နာနတ်စိုက်ပျိုးနည်း

  • Sun, 26 June 2022


မြန်မာအမည် - နာနတ်

အင်္ဂလိပ်အမည်         - Pineapple

ရုက္ခဗေဒအမည်         - Annaascomosus

မျိုးရင်းအမည် - BROMELIANCEAE

မျိုးများ

နာနတ်သီးတွင် မျိုးအုပ်စု(၃)ခု ရှိပါသည်။Cayenne အုပ်စုသည် အဓိကအရေးပါသော အုပ်စုဖြစ်ပြီး Kew မျိုးများပါဝင်သည်။ အသီးအရွယ်အစား (၂.၅‒၃.၅)ကီလိုဂရမ်အထိ ကြီးမားပြီး စည်သွပ်ရန် သင့်တော်သည်။အသားအဝါရောင်ရှိ၍ အရည်ရွှမ်းသည်။ အရွက်၏ အဖျားပိုင်း ရွက်နားတွင်သာ ဆူးအနည်းငယ်ပါရှိပါသည်။(Queen) အုပ်စုတွင် ပါဝင်သောမျိုးများမှာ အရွယ်အစားသေးငယ်ပြီး လတ်လတ်ဆတ်ဆတ် စားသုံးရန်အတွက် ဖြစ်သည်။အသီးအရွယ်အစား (၀.၄၅-၂.၇)ကီလိုဂရမ်အထိ ရှိပါသည်။အရွက်နား တစ်လျောက်တွင် ဆူးများပါရှိပါသည်။ Spanish အုပ်စုမျိုးများမှာ အသားအဖြူရောင် ရှိပါသည်။အခြားမျိုးများထက်ပို၍ အပင်သန်စွမ်းပြီး ရောဂါဒဏ်ခံနိုင်ရည် ရှိပါသည်။အပင်သက်တမ်းရှည်ပြီး အသီးအလေးချိန် (၀.၉‒၁.၄)ကီလိုဂရမ်ထိ ရှိပါသည်။အရည်အသွေးအနေဖြင့် စည်သွပ်ရန် မသင့်တော်ပါ။

မြေအမျိုးအစား

မြေဆီဩဇာ ထက်သန်ပြီး ရေစိမ့်ဝင်မှုကောင်းသော သဲဆန်သောမြေ၊ နုန်းမြေနှင့် ဂဝံမြေနီများသည် နာနတ်စိုက်ပျိုးရန် သင့်တော်သည်။ ရွှံ့စေးမြေနှင့် ရေဝပ်မြေများတွင် စိုက်ပျိုးရန် မသင့်တော်ပါ။ နာနတ်အတွက် အသင့်တော်ဆုံးသော မြေချဉ်ငံဓာတ်မှာ pH (၅.၅-၆)ဖြစ်သည်။

ရာသီဥတု

အပူပိုင်းရာသီဥတုကို နှစ်သက်သည်။ အပူချိန်(၁၅.၅-၃၂°C)တွင် ကောင်းစွာဖြစ်ထွန်းသည်။ပင်လယ်ရေမျက်နှာပြင်အထက်(၄၈၈၀)ပေအထိစိုက်ပျိုးနိုင်သည်။ပျမ်းမျှမိုးရေချိန်(၆၀)လက်မရရှိသောဒေသများတွင် အကောင်းဆုံးဖြစ်ထွန်းသည်။

မျိုးများ

ထင်ရှားသောမျိုးများမှာဟင်္သာတနိဗ္ဗာန်မျိုး၊သီပေါမျိုး၊မြစ်ကြီးနားမျိုး၊သထုံမျိုးနှင့်ထိုင်ဝမ်နာနတ်တို့ဖြစ်သည်။

မျိုးပွားခြင်း

အပင်ဖြစ်ထွန်းမှုမှာ စိုက်ပျိုးသည့်နာနတ်အမျိုးအစား၊ ပျိုးပင်အမျိုးအစားအပေါ် မူတည်ပါသည်။နာနတ်မျိုးပွားရာတွင် သားတက်များကို ပျိုးပင်အဖြစ် ဖြတ်ယူမျိုးပွားကြရသည်။မျိုးပွားနိုင်သော သားတက်(၃)မျိုးရှိပါသည်။ နာနတ်ပျိုးပင်ကို-

   ၁။ Slip         အသီးအောက်မှထွက်သောသားတက်

   ၂။ Sucker ပင်စည်မှထွက်သောသားတက်

   ၃။ Crown အသီးအပေါ်မှထွက်သောအပင်

(နာနတ်ခေါင်း)

အသီးအောက်မှထွက်လာသော သားတက်များ (Slip) စိုက်ပျိုးခြင်းသည် ပင်စည်မှထွက်လာသော သားတက် (Sucker) စိုက်ပျိုးခြင်းထက် ပိုကောင်းသည်။ Slip နှင့် Sucker စိုက်ပျိုးခြင်းသည် အသီးပေါ်ရှိအပင်(Crown)စိုက်ပျိုးခြင်းထက် ပိုကောင်းပါသည်။ (Slip) မရနိုင်ပါကအလေးချိန် (၅၀၀)ဂရမ်ရှိ (sucker)များကို စိုက်ပျိုးခြင်းက အကောင်းဆုံးဖြစ်သည် ။Slip အထွက်များသော မျိုးဖြစ်ပါကအလေးချိန်(၃၅၀)ဂရမ်ရှိသော slipသီးများ သီးသည်။ Sucker ဖြင့်စိုက်ပျိုးပါက slip ထက်သီးပွင့်မှု ပိုစေပါသည်။ နာနတ်ခေါင်းဖြင့် စိုက်ပျိုးပါက အသီးထွက်ရက် (၇၀)ခန့်နောက်ကျပါသည်။ အချို့မျိုးများတွင် slip မထွက်ပါ။စိုက်ပျိုးသည့် သားတက်အမျိုးအစားကွဲပြားပါက အပင်ကြီးထွားမှုမညီမညာဖြစ်ကာ အသီးအထွက်လည်းမညီညာပါ။ သားတက်များဖြင့် စိုက်ပျိုးခြင်းအပြင် Tissue  culture ပျိုးပင်နာနတ်ခေါင်းမှအရွက်များကို ဖြတ်တောက်ပျိုးထောင်ထားသော ပျိုးပင်များကိုလည်း အသုံးပြုစိုက်ပျိုးနိုင်ပါသည်။ 

မြေပြုပြင်ခြင်း

ကောင်းစွာ ထယ်ထိုးထွန်မွှေထားသော မြေပေါ်တွင် စိုက်ဘောင်အနံ(၃)ပေ၊ အမြင့်(၆)လက်မရှိ စိုက်ဘောင်များကို တစ်ဘောင်နှင့်တစ်ဘောင်(၅)ပေခြား၍ ပြုလုပ်ပါ။ဘောင်ဆွဲစဉ်မြေခံအဖြစ် နွားချေး၊ယူရီးယား၊တီစူပါ၊ ပိုတက်ရှ်မြေဩဇာများကို ထည့်သွင်းပြီး မြေပြုပြင်ရပါမည်။တောင်စောင်းဆင်ခြေလျှောများတွင် ၎င်းဆင်ခြေလျှောကို ကန့်လန့်ဖြတ်၍(၁)ပေခန့်ရှိ စိုက်မြောင်းများ ဖော်ရပါမည်။

စိုက်ပျိုးခြင်း

တစ်ဘောင်နှင့်တစ်ဘောင်(၅)ပေခြားပြုပြင်ထားသောစိုက်ဘောင်များပေါ်တွင်တစ်ပင်နှင့်တစ်ပင်နှစ်ပေခြား၍စိုက်ပျိုးပါ။

မြေဩဇာကျွေးခြင်း

မြေခံအဖြစ် တစ်ဧကလျင် နွားချေး(၃၀၀)အိတ်၊ ယူရီးယား(၁.၅)အိတ်၊ တီစူပါ(၁)အိတ်၊ ပိုတက်ရှ်(၂)အိတ်နှုန်း အသုံးပြုပါ။သီးထွက်တစ်ရာသီအတွင်း တစ်ပင်လျင် ယူရီးယား(၂၅)ဂရမ်၊ ပိုတက်ရှ်(၂၀)ဂရမ် ကျွေးပါ။မြေညံ့လျင် တီစူပါ(၈)ဂရမ် ထည့်ပါ။ယူရီးယားကို နှစ်လခြားတစ်ကြိမ်ဖြင့် ခြောက်ကြိမ်၊ ပိုတက်ကို(၂)ကြိမ်ခွဲ၍ ထည့်ပါ။ထည့်ရမည့်တီစူပါအားလုံးနှင့် ပိုတက်ရှ်တစ်ဝက်ကို အပင်စိုက်ပျိုးချိန်တွင် ထည့်သွင်းပေးပြီး ကျန်တစ်ဝက်ကို အပင်စိုက်ပြီး(၆)လအကြာတွင် ထည့်ပေးပါ။

ပန်းပွင့်ရန်ဆောင်ရွက်ခြင်း

မြေဖို့ပေးခြင်း

အပင်များ အမြစ်ကောင်းစွာစွဲရန်နှင့် မယိုင်လဲစေရန်အတွက် အပင်ခြေကို မြေဖို့ပေးပါ။အသီးသီးပြီးသောအခါတွင် အပင်ခြေမှာ မြင့်တက်သွားသဖြင့် အပင်ခြေ မြေဖို့ခြင်းမှာ လမိုင်းခင်းများတွင် ပိုမိုအရေးကြီးပါသည်။အပင်သိပ်သည်းစွာ စိုက်ပျိုးသည့်စနစ်တွင် အပင်ခြေဘောင်တင်ခြင်းဖြင့် ပေါင်းမြက်ပေါက်ရောက်မှုကို လျော့ချနိုင်ခြင်း၊ အစိုဓာတ်ထိန်းပေးနိုင်ခြင်းနှင့် အပင်ယိုင်လဲမှုကိုလည်း ကာကွယ်ပေးပါသည်။ပေါင်းမြက်ပေါက်ရောက်မှု လျော့ချရန်နှင့် အစိုဓာတ်ထိန်းရန်အတွက် အနက်ရောင်ပလပ်စတစ်များကိုလည်း အသုံးပြုနိုင်ပါသည်။ ကောက်ရိုး၊မြက်ခြောက် ၊လွှစာမှုန့်၊ စပါးခွံတို့ဖြင့်လည်း အပင်ခြေနှင့်အပင်ကြားတွင်ဖုံးအုပ်ပေးနိုင်ပါ သည်။

သားတက်များနှင့် အသီးခေါင်းဖယ်ရှားခြင်း

ပန်းခိုင်ထွက်သည်နှင့်သားတက်များ စတင်ထွက်ရှိလာပါသည်။ အသီးကြီးထွားမှုနှင့်အတူ (slip)အသီးအောက်မှ သားတက်များလည်း စထွက်လာပါသည်။ အသီးအောက်မှ သားတက်များ(slip)ကို စိုက်ပျိုးရန်အရွယ်သို့ရောက်လျင်ရောက်ချင်း ဖယ်ရှားပြီး စိုက်ခင်းထဲသို့ ချစိုက်ပါ။ပင်စည်မှထွက်သေ ာသားတက်အရေအတွက်များလျှင် အသီးအလေးချိန် တိုးလာသဖြင့် ပင်စည်သားတက် ဖယ်ရှားခြင်းကို နောက်ကျနိုင်သလောက် နောက်ကျပြီးမှ ဖယ်ရှားနိုင်သော်လည်း(slip)များမှာ အသီးရင့်မှည့်မှုကိုနောက်ကျစေသဖြင့် အချိန်မီဖယ်ရှားပါ။ အသီးဆွတ်ခူးပြီးနောက် မိခင်အပင်တွင် သားတက်တစ်ခုသာ ချန်ထားပြီး ကျန်သားတက်များကို ချက်ချင်းဖယ်ရှားပေးပါ။ သားတက်များဖယ်ရှားပြီးလျှင် မြေဩဇာချက်ချင်ထည့်ပေးပြီး အပင်ခြေမြေဖို့ပေးပါ။ အသီးများကြီးထွားမှု လျှင်မြန်လာစေရန် အသီးထိပ်ခေါင်းအတွင်းရှိ အရွက်နုများကို စတီးဇွန်းဖင်ဖြင့် လှည့်ပြီး ချွေပစ်ရပါမည်။အပင်စိုက်ပြီး(၁၁‒၁၂)လ အကြာအရွက်ဦးရေ(၄၀)ထွက်ပြီးချိန်တွင် ပန်းစတင်ပွင့်ပါသည်။ ပန်းပွင့်မှုညီညာစေရန် အီသရယ်ဟော်မုန်းဆေး ၁၀၀ppm(ရေသန့်ဆယ်ဗူးလျှင်အီသရယ်(၁)စီစီနှုန်း)ဖျော်စပ်ပြီးအပင်၏ အလယ်တည့်တည့်သို့ (၅၀)စီစီနှုန်း လောင်းထည့်ပေးပါ။ ပိုးမွှား၊ ရောဂါများ ပူနွေးပြီးခြောက်သွေ့သောအခြေအနေနှင့် မိုးရာသီတွင် ရေစိမ်းဆင်းမှု မကောင်းခြင်းကြောင့် ပင်စည်အလယ်ပုတ်ရောဂါ ဖြစ်တတ်ပြီး အရွက်များစိမ်းဝါရောင် ပြောင်းခြင်းနှင့် ရွက်ဖျားများ အညိုရောင်ပြောင်းခြင်းများကို တွေ့ရတတ်သည်။အပင်၏ ဗဟိုစင်္ကြာရွက်များ အသာအယာ နှုတ်ကြည့်ပါက ကျွတ်ထွက်လာပါသည်။ရေစိမ့်စီးမှု ကောင်းအောင်ဆောင်ရွက်ပါ။သင့်တော်သော မှိုသတ်ဆေးများကို အလှည့်ကျ ပက်ဖျန်းပေးပါ။

ရိတ်သိမ်းခြင်း

အပင်စိုက်ပြီး (၁၀‒၁၂)လသားအရွယ်တွင် ပန်းစတင်ပွင့်ပါသည်။ ပန်းပွင့်ပြီး(၄‒၅)လသားတွင် ခူးဆွတ်ရိတ်သိမ်းနိုင်ပါသည်။လတ်လတ်ဆတ်ဆတ်စားသုံးရန်အတွက် အသီးများ ရွှေဝါရောင်ပြောင်းမှ ခူးဆွတ်လျှင်အကောင်းဆုံး ဖြစ်သည်။