လိမ္မော်စိုက်ပျိုးနည်း

  • Sun, 26 June 2022


                                                 

မြန်မာအမည်    - လိမ္မော်

အင်္ဂလိပ်အမည်  - Mandarin

ရုက္ခဗေဒအမည် - Citrus spp

မျိုးရင်းအမည်    - Rutaceae

လိမ္မော်တွင်ခွံပွမျိုး၊ ခွံကျစ်မျိုး၊ လိမ္မော်ချဉ်မျိုးဟူ၍ သုံးမျိုးရှိသည်။ ခွံပွမျိုးတွင်(Mandarin)မျိုးမှာ အဝါရောင်၊ လိမ္မော်နုရောင် ရှိသည်။ဥပမာ ဂျပန်မျိုးဆပ်ဆုမာ(Satsuma)၊ တန်ဂျရင်း (Tangarine)မျိုး၏ အခွံရောင်မှာလိမ္မော်ရောင်ရင့်ရင့် (သို့မဟုတ်) အနီရောင်ဖြစ်သည်။ဥပမာ - အမေရိကန်မျိုးဒန်စီ (Dancy) ၊ခွံကျစ်လိမ္မော်တွင် ချက်ပါသောမျိုး(ချက်ပြဲ)ဥပမာ - ဝါရှင်တန်နေဗယ် (Washinton Navel)၊အများသုံးမျိုး (Common Orange)ဥပမာ-ဗာလင်းစီးယား(Valencia)၊ပတ္တမြားလိမ္မော်မျိုး(Blood Orange)ဥပမာ-(Ruby)၊လိမ္မော်ချဉ်မျိုး၊ဥပမာ-ချင်နိုတို (Chinnoto)၊ဘူကေး(Bouquet)၊မြန်မာနိုင်ငံတွင်အဓိကစိုက်ပျိုးသောလိမ္မော် မျိုးများမှာဆပ်ဆုမာ(Satsuma)၊ (PonKan)၊(Honey)၊နှင့်Phu Thong မျိုးများဖြစ်သည်။ဆပ်ဆုမာမျိုးမှာ သီးလုံးအရွယ်အလတ်စား ဖြစ်ပြီးအရသာချို၍ အနံ့သင်းသည်။အသီးပေါ်ချိန် စောသည်။အပင်ပေါ်တွင် တာရှည်အထားမခံသော်လည်း ဆွတ်ခူးပြီးလျှင် တာရှည်အထားခံသည်။ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးသည်။ PonKan မျိုးကို ဒေသမျိုးဟု ခေါ်ဆိုပြီး ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့်စစ်ကိုင်းတိုင်းတို့တွင် အများအပြား စိုက်ပျိုးသည်။Honey မျိုးမှာထိုင်းနိုင်ငံမှ တင်သွင်းသောမျိုးဖြစ်ပြီး အနံ့အရသာကောင်းပြီး အလွန်ချိုသည်။ပူနွေးသောဒေသများတွင် စိုက်ပျိုးရန် အသင့်တော်ဆုံးဖြစ်သည်။Phu Thong မျိုးမှာထိုင်းနိုင်ငံမှ တင်သွင်းသော မျိုးဖြစ်သည်။သီးထွက်အား ကောင်းမွန်ပြီး မြေပြန့်ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းသည်။

မြေအမျိုးအစား

မြေသားထုနက်ပြီး သဲကဲ့သို့ မဖွာ၊စနယ်ကဲ့သို့ မစေးသောမြေမျိုးတွင် အပင်ကောင်းစွာ ဖြစ်ထွန်းသည်။လိမ္မော်စိုက်ပျိုးရန် အသင့်တော်ဆုံးသောမြေချဉ်ငံဓာတ်မှာ pH(၆၇) ဖြစ်သည်။ရေဝပ်သောမြေနှင့် စိမ့်ပေါက်သောမြေတို့တွင် အပင်မဖြစ်ထွန်းနိုင်ပါ။

ရာသီဥတု

လိမ္မော်ပင်အတွက် အသင့်တော်ဆုံးသော ပျမ်းမျှအပူချိန်မှာ(၇၀)°Fမှှ(၉၀)°F အတွင်းဖြစ်သည်။အပူချိန်မလုံလောက်လျှင် အသီးမချိုခြင်း၊ ရင့်မှည့်မှုပုံမှန် မဟုတ်ခြင်းများကြုံတွေ့ရနိုင်ပြီးတာ ရှည်အပူချိန်များနေလျှင်လည်း အသီးမတင်နိုင်ခြင်း၊ အသီးနေလောင်ခြင်းများ ဖြစ်နိုင်သည်။အသီးအရသာချိုစေရန်အတွက် နေရောင်ခြည်အပြည့်အဝ ရရန်လိုအပ်သည်။ အချို့မျိုးများသည် အအေးဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း ရေခဲမှတ်အောက်ရောက်ရှိသော အချိန်တွင်(၃-၄)နာရီသာ ခံနိုင်ကြသည်။ဆောင်းတွင်းအအေးဒဏ်ခံနိုင်ရန်အတွက် သုံးလကြိုတင်၍ နိုက်ထဂျင်မြေဩဇာ ကိုကိုမထည့်သင့်ပါ။

အောက်ခံပင်

အပင်နှင့် အသီးဖြစ်ထွန်းမှု၊ရာသီဥတုနှင့် ရောဂါဒဏ်ခံနိုင်မှုတို့အတွက် အောက်ခံပင်သည် အဓိကကျသည်။ထရွိုင်ယာ(Troyer)နှင့်ကာရီဇို(Carizo)မျိုး၊(ရွက်သုံးခွလိမ္မော်)နှင့် ကမ္ဗလာစပ်မျိုးများသည် အကောင်းဆုံးအောက်ခံမျိုးများ ဖြစ်သည်။ခေါင်ညွန့်နှင့်အမြစ်တို့တွင် ကျရောက်တတ်သော ရောဂါကိုခံနိုင်ရည်ရှိပြီး အရည်အသွေးအကောင်းဆုံးအသီးများ ကိုရရှိစေသည်။ရွက်သုံးခွလိမ္မော် (Trifoliate)သည် အအေးဒဏ်ကိုအခံနိုင်ဆုံးဖြစ်ပြီး၊ အမြစ်ရောဂါဒဏ်ခံနိုင်ခြင်း၊ ရာသီချိန်စော၍ အသီးရင့်မှည့်စေခြင်းတို့ကြောင့် အေးသောဒေသတွင် အကောင်းဆုံး အောက်ခံပင်မျိုးဖြစ်သည်။ လိမ္မော်ချဉ်မျိုး(Serville)သည် ရေသောက်မြစ်ရှည်ပြီးအကြမ်းခံနိုင်သည်။သီးထွက်ကောင်းစေခြင်း၊ အခွံပါးပြီး အရည်ရွှမ်းစေခြင်း တို့ကြောင့်အောက်ခံပင်အဖြစ် အသုံးပြုကြသည်။

စိုက်ကျင်းတူးခြင်း

စိုက်ကျင်းများကို မစိုက်ပျိုးမီသုံးလခန့် ကြိုတင်ပြီးတူးရမည်။စိုက်ကျင်းအရွယ်အစား နှစ်ပေပတ်လည်နှစ်ပေအနက် တူး၍ စိုက်ကျင်းထဲသို့ နွားချေးနှင့်မြေဆွေးကို စိုက်ကျင်းအထက်(၄)လက်မခန့် မောက်အောင်ဖို့ပြီး မြေနှပ်ပေးထားရမည်။ပင်ကြား ၊တန်းကြားအကွာအဝေးအား မိမိစိုက်ပျိုးမည့် မျိုးအပေါ်မူတည်၍ ထားရှိရမည်။အပင်အရွယ်ရောက်ချိန်(စိုက်ပြီးခြောက်နှစ်သားခန့်)တွင် တစ်ပင်နှင့်တစ်ပင် ထိမနေစေရန် လိုအပ်သည်။ခွံပွလိမ္မော်မျိုးတွင် (၁၂'x၁၂')နှင့်ခွံကျစ်လိမ္မော်မျိုးအတွက်(၁၆'x၁၈')ခန့်ထားရမည်။

စိုက်ပျိုးခြင်း

ပျိုးပင်သက်တမ်းသည် အနည်းဆုံးတစ်နှစ်ခွဲသားမှ နှစ်နှစ်သားခန့်(အောက်ခံပင်တစ်နှစ်ခွဲသားနှစ်နှစ်သား၊ကိုင်းဆက်ပင်ခြောက်လသားတစ်နှစ်သား)ရှိမှ စိုက်ပျိုးသင့်သည်။ မိုးရွာသွန်းမှုအပေါ် မူတည်ပြီးဇွန်၊ဇူလိုင်၊ဩဂုတ်လများတွင် စိုက်ပျိုးရမည်။စိုက်ပျိုးရာတွင် ကော်လာ(မူလမျိုးထုပ်တွင်ပင်စည်ကိုမြေဖုံးအုပ်ထားသောနေရာ) ကိုဖုံးအုပ်မိရုံသာ မြေပြန်ဖုံးပြီးစိုက်ရမည်။ကိုင်းဆက်ပင်ကို စိုက်ပျိုးပါက တစ်ကိုင်းတည်းသာထားသင့်ပြီး ၎င်းကိုင်းကိုလည်း အဆစ်ငါးဆစ်မှခုနှစ်ဆစ်ခန့် (၈"-၁၂")သာချန်ပြီး အဖျားပိုင်းကိုဖြတ်ပေးရမည်။

ရေသွင်းခြင်း

မိုးရာသီဖြစ်သည့်တိုင် ခုနှစ်ရက်ခန့်မိုးပြတ်လှျင် ရေသွင်းပေးရမည်။နွေနှင့်ဆောင်းတွင် ရာသီဥတုပေါ်မူတည်၍(၃‒၇)ရက်ခြားတစ်ကြိမ်ရေသွင်းရမည်။အပင်ငယ်လျှင်(၂)ပေမှအပင်ကြီးလျှင်(၄)ပေကျော်အထိမြေ ကြီးထဲသို့စိမ့်ဝင်အောင်ရေသွင်းပါ။ 

ပေါင်းရှင်းခြင်း

အပင်ခြေပေါင်းကိုအမြဲရှင်းထားရမည်။အပင်ငယ်လျှင်(၂)ပေပတ်လည်ခန့်မှအပင်ကြီးလျှင်(၄)ပေပတ်လည်ခန့်အထိပေါင်းရှင်းပေးရမည်။

မြေဩဇာကျွေးခြင်း

သဘာဝမြေဩဇာကို အပင်ငယ်လျှင်(၁)ပြည်မှ အပင်ကြီးလျှင်(၁)တင်းအထိ ထည့်သွင်းနိုင်သည်။သဘာဝမြေဩဇာကျွေးရာတွင် ပင်ခြေမှ(၄)လက်မခန့်ခွာပြီး ဘေးသို့(၂-၃-၄)ပေအထိဖြန့်၍မြေကြီးနှင့်ရော၍ ကျွေးရမည်။ဓာတ်မြေဩဇာထည့်သွင်းရာတွင် (N꞉P꞉K)အချိုးအား(၂꞉၁꞉၁)ဖြင့် မတ်၊မေ၊ဇူလိုင်လများတွင် ကျွေးပေးရမည်။အနည်းလိုအဟာရဓာတ်များကို(Foliar apply) ဖြင့်ထည့်သွင်းပေးနိုင်သည်။

ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းခြင်း

ရွက်ထွင်းပိုး၊ပျ၊ပိုးစေးနဲ၊မွှားပင့်ကူနီ၊ဒက်ပိုး၊လှေပိုးများသည်လိမ္မော်တွင်အများဆုံးကျရောက်တတ်သဖြင့်ပင်လုံးပြန့်ပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့်ကာကွယ်နှိမ်နင်းနိုင်သည်။အခေါက်ကွဲ၊အ မြစ်ပုပ်နှင့်ပင်ခြေပုပ်ရောဂါတို့ကျရောက်တတ်ပြီးသီးလုံးပုပ်ရောဂါ၊ရွက်ပြောက်မှိုရောဂါနှင့်လောင်မီးဘက်တီးရီးယားရောဂါများမကျရောက်စေရန်ဘော်ဒိုဆေးရည်ကိုစနစ်တကျဖျော်စပ် ၍နည်းစနစ်မှန်ကန်စွာဖြင့်မကြာခဏပက်ဖျန်းပေးရမည်။

အသီးခူးခြင်း

မြန်မာနိုင်ငံတွင် လိမ္မော်ကို ရာသီဥတုပေါ်မူတည်၍ အောက်တိုဘာမှဒီဇင်ဘာလအထိ အသီးများဆွတ်ခူးနိုင်ပါသည်။သီးခွံအရောင်သည် ရာသီဥတုပေါ် မူတည်ပါသည်။ရာသီဥတုပူပြင်းလျှင် သီးခွံအရောင်နုခြင်း၊ အစိမ်းရောင်မပျောက်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။အသီးခူးရာတွင် တစ်လုံးခြင်းစနစ်တကျခူးဆွတ်မှသာ အသီးလည်းလှ အပင်လည်းမနာပဲ ဈေးကောင်းရမည်ဖြစ်သည်။လိမ္မော်သည် စနစ်တကျစိုက်ပျိုးပါက တစ်ပင်လျှင်အသီး(၈၀)လုံးမှ(၁၅၀) လုံးအထိရရှိနိုင်သည်။ တစ်ပင်ခြင်းအလှစိုက်ပါက အသီးများစွာရရှိနိုင်သည်။