စပျစ်စိုက်ပျိုးနည်း

  • Sun, 26 June 2022


မြန်မာအမည်     - စပျစ်

အင်္ဂလိပ်အမည်     - Grape

ရုက္ခဗေဒအမည်      - Vitisspp

မျိုးရင်းအမည်        - Vitaceae

နောက်ခံသမိုင်း

အီဂျစ်နိုင်ငံတွင် ဘီစီ(၂၄၄၀)ခုနှစ်ကပင် စပျစ်ကို စနစ်တကျစိုက်ပျိုးလာခဲ့သည်။ဥရောပတိုက်ရှိဂရိ၊ရောမနှင့်ပြင်သစ်နိုင်ငံတောင်ပိုင်းသို့ဘီစီ(၆၀၀)ခန့်ကပင်ဝိုင်စပျစ်ပင်များရောက်ရှိနေပြီဖြစ်ပါသည်။မြန်မာနိုင်ငံတွင်စပျစ်ပင်အား စနစ်တကျစိုက်ပျိုးခြင်းကို လယ်ယာနှင့်သစ်တောဝန်ကြီးဌာနအောက်ရှိမြေယာကျေးလက်ကြီးပွားရေးကော်ပိုရေးရှင်း (မြေကျေးရှင်း)မှကျောက်ပန်းတောင်းမြို့နယ် ၊ဆည်ပေါက်ကျေးရွာရှိဆည်ပေါက်စပျစ်ခြံတွင်(၁၉၅၉)ခုနှစ်က စတင်စိုက်ပျိုးရာမှ စတင်ခဲ့ခြင်းဖြစ်ပါသည်။

မြေအမျိုးအစား

စပျစ်ကိုစိမ့်စွဲသော မြေ၊ဆားငန်မြေမှအပမြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်ပါသည်။အပေါ်ယံမြေသား ထူသောသဲနုန်းမြေသည် စပျစ်စိုက်ပျိုးရန်အကောင်းဆုံးဖြစ်ပါသည်။မြေအချဉ်အငန်ဓါတ်pH(၅‒၈)ရှိသောမြေမှာစပျစ်စိုက်ပျိုးရန်အသင့်တော်ဆုံးဖြစ်ပါသည်။

ရာသီဥတု

စပျစ်သည်ပူနွေးသောရာသီဥတုကိုကြိုက်နှစ်သက်သည်။မိုးရေချိန်လက်မ(၄၀)ထက်မပိုသောရွာသွန်းသည့်ဒေသများတွင် စိုက်ပျိုးရန်သင့်တော်သည်။လိုအပ်သောအချိန်တွင်သွင်းရေပေးနိုင်သောနေရာဖြစ်ရမည်။

မျိုးများ

မြန်မာနိုင်ငံတွင်အဓိကအားဖြင့်စားစပျစ်(Table.Type)နှင့်ဝိုင်စပျစ်မျိုး(WineType)ဟူ၍နှစ်မျိုးစိုက်ပျိုးကြသည်။

မြန်မာနိုင်ငံရှိအကောင်းဆုံးစားစပျစ်မျိုးများမှာ-

(1) ItalyNo-3

(2)Big Black

(3)Red Queen

(4)RedGlobe

(5)Cardinal

(6)သီးချွန်းညို(Pizzutello-Nero)

(7)အီတလီယားစသည်တို့ဖြစ်သည်။

ဝိုင်ထုတ်ရန်မျိုးများမှာ-

(1)Syrah (red wine)

(2)Chasselas

(3)Dornfelder(red wine)

(4)Tempranillo

(5)Cabernet sauvignon(red wine)

(6)Sauvignon blanc (white wine)

စိုက်စနစ်ရွှေးချယ်ခြင်း

(၁)စင်တင်စိုက်ပျိုးနည်း(arbor system)

ပင်ကြား×တန်းကြား(7.5'×7.5')

တစ်ဧကဝင်ဆံ့ပင်ရေ -၇၇၄ပင်

(၂) Y-ပုံစံစိုက်ပျိုးနည်း(Y-System)

ပင်ကြား×တန်းကြား (5'×9')

တစ်ဧကဝင်ဆံ့ပင်ရေ -၉၆၈ပင်

(၃) T-စိုက်ပျိုးနည်း(T-System)

ပင်ကြား×တန်းကြား (5'×11')

တစ်ဧကဝင်ဆံ့ပင်ရေ -၇၉၂ပင်

(၄)လေးကိုင်းတန်းတင်စိုက်ပျိုးနည်း(Kniffin System)

ပင်ကြား×တန်းကြား (5'×9')

တစ်ဧကဝင်ဆံ့ပင်ရေ -၉၆၈ပင်

(၅)ပင်ထောင်စိုက်ပျိုးနည်း(Head training System)

ပင်ကြား×တန်းကြား(12'×6')

တစ်ဧကဝင်ဆံ့ပင်ရေ -၆၀၅ပင်

စိုက်ပျိုးခြင်း

၂ပေပတ်လည်စိုက်ကျင်းကိုတစ်လကြိုပြင်ပါ။စိုက်ကျင်းထဲသို့နွားချေး၊မြေဆွေးနှင့်(၁၅:၁၅:၁၅)ကွန်ပေါင်းမြေသြဇာ(၁၀၀‒၂၀၀)ဂရမ်ထည့်ပါ။မြေအောင်းပိုးသတ်ဆေးကိုစိုက်ကျင်းတစ်ကျင်းလျှင်(၁၀)ဂရမ်ထည့်ပါ။(၁လခွဲ၂လ)သားပျိုးပင်များကိုစိုက်ကျင်းတစ်ကျင်းလျှင်တစ်ပင်နှုန်းစိုက်ပါ။

အပင်ပြုစုခြင်း

ရေကို(၃‒၅)ရက်ခြား(၁)ကြိမ်လောင်းပါ။ အပင်ငယ်စဉ်တွင်(၁၅:၁၅:၁၅)နှင့် ပုလဲဓာတ်မြေသြဇာဆတူရော၍ တစ်ပင်လျှင်(၁၀)ဂရမ်နှုန်း တစ်ပတ်တစ်ကြိမ် စင်ပေါ်မရောက်ခင် ကျွေးပါ။ပင်ခြေပေါင်းရှင်းခြင်းကိုအမြဲမပြတ်ဆောင်ရွက်ပါ။ စိုက်ပြီးနှစ်ပတ်သားတွင် အပင်ဘေးနားကပ်၍ တိုင်ထောင်ကြိုးချည်ပေးပါ။ မလိုအပ်သော ကြားအညွန့်များကို ခြွေပစ်ပါ။ စိုက်ပြီး(၂)လခွဲ(၃)လ စပျစ်ပင်စင်ပေါ်ရောက်ချိန်တွင် ခေါင်နှိမ်၍ သီးကိုင်းမွေးပါ။ အနည်းဆုံးသီးကိုင်း(၂၀‒၃၀)ရအောင်မွေးပါ။

သီးကိုင်းဖြတ်ခြင်း

စပျစ်ပင်ကို များသောအားဖြင့် သီးကိုင်းမွေးချိန်(မတ်လ‒ဧပြီလ) ကိုင်းဖြတ်ရာတွင် စပျစ်ကိုင်းကို(၁)ဆစ်မှ(၃)ဆစ်ချန်၍ ကိုင်းဖြတ်ပြီး၊အသီးယူချိန် (အောက်တိုဘာ‒နိုဝင်ဘာလ)ကိုင်းဖြတ်ချိန်တွင် စပျစ်ကိုင်းကို(၃‒၈)ဆစ်အထိချန်၍ ကိုင်းဖြတ်ပေးရန်လိုအပ်သည်၊၊

အပင်ပြုစုခြင်း( သီးကိုင်းဖြတ်ခြင်း)

ကိုင်းဖြတ်ပြီး (၇‒၁၀) ရက်အတွင်းအညွန့်ဖူး Bud လေးများစတင်ထွက်လာသည်။ ထိုအချိန်တွင် GibberellicAcid(GA3) ကိုရာသီဥတုအပူအအေးပေါ် မူတည်၍ ဖျန်းပေးပါ။ရာသီအေးလွန်းလျှင် (GA3) ကိုတစ်ပတ်နှစ်ကြိမ်ဖျန်းပါ။ ကိုင်းဖြတ်ပြီး (၁၅‒၁၈) ရက်သား အညွန့်အဖူးစုံချိန်တွင် ပုလဲမြေသြဇာကို တစ်ပင်လျှင်နို့ဆီ (၁)ဘူးနှုန်းထည့်၍ ရေများများလောင်းပါ။ ကိုင်းဖြတ်ပြီး (၂၅)ရက်သားတွင် မလိုအပ်သောအညွန့်အတက်များကို ခြွေပစ်ပါ။ ကိုင်းဖြတ်ပြီး(၁)လသားတွင် ပန်းစပွင့်ပြီး တစ်ပတ်အတွင်း ပန်းပွင့်စုံသည်။ကိုင်းဖြတ်ပြီး(၂)လသားတွင် မလိုအပ်သော အညွန့်များကိုခြွေပစ်ပါ။ အပင်အားဆေးနှင့် ရွက်ဖျန်းမြေသြဇာများကို သီးကိုင်းဖြတ်ပြီး (၁၅‒၂၀) ရက်သားမှစ၍ နှစ်ပတ်တစ်ကြိမ် (၂)လခွဲသားအထိ ဖျန်းပါ။(၆၅)ရက်သားတွင် သီးညှပ်ခြွေပါ။ ကိုင်းဖြတ်ပြီး(၁၅)ရက်သားမှစ၍ တစ်ပတ်တစ်ကြိမ် အသီးရင့်သည်အထိရေလောင်းပါ။ ပန်းပွင့်ချိန်သည်ရေနှင့်အစိုဓာတ် အလိုအပ်ဆုံးအချိန် ဖြစ်သဖြင့်ရေကို ဂရုစိုက်လောင်းပါ။ ပန်းပွင့်ချိန်မိုးရွာလျှင် အပွင့်များပျက်စီးတတ်သဖြင့် ရာသီဥတုနှင့်ချိန်ညှိ၍ ကိုင်းဖြတ်ပေးရသည်။

မြေဩဇာထည့်သွင်းခြင်း

သီးကိုင်း မဖြတ်မီတစ်လ ကြိုတင်၍ နွားချေးမြေသြဇာကို တစ်ပင်လျှင် တစ်တင်းနှုန်းထည့်ပါ။သီးကိုင်းမဖြတ်မီ(၇‒၁၀)ရက် ကြို တင်၍ (၁၅:၁၅:၁၅) ကွန်ပေါင်းမြေသြဇာကို တစ်ပင်လျှင်နို့ဆီဗူး (၁‒၂) ဗူးနှုန်းထည့်ပြီး ရေလောင်းပါ။ အညွန့်အဖူးစုံချိန်(၁၅)ရက်သားခန့်တွင် ပုလဲမြေသြဇာကို တစ်ပင်လျှင်နို့ဆီဗူး (၁) ဗူးနှုန်း ထည့်၍ ရေလောင်းပါ။ သီးကင်းစ (၄၅) ရက်သားတွင် တစ်ကြိမ်၊ (၆၅‒၇၀) ရက်သားတွင်တစ်ကြိမ် (၁၅:၁၅:၁၅ ) ကွန်ပေါင်းမြေသြဇာကိုကျွေးပါ။

ပိုးမွှားရောဂါ

စပျစ်ကိုင်းဖြတ်ပြီး အညွန့်အဖူးထွက်ချိန်တွင် ကျိုင်းကောင်ငယ်များ ကျရောက်တတ်သည်။ အဖူးဖူးချိန်နှင့် ပွင့်သီးချိန်တို့တွင် ခြစ်စားပိုးနှင့်သီးလုံးဖောက်ပိုးများ ကျရောက်တတ်သည်။ အသီးရင့်မှည့်စတွင် ပျနှင့်မွှားပင့်ကူနီတို့ ကျရောက်တတ်သည်။ စပျစ်တွင်အဓိက ကျရောက်သောရောဂါများမှာ မှဲ့ပြောက်စွန်း၊ ဒေါင်းနီးမှိုနှင့် ဖားဥမှိုရောဂါတို့ဖြစ်သည်။ ကိုင်းဖြတ်ပြီး (၁၅)ရက်မှ(၄၅)ရက်သားအတွင်း သီးကိုင်းမရင့်မှီနှင့်အရွက်နုချိန်တို့တွင် မိုးများ၊ မိုးစွေနေလျှင်(သို့) နှင်းခါးကျရောက်လျင် မှဲ့ပြောက်စွန်းရောဂါ ဆိုးရွားစွာကျရောက်တတ်သည်။ လေထုစိုထိုင်းဆနည်းချိန်တွင် ဖားဥမှိုရောဂါ ကျရောက်တက်သည်။ သီးကင်းဝင်စ (၄၀/၄၅)ရက်သားမှ ရက်(၉၀) အသီးမှည့်ခါနီး အချိန်ထိ ဖားဥမှိုရောဂါ ကျရောက်နိုင်သည်။ သီးကိုင်းမဖြတ်မီ အပင်ပေါ်ရှိ အရွက်များ မကြွေကျစေရန်နှင့် အညွန့်သစ်များထပ်မံ၍ မထွက်လာစေရန်အတွက် ဘော်ဒိုဆေးရည်ကို (၅:၅:၅၀)(သို့)(၈:၈:၅၀) နှုန်းဖြင့် ပက်ဖျန်းပေးရသည်။ ရောဂါမကျရောက်စေရန်အတွက် ဘော်ဒိုဆေးရည်ကို ပန်းပွင့်ချိန်မှလွဲ၍ ပက်ဖျန်းပေးနိုင်သည်။

အသီးဆွတ်ခူးချိန်

ကိုင်းဖြတ်ပြီး (၃)လခွဲတွင် စတင်ရင့်မှည့်သည်။ (၄လ‒၄လခွဲ)တွင် သီးခိုင်တစ်ခုလုံး အမှည့်အရောင်ညီလျှင် ဆွတ်ခူးနိုင်သည်။ မိုးတွင်းကာလတွင် ရင့်မှည့်ချိန်စောပြီး ဆောင်းကာလတွင် ရင့်မှည့်ချိန် နောက်ကျသည်။အသီးဆွတ်ခူးချိန် သီးခိုင်အတွင်းရှိ မလိုအပ်သော လုံးပိန်လုံးညှပ်များကို ခြွေပေးရသည်။ဆွတ်ခူးပြီးသော အသီးများကို ဂျပ်ဖာများ(သို့)ပလပ်စတစ်ခြင်းများတွင် ဖော့(သို့)စက္ကူများ ခံ၍သေချာစွာ ထုတ်ပိုးပြီးစျေးကွက်သို့ တင်ပို့ရသည်။ စပျစ်သီးကို ပုံမှန်အခန်းအပူချိန်တွင် ထားပါက(၃‒၅)ရက်ထိ ထားနိုင်ပြီး ရေခဲသေတ္တာထဲ ထားပါက(၅‒၁၀)ရက်ထိ ထားနိုင်သည်။(၀°C)(၁°C)တွင် သိုလှောင် သိမ်းဆည်းထားပါက (၆)လအထိ ထားရှိနိုင်ပါသည်။