

ထယ်နက်နက်ထိုးပြီးထွန်မွှေကာမြေညှိပါ။စိုက်ကျင်းကို(၂'×၂'×၂')တူးပါ။နွားချေး၊မြေဆွေး(၂၀-၃၀)ကီလိုဂရမ်ကိုအပေါ်ယံမြေနှင့်ရော၍စိုက်ကျင်းတွင်ထည့်ပါ။

စိုက်ပျိုးခြင်း

အပင်မြင့်မျိုးများကိုပင်ကြား×တန်ကြား(၇'×၉')နှင့်အပင်ပုမျိုးများကို(၅'×၅')ထား၍စိုက်ပျိုးပါ။အအေးလွန်ကဲသည့်ဆောင်းရာသီနှင့်မိုးများစွာရွာသည့်ကာလမှလွဲ၍ကျန်အချိန်များတွင်စိုက်ပျိုးပါ။

ရေပေးသွင်းခြင်း

မြေအမျိုးအစားနှင့်ရာသီဥတုပေါ်မူတည်၍ရေသွင်းသည့်အကြိမ်ကွဲပြားပါသည်။ပုံမှန်အားဖြင့်ဒီဇင်ဘာလမှဇွန်လအထိ(၁၀)ရက်တစ်ကြိမ်ရေပေးသွင်းပါ။

မြေသြဇာကျွေးခြင်း

စိုက်ကျင်းတစ်ကျင်းလျှင် နွားချေးဆွေး(၂၀)ကီလိုဂရမ်၊ ဒိုလိုမိုဒ်ထုံးကျောက်မှုန့် (၀.၅)ကီလိုဂရမ်၊ တီစူပါ(၇၅)ဂရမ်ကို အပေါ်ယံမြေနှင့်ရောပြီး အပင်မစိုက်ပျိုးမီ ကျင်းတွင်ထည့်ပါ။စိုက်ပျိုးထားသော အပင်များအမြစ်စွဲလျှင် တစ်ပင်တွင်ယူရီးယား(၄၃၅)ဂရမ်၊ တီစူပါ(၂၁၀)ဂရမ်၊ ပိုတက်ရှ်(၃၂၀)ဂရမ် ထည့်သွင်းပေးပါ။ ပထမနှစ်လမိုင်းခင်းတွင် တစ်ပင်ကို ယူရီးယား(၂၂၀)ဂရမ်၊ တီစူပါ(၁၀၀)ဂရမ်နှင့် ပိုတက်ရှ်(၃၀၂)ဂရမ်နှုန်းထည့်သွင်းပေးပါ။ ဒုတိယနှစ် လမိုင်းခင်းတွင် တစ်ပင်ကို ယူရီးယား(၁၁၀)ဂရမ်နှုန်း ထည့်သွင်းပေးပါ။ ယူရီးယားကို (၃၀)ရက်၊ (၇၅)ရက် ၊(၁၂၀)ရက်နှင့် (၁၆၅)ရက်ခြား၍ အကြိမ်ကြိမ် ခွဲ၍ထည့်ပါ။ ပိုတက်ရှ်ကို(၇၅)ရက်နှင့်(၁၆၅) ရက်ခြား၍ နှစ်ကြိမ်ခွဲထည့်ပေးပါ။ ဓါတ်မြေသြဇာထည့်သွင်းခြင်းကို ငှက်ပျောဖူးမထွက်မှီ (စိုက်ပြီး၅-၆လအကြာ) အပြီးဆောင်ရွက်ပါ။

သားတက်များမွေးမြူခြင်း

 သားတက်(၂)တက်သာထား၍ကျန်သားတက်များကိုဖယ်ရှားပါ။

အပင်ပြုစုရာတွင်သတိပြုရမည့်အချက်များ

- ပေါင်းမြက်ရှင်းလင်းရာတွင်အမြစ်ထိခိုက်မှုမရှိစေရန်ဂရုစိုက်ဆောင်ရွက်ပါ။

- မိုးရာသီတွင်ရေစိမ့်ဆင်းမှုကောင်းရန်နှင့်အပင်ခြေရေမဝပ်စေရန်အပင်ခြေကိုမြေဖို့ပေး ပါ။သို့ရာတွင်နွေနှင့်ဆောင်းရာသီတွင်အပင်များကိုရေပေးသွင်းနိုင်ရန်ဆောင်ရွက်ပါ။

- သီးခိုင်ထွက်လာလျှင်ဝါးဖြင့်ကျားကန်ထောက်ပေးပါ။

- ခြောက်သွေ့ဆွေးမြေ့နေသောအရွက်များနှင့်အပင်အစိတ်အပိုင်းများအားဖယ်ရှားပေး ပါ။

- အသီးကြီးထွားရန်ငှက်ပျောဖူး(အဖိုဖူး)အားဖြတ်ပေးပါ။

- နေလောင်ခြင်း၊ဖုန်တင်ခြင်းမရှိစေရန်နှင့်အသီးအရောင်လှပစေရန်အသီးခိုင်ကို အပြာရောင်ပလပ်စတစ်အိတ်ဖြင့်စွပ်ပေးပါ။

- စီးပွားရေးတွက်ချေကိုက်ရန်ငှက်ပျောခင်းအား(၃)နှစ်အထိသာထားပြီးအသစ်ပြန်စိုက်ပါ။

အများဆုံးကျရောက်သည့်ရောဂါများ

ပနားမားပင်ညှိုးရောဂါ

အမြစ်ဒဏ်ရာများမှ တစ်ဆင့်မှိုများဝင်ရောက်ပြီး အစာရေကြောဆီသို့ တိုက်ခိုက်ခြင်း ကြောင့်အပင်ညှိုးရခြင်းဖြစ်သည်။အပြင်ဘက်ဆုံးအရွက်များစတင်ဝါလာခြင်း၊ရွက်ညှာမှငိုက်ကျခြင်းများစတင်ဖြစ်ပေါ်၍မကြာမှီအရွက်များအားလုံးငိုက်ကျပြီးအပင်သေသွားသည်။ခံနိုင်ရည်ရှိသောမျိုးကိုရွေးချယ်စိုက်ပျိုးပါ။ရောဂါရအပင်ကိုထုတ်၍မီးရှို့ပါ။ငှက်ပျောခင်းအားရေလွှမ်းပေးပါ။ရောဂါရမြေတွင်(၃-၄)နှစ်အတွင်းငှက်ပျောမစိုက်သင့်ပါ။ရောဂါကျရောက်ခဲ့သောအခင်းတွင်ငှက်ပျောထပ်မံမစိုက်ပျိုးဘဲပဲမျိုးနွယ်ဝင်အပင်များ/ကြံတို့ဖြင့်သီးလှည့်စိုက်ပျိုးပါ။စိုက်ပျိုးပြီး(၅)လအကြာမှစတင်၍ကာဘင်ဒါဇင်(Carbendazim)၀.၂%နှင့်ပရိုပီကိုနိုးဇိုးလ်(Propiconozole)(၁)%ဆေးများကိုအပင်စိုက်ပြီးတစ်လှည့်စီဖြန်းပေးပါ။

အဝါရောင်စီဂါတိုကာရောဂါ

အရွက်ဖက်ပေါ်တွင် အစိမ်းရောင်သန်းသည့် အစင်းကြောင်းများဖြစ်ပေါ်ပြီး တဖြေးဖြေးဘဲဥပုံအညိုရောင် အစက်များဖြစ်လာပြီး အရွက်အနားများထူလာ၍ အလယ်ပိုင်းအရွက်သည် ခြောက်သွေ့နေသည်။ရောဂါပြင်းထန်ပါကအသီးများကြီးထွားရင့်မှည့်ခြင်းမရှိတော့ပါ။ရောဂါမပြင်းထန်ပါကအခိုင်၊အဖီးများငယ်သွား၍အသီးမရင့်ဘဲမှည့်သွားတတ်သည်။ရောဂါကျအရွက်များကိုခုတ်ယူမီးရှို့ဖျက်ဆီးပါ။ငှက်ပျောခိုင်ထွက်ချိန်မှခုတ်ချိန်ထိအောင်ဘော်ဒိုးဆေး(၅:၅:၅၀)ပက်ဖျန်းပေးပါ။ရွက်စင်းကြားများစဖြစ် သည်နှင့်ကာဘင်ဒါဇင် (Carbendazim)၀.၁% နှင့်ပရိုပီကိုနိုးဇိုးလ(Propiconozole)(၀.၁)% (သို့)မန်ကိုဇက်ဘ်(Mancozeb) (၀.၂၅%)ကို Teepol(ကပ်စေးသည့်ပစ္စည်း)ဖြင့်ရောစပ်ကာ(၁၀/၁၅)ရက်ခြားတစ်ခါအရွက်များ၏အောက်ဘက်မျက်နှာပြင်တွင်သုံးကြိမ်ပက်ဖျန်းပါ။

ငှက်ပျောရွက်ထိပ်အပြွတ်လိုက်ထွက်ဗိုင်းရပ်စ်ရောဂါ

အပင်ငယ်များတွင်အရွက်များမှာသေးရှည်ရှည်ဖြစ်နေပြီးအပင်ထိပ်တွင်စုပြုံ၍ထွက်နေသည်။အရွက်များကိုလက်ဖြင့်ချိုးချေကြည့်ပါကကြွပ်ဆပ်ဆပ်ဖြစ်နေသည်။ဗိုင်းရပ်(စ်)ရောဂါကင်းသောပျိုးပင်များကိုအသုံး ပြုပါ။ရောဂါရအပင်များကိုတူးထုတ်မီးရှို့ပါ။ငှက်ပျောစိုက်ခင်းအနီးကြံနှင့်သခွားမျိုးနွယ်ဝင်အပင်များစိုက်ပျိုးခြင်းကိုရှောင်ကြဉ်ပါ။

အများဆုံးကျရောက်သည့်ပိုးမွှားများ

ငှက်ပျောပင်အမြစ်စားကျိုင်း

ငှက်ပျောပင်၏ခေါင်းနှင့်ပင်စည်ကိုထိုးဖောက်စားသောက်ကြသဖြင့်ဒဏ်ရာရကာငှက်ပျောပင်များကျိုးကျသည်။ပင်ခြေရင်းသာမကခြံတစ်ခြံလုံးသန့်ရှင်းရေးပြုလုပ်ပါ။မြေအောင်းပိုးသတ်ဆေးကိုစတင်စိုက်ပျိုးချိန်တွင်ထည့်ပေးပါ။ဆိုးဝါးစွာကျရောက်ပါကဒိုင်မီသိုအိတ်(Dimethoate)ကိုမြစ်ဆုံနှင့်ပင်စည်အဆက်ကြားပက်ဖျန်းပေးပါ။ 

သံချေးရောင်အသီးသရစ်ပိုး

အရွက်များဝါသွားပြီးအသီးပေါ်တွင်သံချေးရောင်ဖြစ်ပေါ်လာသည်။ကျန်းမာပြီးဖျက်ပိုးကင်းသောသားတက်များကိုစိုက်ပါ။သီးခိုင်များ၊ပင်စည်များနှင့်သားတက်များကိုကလိုပိုင်ရီဖော့စ်(Chlorpyirfos)ဖြင့်ပက်ဖျန်းပါ။

ငှက်ပျောခိုင်ခုတ်ခြင်း

အဖူးထွက်ပြီး(၆)လခန့်ငှက်ပျောသီးဇောင်းပျောက်ပြီးလုံးဝန်းသောအချိန်တွင်ခုတ်ပါ။သားတက်သန်မာစေရန်ငှက်ပျောခိုင်ခုတ်ပြီးသောအပင်ကိုအောက်ခြေမှ(၅)ပေချန်ပြီးဖြတ်ပါ။