နဂါးမောက်သီးစိုက်ပျိုးနည်း

  • Sun, 26 June 2022


မြန်မာအမည်    -  နဂါးမောက်သီး

အင်္ဂလိပ်အမည် - Dragon Fruit

ရုက္ခဗေဒအမည်- Hylocereus spp .

                      - Selecereus spp.

မျိုးရင်းအမည်  - Cactaceae

နဂါးမောက်သီးသည် မေလမှအောက်တိုဘာလအထိ အသီး (၇‒၈)ကြိမ်ခန့် ထွက်ရှိ၍ တစ်နှစ်လျှင်(၅‒၆)လခန့် ဝင်ငွေရနိုင်သောကြောင့် စီးပွားရေးတွက်ချေကိုက်သော သီးနှံတစ်ခုဖြစ်သည်။အပင်ပုံသဏ္ဍာန်၊အသီးပုံသဏ္ဍာန်များ လှပသောကြောင့် အလှပင်အဖြစ်လည်းစိုက်ပျိုးနိုင်ပါသည်။

မူရင်းဒေသ

မျိုးစု(Hylocereus)အောက်တွင်မျိုးစိတ်ပေါင်း(၂၆)ခုရှိရာမျိုးစိတ်အလိုက်မူရင်းဒေသကွဲပြားပါသည်။စီးပွားဖြစ်စိုက်ပျိုးနေသောမျိုးများ၏မူရင်းဒေသမှာမက္ကစီကိုနိုင်ငံအလယ်ပိုင်းဒေသဖြစ်သည်။

ရာသီဥတု

နဂါးမောက်ပင်၏ မူရင်းဒေသမှာ မိုးရေချိန် (၅၀‒၈၀) လက်မခန့်ရရှိသော ဒေသများဖြစ်သည်။ အခြားရှားစောင်းနွယ်ဝင် အပင်များကဲ့သို့ သဲကန္နာရတွင်ပေါက်သော အပင်မျိုးမဟုတ်ပါ။ သို့သော် နှစ်စဉ်မိုးရေချိန် (၂၀‒၅၀) လက်မရသော အပူပိုင်းဒေသ၊ အပူလျော့ပိုင်းဒေသများတွင် ရေလိုအပ်သလိုပေးသွင်းပြီး အောင်မြင်စွာ စိုက်ပျိုးနိုင်ပါသည်။အသင့်တော်ဆုံးအပူချိန်မှာ(၂၁‒၂၉°C)ကြားဖြစ်သည်။အပူချိန်(၄၀)°Cအထက်နှင့် (၁၀)°Cအောက်တွင် ရက်ကြာရှည်လျှင် အပင်များ ပျော့ပုပ်ရောဂါကျတတ်သည်။

မြေအမျိုးအစား

ရေစိမ့်မှုကောင်းသော သဘာဝမြေဆွေးများစွာပါသော နုံးမြေ၊ မီးသင့်ကျောက်မြေ၊ ဂဝံမြေ၊ မြေနီများတွင် ကောင်းစွာဖြစ်ထွန်းသည်။ pH(၅.၅‒၇.၅)အတွင်း ကောင်းစွာဖြစ် ထွန်းသည်။မြေစေးတွင်အပင်ဖြစ်ထွန်းမှုနှေးကွေးပြီး အသီးသီးမှုနောက်ကျသည်။

အပင်အမျိုးအစား

သစ်ပင်၊ သစ်သား၊ ကျောက်တုံးများတွင် တွယ်ကပ်၍လည်းကောင်း၊ မြေပေါ်တွင်တွားသွား၍လည်းကောင်း ပေါက်ရောက်နိုင်သည်။ပင်စည်သုံးမြောင့်ပုံရှိသည်။ ပင်စည်အ နားတွင်ဆူးများရှိသည်။မျိုးကိုလိုက်၍ ပင်စည်ဇောင်းပုံစံ၊ဆူးပုံစံ၊ဆူးအရေအတွက် ကွာခြားသည်။(၆‒၈)လသားရှိသောအကိုင်းများမှအသီးသီးနိုင်သည်။ညပိုင်းတွင်ပန်းပွင့်သည်။နံနက်နေထွက်လာလျှင် ပန်းပွင့်များ ညှိုးသွားသည်။အတွင်းသားအဖြူမျိုးတွင် ပွင့်ဖက်အစိမ်းရောင်၊ပွင့်ချပ်နို့နှစ်ရောင်ရှိသည်။အတွင်းသား ခရမ်းနီရောင်မျိုးသည် ပွင့်ဖက်နီညိုရောင်၊ ပွင့်ချပ်သည် အနီရောင်သန်းသော နို့နှစ်ရောင်ဖြစ်သည်။အသီးပတ်လည်တွင် နဂါးအမောက်ကဲ့သို့ ထောင်နေသော အဖက်များရှိသည်။ယခုလက်ရှိ အဓိကစိုက်ပျိုးလျှက်ရှိသော နဂါးမောက်သီးမျိုးများမှာ အတွင်းသားအဖြူမျိုးနှင့် အတွင်းသားအနီမျိုးတို့ဖြစ်သည်။

မျိုးရွေးချယ်ခြင်း

မျိုးတူသော်လည်း ပန်းပွင့်ခြင်း၊ အသီးသီးခြင်းနှင့် အသီးအရည်အသွေး ကွာခြားနိုင်သည်။သို့ဖြစ်၍ သီးလုံးကြီး၍ သီးထွက်ကောင်းသော အပင်မှကျန်းမာသန်စွမ်းပြီး(၆)လ မှ(၂)နှစ်သက်တမ်းရှိ အစိမ်းရင့်ရောင်ရှိသည့် ရှည်လျားသော အကိုင်းများကို ပျိုးကိုင်းအဖြစ်ဖြတ်ယူပါ။ ပျိုးကိုင်းအရှည်သည်(၁.၅-၂)ပေရှိရမည်။

ပျိုးထောင်ခြင်း

ဖြတ်ပြီးပျိုးကိုင်းများကိုအရိပ်အောက်တွင်(၁)ပတ်ခန့်ထားပြီးမှပျိုးဘောင်တွင် (သို့မဟုတ်)ပျိုးအိတ်တွင်ပျိုးထောင်ပါ။

စိုက်ပျိုးခြင်း

ပင်ကြား၊တန်းကြား ၉'×၉'(သို့မဟုတ်)၉'×၁၂' ထား၍ တစ်တိုင်ချင်းစနစ်ဖြင့် လည်းကောင်း၊ ၁၀'×၁.၅'(သို့မဟုတ်)၁၂'×၁.၅' နှစ်တန်းပြိုင်စနစ်ဖြင့်လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။ တစ်တိုင်ချင်းစနစ်တွင် ကွန်ကရစ်တိုင်ထိပ်တွင် အကိုင်းများတွဲခိုကျနိုင်ရန် (၁.၅)ပေ ပတ်လည်သံကွင်းများ ပြုလုပ်ထားရမည်။ တိုင်ခြေမှ(၆)လက်မခွာပြီး ၁'×၁'×၁' စိုက်ကျင်း(၄)ကျင်းတူးပါ။ စိုက်ကျင်း တစ်ကျင်းလျှင် နွားချေးဆွေး(၁)ပြည်၊ စပါးခွံ(၁)ပြည် ၊ဖွဲပြာ(၁)ပြည် ၊(၁၅:၁၅:၁၅) ကွန်ပေါင်းဓါတ်မြေသြဇာ (၅၀)ဂရမ်၊ ဖျူရာဒန်(၂)ဇွန်းကို မြေနှင့်သမအောင် ရော၍ ကျင်းအပြည့်ဖြည့်ပါ။ ရေဝအောင်လောင်းပါ။ တိုင်တစ်တိုင်လျှင်အပင်(၄)ပင် စိုက်ပါ။ မိုးများသောဒေသတွင် ဘောင်ပြုလုပ်၍ စိုက်ပါ။ပျိုးပင်ကို တိုင်ဖြင့်ကပ်ချည်ပေးရမည်။ မြေအမျိုးအစားအလိုက် (၅‒၁၀)ရက်ခြား (၁)ကြိမ် ရေလောင်းပေးပါ။ အကောင်းဆုံးစိုက်ပျိုးချိန်မှာမေလမှ ဇွန်လဖြစ်သည်။

အပင်ပြုစုခြင်း

အပင်များစိုက်ပြီး (၁)လခွဲခန့်ကြာလျှင် အညွှန့်အသစ်များ ထွက်လာမည်။အကောင်းဆုံးအညွှန့်တစ်ညွှန့်ကို တိုင်ထိပ်ရောက်အောင် မွေးပါ။ကျန်အညွှန့်များကို ဖြတ်ပစ်ပါ။ အညွှန့်တိုင်ထိပ်ကျော်သွားလျှင်အောက်သို့ ပြန်ကွေးကျလာပါသည်။ တိုင်ထိပ်ကွေးသောနေရာမှ အညွှန့်အသစ်များထွက်လာမည်။ ၎င်းအညွှန့်အသစ်များကို သီးကိုင်းအဖြစ် မွေးရပါမည်။အကိုင်းများအားလုံးသည် တိုင်ထိပ်မှအောက်သို့ကွေးကျနေရမည်။သို့မှသာအသီးသီးနှုန်း ပိုကောင်းပါသည်။ အကိုင်းများ (၆‒၈)လသားခန့် ရှိလျှင်အသီးသီးသည့် ရာသီရောက်ပါက အသီးများသီးလာပါသည်။အညွှန့်သစ်များ မွေးစဉ်အစာနှင့်ရေ လုံလောက်ရမည်။မလုံလောက်ပါက ဆစ်ကြားများတိုပြီး အသီးထွက်လျော့နည်းနိုင်ပါသည်။

ပေါင်းမြက်ရှင်းလင်းခြင်း

နဂါးမောက်မြစ်များသည်မြေအပေါ်ယံတွင်ရှိခြင်းကြောင့်ပေါက်ပြားဖြင့်ပေါင်းပေါက်ခြင်းကိုရှောင်ကျဉ်ရမည်။လက်ပေါင်းလိုက်ခြင်းဖြင့်သာပေါင်းရှင်းပေးသင့်ပါသည်။

မြေသြဇာထည့်သွင်းပေးခြင်း

စိုက်ပြီးသုံးလတွင် နွားချေးမြေသြဇာကို တစ်တိုင်ရှိအပင်များအတွက်(၈)ပြည်နှုန်း ထည့်ပေးပါ။ N:P:K (၁၅:၁၅:၁၅)ရှိသောဓါတ်မြေသြဇာကို တစ်တိုင်ရှိ အပင်များအတွက် (၅၀)ဂရမ်နှုန်းလစဉ်ကျွေးပေးပါ။အနည်းလို အာဟာရဓါတ်များကို အညွှန့်နုများထွက်ချိန် ဖျန်းပေးပါ။စိုက်ပြီး(၃)နှစ်သားမှစ၍ ဓါတ်မြေသြဇာကိုတစ်တိုင်တွင်ရှိသော အပင်များအတွက် အောက်ပါနှုန်းထားကို တစ်လ(၂)ကြိမ်ခွဲကျွေးပါ။ အသီးများသီးသည့်အကြိမ်တိုင်းနှင့်အညွှန့်နုများထွက်ချိန်အနည်းလိုအာဟာရဓါတ်များဖျန်းပါ။

စဉ် လအမည်           နွားချေ (၁၅:၁၅:၁၅)                 ပိုတက်ရှ်

နိုဝင်ဘာ            ၁တင်း                                 ၂၀၀ဂရမ်

ဒီဇင်ဘာ                                                 ၁၀၀ဂရမ်

ဖေဖော်ဝါရီ                                                 ၂၀၀ဂရမ်

ဧပြီ                                                         ၁၀၀ဂရမ်

မေ            ၂၀၀ဂရမ်                          ၅၀ဂရမ်

ဇွန်                                                         ၁၀၀ဂရမ်

ဇူလိုင်    ၁၀၀ဂရမ်                                 ၅၀ဂရမ်

   

ပိုးမွှားရောဂါ

အဓိကဖျက်ပိုးမှာပုရွက်ဆိတ်ဖြစ်သည်။မိုးများသောဒေသများတွင်ခရုများဖျက်ဆီးသည်။ပင်စည်ပုပ်ရောဂါ၊အမြစ်ပုပ်ရောဂါ၊အသီးပုပ်ရောဂါများကျရောက်တတ်သည်။

အသီးဆွတ်ခူးခြင်း

နဂါးမောက်သည် လင်းတာ(၁၂)နာရီထက် ကျော်သောကာလများတွင် သီးပွင့်သည်။ အကိုင်း၏ အဟိုက်များရှိ ဆူးများအောက်မှ ပန်းဖူးထွက်လေ့ရှိသည်။အဖျားပိုင်းတွင် အသီးပိုသီးသော်လည်း အရင်းပိုင်း၊အလယ်ပိုင်းများမှ လည်းသီးနိုင်သည်။ ပန်းဖူးစထွက်ပြီး(၁၅)ရက် ကြာလျှင်ပန်းပွင့်သည်။ ပန်းပွင့်ပြီး(၃၀‒၄၅)ရက် ကြာလျှင်အသီးများ ရင့်မှည့်သည်။အသီးခွံများအနီရောင် စပြောင်းလျှင် ခူးဆွတ်နိုင်သည်။အနီရောင်စပြောင်းပြီး(၄)ရက် ကြာမှခူးခြင်းသည်အသီးအရည်အသွေး အကောင်းဆုံးဖြစ်သည်။

အကိုင်းဖြတ်ခြင်း

အသီးရာသီ ကုန်ဆုံးသော နိုဝင်ဘာလတွင် အကိုင်းများ ဖြတ်ပေးရမည်။ ညှပ်နေသော အကိုင်းများ သက်တမ်း(၂)နှစ်ရှိသော ကိုင်းများကို ဖြတ်ပေးရမည်။အကိုင်းများ မဖြတ်ခင် ရေဝပ်ကျင်းပြင်ခြင်း၊ အပင်အစာကျွေးခြင်းများ ဆောင်ရွက်ရမည်။ နဂါးမောက်ပင်သည် မိုးရာသီတွင် အသီးသီးပြီး ဆောင်းရာသီတွင် ပင်ပိုင်းကြီးထွားသည်။ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် အညွှန့်သစ်များ ထွက်လာပြီး မတ်၊ဧပြီလများတွင် အကိုင်းများ ရင့်လာသည်။ မေ၊ ဇွန်လများတွင် ၎င်းအကိုင်းများမှ အသီးများ သီးလာပါမည်။

နဂါးမောက်သီး(၁၀၀)ဂရမ်တွင်ပါဝင်သာအာဟာရဓါတ်များမှာ 

ရေဓါတ်         ၈၇  ဂရမ်

အသားဓါတ် ၁.၁ ဂရမ်

အဆီဓါတ်     ၀.၄ဂရမ်

ကဆီဓါတ်         ၁၁.၀ ဂရမ်

အမျှင်ဓါတ်         ၀.၃ဂရမ်

ဘီတာမင် B1 ၀.၀၄ မီလီဂရမ်

ဘီတာမင် B2 ၀.၀၅ မီလီဂရမ်

ဘီတာမင် B3 ၀.၁၆ မီလီဂရမ် 

ဘီတာမင် C ၂၀.၅ မီလီဂရမ်

ကယ်လ်ဆီယမ် ၈.၅ မီလီဂရမ်

သံဓါတ်         ၁.၉မီလီဂရမ်

ဖော့စရပ်         ၂၂.၅ မီလီဂရမ်